မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့် သြစတြေးလျနိုင်ငံရောက် မြန်မာတိုင်းရင်းသားအင်အားစုတွေက မဲလ်ဘုန်းမြို့လယ်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ဖေဖော်ဝါရီ ၄ ရက်က ကျင်းပပါတယ်။
မြန်မာနိုင်ငံတွင်း ပြည်သူလူထုတွေ စစ်ကောင်စီရဲ့ မတရားအကြမ်းဖက်ခံနေရချိန် လက်ရှိ သြစတြေးလျမှာ အခြေချပြီး တချို့အမြဲတမ်းနေထိုင်ခွင့်ရထားတဲ့ အာဏာသိမ်းစစ်အုပ်စုရဲ့ သားသမီးဆွေမျိုးတွေကိုလည်း အမြန်ဆုံးပြန်လည်ထွက်ခွာသွားဖို့ကိုလည်း ဒီဆန္ဒပြပွဲကနေ တောင်းဆိုကြပါတယ်။
လက်ရှိ သြစတြေးလျနိုင်ငံမှာ စစ်ကောင်စီဖွဲ့ဝင် ဒေါ်သီတာဦးရဲ့သား ဒုသမ္မတ ဦးမြင့်ဆွေရဲ့ ဆွေမျိုးမိသားစုတချို့၊ ကြံ့ခိုင်ရေးပါတီခေါင်းဆောင် ဦးခင်ရီရဲ့မိသားစုဝင်တွေစတဲ့ စစ်အာဏာရှင်ရဲ့ အပေါင်းပါတွေကို ဖော်ထုတ်ဖိအားပေးဖို့ ဆန္ဒပြပွဲပါဝင်သူ မြန်မာအင်အားစုတွေက သြစတြေးလျအစိုးရကို တောင်းဆိုနေကြတာပါ။
ဒါ့အပြင် မြန်မာစစ်အုပ်စုအပေါ် သြစတြေးလျအစိုးရရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ကြိုဆိုပြီး ပိုထိရောက်တဲ့ ဖိအားပေးဖို့ တောင်းဆိုကြပါတယ်။
ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုပြီး အကြမ်းဖက် စစ်အာဏာသိမ်းခဲ့တာ ၂ နှစ်ရှိလာပြီဖြစ်ပေမဲ့ စစ်အာဏာရှင်ကို လက်မခံပဲ တော်လှန်နေကြတဲ့ မြန်မာပြည်သူတွေနဲ့ အတူရှိနေကြောင်း အားပေးရင်း ၂၀၂၃ ခုနစ်မှာလည်း နွေဦးတော်လှန်ရေးကို ဆက်လက်အားပေးသွားဖို့ ဆန္ဒပြကြတာလို့ ပါဝင်သူတွေက ပြောပါတယ်။
ဒီဆန္ဒပြပွဲကို NUG CRPH Support Group Australia ကဦးဆောင်ပြုလုပ်ပြီး မဲလ်ဘုန်းအခြေစိုက် မြန်မာ တိုင်းရင်းသားအင်အားစုတွေ မြန်မာမိသားစုတွေ ကျောင်းသားလူငယ်တွေ အင်အား ၂၀၀ နီးပါးလောက် ပါဝင်လှုပ်ရှားသွားပါတယ်။
မာလီနိုင်ငံမှာ ပြန်ပေးဆွဲခံထားရတဲ့ ပြင်သစ်ဂျာနယ်လစ် အိုလီဗီယာဒူဘွိုက်စ်ကို ချက်ချင်း လွှတ်ပေးဖို့ ဇူလိုင် ၁၆ ရက်က သူ့ရဲ့ဆွေမျိုးသားချင်းနဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ကသတင်းထောက်တွေဟာ ပါရီမြို့တော်မှာ စုရုံး တောင်းဆိုခဲ့ကြပါတယ်။
ပြင်သစ်အလွတ်သတင်းထောက် အိုလီဗီယာ ဒူဘွိုက်စ်ဟာ Liberation ၊ Le Point နဲ့ Jeune Afrique တို့လို ပြင်သစ် နာမည်ကြီး သတင်းဌာနတွေကို မာလီနိုင်ငံကနေ သတင်းပေးပို့ခဲ့တာပါ။
သူဟာ ဧပြီ ၈ ရက်မှာ ပြန်ပေးဆွဲခံခဲ့ရပြီး မာလီမြောက်ပိုင်းမှာ ဓားစာခံအဖြစ် ထိန်းသိမ်းခံ ထားရတာ ရက်ပေါင်း ၁၀၀ ကြာသွားပါပြီ။
အိုလီဗီယာ ဒူဘွိုက်စ်ရဲ့ နာမည်ကို လူတွေအမြဲသိနေအောင် လုပ်နေဖို့က အရေးကြီးတယ်လို့ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ ဥက္ကဋ္ဌ ပီအာရီဟာစ်ကီက ပြောပါတယ်။
အိုလီဗီယာ ဒူဘွိုက်စ်အတွက် လူတွေစည်းရုံးနေကြတယ်ဆိုတာ သူ့ကိုပြန်ပေးဆွဲသူတွေ၊ ပြင်သစ်နဲ့ မာလီနိုင်ငံက အာဏာပိုင်တွေ သိဖို့လိုအပ်ကြောင်းနဲ့ တိတ်ဆိတ်ခြင်းက ဓားစာခံ တစ်ယောက်အတွက် အဆိုးဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
၄ နှစ်လောက် ပြန်ပေးဆွဲခံခဲ့တဲ့ ပြင်သစ်အကူအညီပေးရေးလုပ်သား ဆိုဖီပက်ထရိုနီ ၂၀၂၀ အောက်တိုဘာလမှာ ပြန်လွတ်လာပြီးနောက်ပိုင်းမှာ ဒူဘွိုက်စ်ဟာ မာလီက ဂျီဟတ်စစ်သွေးကြွတွေရဲ့ ပထမဆုံးဓားစာခံအဖြစ် ဖမ်းဆီးခံရတဲ့ ပြင်သစ်နိုင်ငံသားဖြစ်ပါတယ်။
“တကယ်လို့သာ ဒူဘွိုက်စ်တစ်ယောက် သူ့အကြောင်းကို ကျမတို့တွေ ပြောဆိုနေကြတယ်။ သူ့ကို မေ့မထားဘူး။ သူ့အတွက် လူတွေစုရုံးနေကြတယ်။ သူ မကြာခင် ကျမတို့ဆီ အမြန်ဆုံးပြန်ရောက်လာဖို့ မျှော်လင့်နေကြတယ်ဆိုတာကို ဘယ်နည်းနဲမဆို မြင်နိုင်၊ ကြားနိုင်၊ သိနိုင်ပါစေ”လို့ သူနဲ့အတူပုံမှန်အလုပ်လုပ်တဲ့ပြင်သစ်သတင်းစာ Liberation မှနိုင်ငံခြားအယ်ဒီတာ ဆိုနီရာကပြောပါတယ်။