close

တူးမြောင်း

close

February 22, 2023

ထိုင်းနိုင်ငံ၊ နခွန်ပထုန်ခရိုင်တူးမြောင်းထဲတွင် နေစရာမဲ့၊ စားစရာမဲ့ မြန်မာအမျိုးသား ၁ ဦး သေဆုံး

ထိုင်းနိုင်ငံ၊ နခွန်ပထုန်ခရိုင်၊ ဘန်လင်းမြို့နယ် အမှတ် ၇ ဘန်ပလာရပ်ကွက်ထဲက လယ်ယာစိုက်ပျိုးရေးအတွက် ပြုလုပ်ထားတဲ့ တူးမြောင်းတခုထဲမှာ မြန်မာနိုင်ငံသားတယောက် သေဆုံးနေတယ်လို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်းက ထိုင်းအမျိုးသားတဦး အဲဒီတူးမြောင်းထဲမှာ အထုပ်တထုပ်တွေ့လို့ ကြည့်ရာကနေ အခုလို သေဆုံးနေတာကို တွေ့ရှိခဲ့ပြီး ဘန်လင်းမြို့နယ်က တာဝန်ရှိသူတွေကို ဆက်သွယ်အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

ဘန်လင်းမြို့နယ် ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာနေရာကို သွားရောက်စစ်ဆေးခဲ့ပြီး သေဆုံးသူရဲ့ဘေးမှာ ထိုင်းဘာသာနဲ့ ရေးသားထားတဲ့စက္ကူ တွေ့ရှိခဲ့ပါတယ်။

စာမှာတော့ “ကျနော် မြန်မာပြည်က ရဟန်းတပါးဖြစ်တယ်။ နေစရာနေရာလည်းမရှိ၊ စားစရာလည်းမရှိ အခက်အခဲ ဖြစ်နေပါတယ်။ နေစရာ စားစရာလေး ပေးသနားကြပါ။ ဒီစာကို တွေ့တဲ့သူတွေ ကူညီနိုင်သူ ကူညီပေးကြပါ။ ထိုင်းစကားမတတ်လို့ ကူညီပေးကြပါ။ စာရေးပေးတဲ့သူကိုလည်း ကျေးဇူးတင်ပါတယ်။ ကူညီသူမရှိခဲ့ရင်တော့ ငြိမ်းချမ်းစွာ အနားယူပါရစေ” လို့ ရေးထားပါတယ်။

ရဲတပ်ဖွဲ့က စစ်ဆေးရာမှာတော့ သေဆုံးသူဟာ အသက် ၄၀ အရွယ် မြန်မာနိုင်ငံသား ကိုသန်းရွှေဖြစ်ပြီး သေဆုံးနေရာအနီးမှာ သေဆုံးသူပိုင်ဆိုင်တဲ့ အိတ်တလုံးနဲ့ အိတ်အတွင်းမှာ ဆေးရွက်ကြီးတွေ တွေ့ရပြီးတော့ အိတ်ထဲမှာပဲ မြန်မာနိုင်ငံသားမှတ်ပုံတင် တွေ့ရှိရလို့ မြန်မာနိုင်ငံသားဟုတ်တယ်လို့ အာဏာပိုင်တွေက အတည်ပြုပြောပါတယ်။

သေဆုံးရတဲ့ အကြောင်းအရင်းကို နခွန်ပထုန်ခရိုင်က ဆရာဝန်တွေနဲ့ ရဲတပ်ဖွဲ့တွေက ရှာဖွေနေပေမဲ့ မသိရှိရသေးတဲ့အတွက် ရင်ခွဲစစ်ဆေးဖို့ နခွန်ပထုန်ဆေးရုံကြီးကို ဒေသတွင်း လူမှုကူညီအသင်းကားနဲ့ ပို့ဆောင်ခဲ့ပါတယ်။

နခွန်ပထုန်ခရိုင်ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးကတော့ သေဆုံးသူဘေးမှာ တွေ့ရတဲ့စာအရ မိမိကိုယ်ကိုယ် အဆုံးစီရင်တာ ဖြစ်နိုင်တယ်လို့ ပြောဆိုထားပါတယ်။

10 mins Ago

November 13, 2022

အီဂျစ်မြောက်ပိုင်းရှိ တူးမြောင်းအတွင်း ဘတ်စ်ကား ပြုတ်ကျသဖြင့် ၁၉ ဦး သေဆုံး

အီဂျစ်နိုင်ငံမြောက်ပိုင်းက တူးမြောင်းတခုထဲကို ဘတ်စ်ကားတစီး နိုဝင်ဘာ ၁၂ ရက်မှာ  ပြုတ်ကျခဲ့တာကြောင့်  လူ ၁၉ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန က ပြောပါတယ်။

ခရီးသည် ၃၅ ဦးလောက် တင်လာတဲ့ ဘတ်စ်ကားဟာ အဝေးပြေးလမ်းမပေါ်မှာ လမ်းချော်ပြီး ဒါးခက်လေယာ ဒေသမြောက်ပိုင်း အုပ်ချုပ်ရေးမှူးရုံးရှိရာ အဂ္ဂါမြို့ မန်ဆူရိယ တူးမြောင်းထဲ ပြုတ်ကျခဲ့တာလို့ လုံခြုံရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

"ဒဏ်ရာရသူတွေမှာ ကျောရိုးကျိုးတဲ့ ဒဏ်ရာတွေရပြီး အဆင့်မြင့် ဆေးဘက်ဆိုင်ရာ ပံ့ပိုးမှုတွေအတွက် မန်ဆောင်ရာ ဆေးရုံကို ပို့ထားပါတယ်" လို့ အဂ္ဂါ ဆေးရုံမန်နေဂျာ ဆာမာ ဆာယဒ် အာမဒ် ခယ်လက်ဖ်က ရိုက်တာသတင်းဌာနကို နိုဝင်ဘာ ၁၂ ရက်မှာပြောခဲ့ပါတယ်။

လူနာတဦးဟာ ရေကြောင့် အသက်ရှူကြပ်နေလို့ အထူးကြပ်မတ်ကုသဆောင်ကို ပို့ဆောင်ခဲ့တယ်လို့ ခါလက်ဖ်က ပြောပါတယ်။

အသက်ရှင်ကျန်ရစ်သူ တခြားတဦးက အာရုံကြော ထိခိုက်သွားပြီး နောက်တဦးကတော့ ပေါင်ရိုးကျိုးသွားတယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။ 

3 months Ago
Up