အီဂျစ်မြောက်ပိုင်းရှိ တူးမြောင်းအတွင်း ဘတ်စ်ကား ပြုတ်ကျသဖြင့် ၁၉ ဦး သေဆုံး

အီဂျစ်နိုင်ငံမြောက်ပိုင်းက တူးမြောင်းတခုထဲကို ဘတ်စ်ကားတစီး နိုဝင်ဘာ ၁၂ ရက်မှာ ပြုတ်ကျခဲ့တာကြောင့် လူ ၁၉ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန က ပြောပါတယ်။
ခရီးသည် ၃၅ ဦးလောက် တင်လာတဲ့ ဘတ်စ်ကားဟာ အဝေးပြေးလမ်းမပေါ်မှာ လမ်းချော်ပြီး ဒါးခက်လေယာ ဒေသမြောက်ပိုင်း အုပ်ချုပ်ရေးမှူးရုံးရှိရာ အဂ္ဂါမြို့ မန်ဆူရိယ တူးမြောင်းထဲ ပြုတ်ကျခဲ့တာလို့ လုံခြုံရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
"ဒဏ်ရာရသူတွေမှာ ကျောရိုးကျိုးတဲ့ ဒဏ်ရာတွေရပြီး အဆင့်မြင့် ဆေးဘက်ဆိုင်ရာ ပံ့ပိုးမှုတွေအတွက် မန်ဆောင်ရာ ဆေးရုံကို ပို့ထားပါတယ်" လို့ အဂ္ဂါ ဆေးရုံမန်နေဂျာ ဆာမာ ဆာယဒ် အာမဒ် ခယ်လက်ဖ်က ရိုက်တာသတင်းဌာနကို နိုဝင်ဘာ ၁၂ ရက်မှာပြောခဲ့ပါတယ်။
လူနာတဦးဟာ ရေကြောင့် အသက်ရှူကြပ်နေလို့ အထူးကြပ်မတ်ကုသဆောင်ကို ပို့ဆောင်ခဲ့တယ်လို့ ခါလက်ဖ်က ပြောပါတယ်။
အသက်ရှင်ကျန်ရစ်သူ တခြားတဦးက အာရုံကြော ထိခိုက်သွားပြီး နောက်တဦးကတော့ ပေါင်ရိုးကျိုးသွားတယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။