မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာတည်ရှိတဲ့ တောင်ခင်ရန်းရဲစခန်းကို ဂန့်ဂေါခရိုင် PDF တပ်ရင်း-၁ က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တောင်ခင်ရန်းရဲစခန်းမှာ ရဲတပ်သားတွေသာမက စစ်ကောင်စီတပ်သားတွေနဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့တွေပါ တပ်စွဲနေထိုင်ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဂန့်ဂေါခရိုင် တပ်ဖွဲ့ဝင်တွေအနေနဲ့ စခန်းနဲ့ အနည်းငယ်ကွာဝေးတဲ့ နေရာကနေ စခန်းတွင်းကို လက်နက်ကြီး ၆၀ မမတွေနဲ့ လှမ်းထုခဲ့တာဖြစ်တယ်လို့ ဂန့်ဂေါ PDF တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ဘက်က လက်နက်ကြီးနဲ့ စပစ်တာပါ။ သူတို့ဘက်က မြောက်ခင်ရန်း ပျူစောထီးရွာကနေ လက်နက်ကြီး ၁၂၀ မမနဲ့ လှမ်းထုကူလို့ လှည့်ပြေးခဲ့ရတယ်။ ကျနော်တို့တပ်ဘက်က ထိခိုက်ကျဆုံးမှု မရှိပါဘူး။ ကျနော်တို့တပ်ဖွဲ့က သူတို့စခန်းတွင်းကို သေချာချိန်ပြီးမှ ထုတာဆိုတော့ သူတို့စခန်းတွင်းကို လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ထိခိုက်မှုတော့ ရှိနိုင်ပါတယ်။ အသေးစိတ်ကိုတော့ အတည်မပြုနိုင်သေးပါဘူး။”
ဂန့်ဂေါ PDF ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့အနေနဲ့ ထိခိုက်မှုရှိနိုင်ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့က ပြောပေမဲ့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာလည်း မတွေ့ရသေးပါဘူး။
စစ်ကောင်စီက ဂန့်ဂေါနယ်ကို အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပြီး သတင်းအမှောင်ချထားတာ ၁ နှစ်ကျော် ကြာမြင့်နေပြီဖြစ်ပြီး စစ်ကောင်စီရဲ့ ထိုးစစ်တွေနဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံတွေလည်း ဘေးလွတ်ရာဒေသတွေကို တိမ်းရှောင်နေရပါတယ်။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်းရဲစခန်းမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်သားတွေကို ဇွန် ၂၉ ရက်က ဂန့်ဂေါ PDF တပ်ဖွဲ့ဝင်တွေက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဂန့်ဂေါ PDF တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့တပ်ဖွဲ့ဘက်က သူတို့တပ်စွဲနေတဲ့စခန်းကို သွားရောက်တိုက်ခိုက်ခဲ့တာ။ သူတို့ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တရစပ် ပစ်ခတ်ခဲ့တာကြောင့် ရှေ့ဆက်မတိုးနိုင်ခဲ့ဘူး။ သူတို့ဘက် ထိခိုက်ကျဆုံးမှုတော့ ရှိနိုင်တယ်။ ဒါပေမဲ့ အတည်ပြုလို့တော့ မရခဲ့ဘူး။ ကျနော်တို့ဘက်တော့ ရဲဘော်တဦး ပေါင်မှာ ကျည်ထိမှန်ဒဏ်ရာ (မစိုးရိမ်ရ) ရခဲ့တယ်၊ ကျဆုံးမှုတော့မရှိဘူး။”
ဂန့်ဂေါ PDF က ထိခိုက်ကျဆုံးတဲ့ အရေအတွက်ကို အတည်မပြုနိုင်ခဲ့ပေမဲ့ တောင်ခင်ရန်းကျေးရွာက ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီတပ်သား ၈ ယောက် ကျဆုံးသွားပြီး ရဲစခန်းအတွင်းမှာ အဆောက်အဦ အနည်းငယ် ပျက်စီးသွားတယ်လို့ ရဲစခန်းနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။
ဧပြီ ၂၃ ရက်ကလည်း အဆိုပါ တောင်ခင်ရန်းရဲစခန်းမှ ရဲစခန်းမှူး ဝေဖြိုးကို ဇနီးနဲ့အတူ ဈေးဝယ်လာစဉ် ပစ်သတ်ခံခဲ့ရပါသေးတယ်။
ပြည်သူတွေအနေနဲ့ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းတွေနဲ့ တခြား စစ်ရေးပစ်မှတ်တွေအနီးမှာ လတ်တလော မနေထိုင်ကြဖို့နဲ့ အကြောင်းမဲ့ ဖြတ်သန်းသွားလာတာတွေ မပြုလုပ်ကြဖို့ ဂန့်ဂေါ PDF က အထူးမေတ္တာရပ်ခံထားပါတယ်။
ဆက်လက်ပြီး ဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်နေပြီး ပြည်သူလူထုအား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေပါတယ်။
ခရီးသွားယာဉ်မောင်းတွေနဲ့ ပြည်သူတွေအနေနဲ့ ဂန့်ဂေါမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား အချိန်မရွေး နေရာမရွေး တိုက်ပွဲတွေ ဖြစ်ပွားနိုင်တာကြောင့် ဂန့်ဂေါ-ကလေးလမ်းပိုင်းကို အသုံးမပြုဖို့လည်း ဂန့်ဂေါ PDF က သတိပေး ထုတ်ပြန်ထားပါတယ်။
ခရီးသွားလာလို့ ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲပြသနာတွေကို မိမိတို့ ပူးပေါင်းတပ်ဖွဲ့ဘက်မှ တာဝန်ယူ ဖြေရှင်းသွားမှာမဟုတ်ကြောင်း ဂန့်ဂေါ PDF က အသိပေးထားပါတယ်။