close

အာဏာသိမ်းစစ်အုပ်စု၏မိသားစုဆွေမျိုးများ သြစတြေးလျမှ ထွက်သွားရန် တောင်းဆိုဆန္ဒပြ

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့် သြစတြေးလျနိုင်ငံရောက် မြန်မာတိုင်းရင်းသားအင်အားစုတွေက မဲလ်ဘုန်းမြို့လယ်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ဖေဖော်ဝါရီ ၄ ရက်က ကျင်းပပါတယ်။ 

မြန်မာနိုင်ငံတွင်း ပြည်သူလူထုတွေ စစ်ကောင်စီရဲ့ မတရားအကြမ်းဖက်ခံနေရချိန် လက်ရှိ သြစတြေးလျမှာ အခြေချပြီး တချို့အမြဲတမ်းနေထိုင်ခွင့်ရထားတဲ့ အာဏာသိမ်းစစ်အုပ်စုရဲ့ သားသမီးဆွေမျိုးတွေကိုလည်း အမြန်ဆုံးပြန်လည်ထွက်ခွာသွားဖို့ကိုလည်း ဒီဆန္ဒပြပွဲကနေ တောင်းဆိုကြပါတယ်။

လက်ရှိ သြစတြေးလျနိုင်ငံမှာ စစ်ကောင်စီဖွဲ့ဝင် ဒေါ်သီတာဦးရဲ့သား ဒုသမ္မတ ဦးမြင့်ဆွေရဲ့ ဆွေမျိုးမိသားစုတချို့၊ ကြံ့ခိုင်ရေးပါတီခေါင်းဆောင် ဦးခင်ရီရဲ့မိသားစုဝင်တွေစတဲ့ စစ်အာဏာရှင်ရဲ့ အပေါင်းပါတွေကို ဖော်ထုတ်ဖိအားပေးဖို့ ဆန္ဒပြပွဲပါဝင်သူ မြန်မာအင်အားစုတွေက သြစတြေးလျအစိုးရကို တောင်းဆိုနေကြတာပါ။

ဒါ့အပြင် မြန်မာစစ်အုပ်စုအပေါ် သြစတြေးလျအစိုးရရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ကြိုဆိုပြီး ပိုထိရောက်တဲ့ ဖိအားပေးဖို့ တောင်းဆိုကြပါတယ်။

ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုပြီး အကြမ်းဖက် စစ်အာဏာသိမ်းခဲ့တာ ၂ နှစ်ရှိလာပြီဖြစ်ပေမဲ့ စစ်အာဏာရှင်ကို လက်မခံပဲ တော်လှန်နေကြတဲ့ မြန်မာပြည်သူတွေနဲ့ အတူရှိနေကြောင်း အားပေးရင်း ၂၀၂၃ ခုနစ်မှာလည်း နွေဦးတော်လှန်ရေးကို ဆက်လက်အားပေးသွားဖို့  ဆန္ဒပြကြတာလို့ ပါဝင်သူတွေက ပြောပါတယ်။

ဒီဆန္ဒပြပွဲကို NUG CRPH Support Group Australia ကဦးဆောင်ပြုလုပ်ပြီး မဲလ်ဘုန်းအခြေစိုက် မြန်မာ တိုင်းရင်းသားအင်အားစုတွေ မြန်မာမိသားစုတွေ ကျောင်းသားလူငယ်တွေ အင်အား ၂၀၀ နီးပါးလောက် ပါဝင်လှုပ်ရှားသွားပါတယ်။

Up