အာဏာသိမ်းစစ်ကောင်စီက တရားစွဲပြီးဖမ်းဝရမ်းထုတ်ခံထားရလို့ ပြည်ပကိုထွက်ပြေးတိမ်း ရှောင်နေရတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ဟာ ဒီနှစ် ဇူလိုင်လထဲမှာ အမိမြေ ထိုင်းနိုင်ငံ ကို ပြန်လာမယ်လို့ ဆိုပါတယ်။
ဝန်ကြီးချုပ်ဟောင်းက “ကျနော်ထပ်မံခွင့်တောင်းပါတယ်၊ ကျနော့်မိသားစုတွေနဲ့ ခွဲနေရတာ ၁၇ နှစ်နီးပါးရှိပါပြီ၊ ကျနော်လည်း အိုပါပြီ၊ မြေးပြန်ထိန်းဖို့အတွက် အိမ်ပြန်မယ်လို့ ဆုံးဖြတ်ထားတယ်၊ ကျနော့်မွေးနေ့မတိုင်ခင် ဇူလိုင်လအတွင်းမှာ ပြန်လာမယ်၊ ခွင့်ပြုပါ” လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ မေ ၉ ရက်က ရေးသားထားပါတယ်။
သူပြန်လာမယ့်ကိစ္စနဲ့ ပတ်သက်ပြီး “ဖွေ့ထိုင်းပါတီကို ဝန်ထုတ်ဝန်ပိုးမဖြစ်စေရဘူး၊ တရားဥပဒေ အတိုင်းလိုက်နာမယ်၊ အဲဒီအချိန်ဟာ ပရာယုဒ်ကျန်အိုးချားဝန်ကြီးချုပ်ဖြစ်နေဆဲ ကာလပါ၊ ကျနော်မိသားစုကိုချစ်လို့ မွေးရပ်မြေကိုချစ်လို့ ပြန်လာတာ” လို့လည်း ဆက်လက်ရေးသားထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းထောက်တွေက ဝန်ကြီးချုပ်ပရယုဒ်ကျန်အိုးချားကို မေးမြန်းရာမှာ သူက အဲဒီပို့စ်မဖတ်ရသေးကြောင်း၊ သူဘယ်လိုအခြေအနေနဲ့ ပြန်လာမယ်ဆိုတာ မသိကြောင်း၊ တရားပဒေအတိုင်းတော့လိုက်နာရမှာပေါ့၊ သူ့အနေနဲ့ တရားရေးဌာနရဲ့ အလုပ်ကို စွက်ဖက်မှာ မဟုတ်ဘူးလို့ ဖြေကြားပါတယ်။
အစိုးရအိမ်တော်ပြောခွင့်ရ နိုင်းဝိနုခေးငမ်းကတော့ ဝန်ကြီးချုပ်ဟောင်းသက်ဆင်အနေနဲ့ ဥပဒေအရ လွတ်ငြိမ်းချမ်းသာခွင့်တောင်းဆိုခွင့်ရှိပေမယ့် ပြစ်ဒဏ်ရဲ့ ၃ ပုံ ၂ ပုံကို ခံယူပြီးသူ ဖြစ်ရမယ်လို့ ပြောပါတယ်။
ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ပြစ်ဒဏ်ထိခံထားရတဲ့အမှုတွေမှာ ဘန်ကောက်ရာ့ချ်ဒါး နယ်မြေက အများပိုင်မြေကွက်ကို ကိုယ်ပိုင်မြေအဖြစ်ဝယ်ယူမှု - ထောင်ဒဏ် ၂ နှစ်၊ တရားမဝင် ၂ လုံး၊ ၃ လုံးတိုက်ထီပြဿနာ မဖြေရှင်းနိုင်မှု - ထောင်ဒဏ် ၂ နှစ်၊ Exim Bank ကနေ မြန်မာနိုင်ငံကို ဘတ်သန်းပေါင်း ၄၀၀၀ ချေးငှားမှု - ထောင်ဒဏ် ၃ နှစ်၊ ဆင်ကော်ပိုရေးရှင်းကုမ္ပဏီမှာ တပါးသူအမည်နဲ့ အစုရှယ်ယာပါဝင်မှု - ထောင်ဒဏ် ၅ နှစ် စုစုပေါင်း ထောင်ဒဏ် ၁၂ နှစ် အပြစ်ပေးခံထားရပါတယ်။ အဲဒီထဲက ရာ့ချ်ဒါးမြေကွက်အမှုမှာ သက်တမ်းကုန်သွားပြီဖြစ်ပြီး နောက်ထပ် ထောင်ဒဏ် ၁၀ နှစ် ကျခံရဖို့ ရှိနေပါတယ်။
သူဟာ လာမယ့် ဇူလိုင် ၂၆ ရက်နေ့မှာ အသက် ၇၄ နှစ်ပြည့်မှာ ဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံက အလုပ်သမားထောင်ပေါင်းများစွာဟာ မေ ၁ ရက် မေဒေးနေ့က ဆိုးလ်မြို့လယ်ခေါင်က လမ်းမကျယ်ကြီးတခုအတွင်း ကြီးမားတဲ့ လူထုစုဝေးပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အထိမ်းအမှတ်အဖြစ် အလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့အတူ လုပ်ငန်းခွင် အခြေအနေ ပိုကောင်းမွန် လာစေဖို့ အခုလို တောင်းဆိုခဲ့ကြတာပါ။
ကိုရီးယားအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်ဖြစ်သူ ယန်ကျောင်ဆူးက “တရားရေး စနစ် ပိုမိုတိုးတက်လာအောင် ခိုင်ခိုင်မာမာ တိုက်ပွဲဝင် သွားမှာပါ၊ ဒါမှသာ အစိုးရရဲ့ မူဝါဒတွေက အလုပ်သမားတွေရဲ့ အခွင့်အရေးကို အာမခံချက်ပေးနိုင်မှာ”လို့ မှတ်ချက်ပေးပါတယ်။
ဒီလို လူထုစုဝေးပွဲကြီးကို အလုပ်သမားသမဂ္ဂတွေက ပူးပေါင်းလုပ် ဆောင်ခဲ့ကြတာ ဖြစ်ပြီး လူဦးရေ ၃၀၀၀၀ နီးပါးလောက် တက်ရောက်ခဲ့ကြပါတယ်။
တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ခ်ယိုလ် အစိုးရအဖွဲ့ရဲ့ အလုပ်သမားရေးရာ မူဝါဒတွေကို ကန့်ကွက် ရှုတ်ချမယ့် အထွေထွေသပိတ်ကြီးကို ဇူလိုင်လမှာ အကောင်အထည်ဖော်ဖို့ စီစဉ် ထားတယ်လို့လည်း လူထုစုဝေးပွဲ အတွင်း ကြေညာခဲ့ ပါတယ်။
၂၀၂၂ ခုနှစ်မှာ အာဏာရလာခဲ့တဲ့ ရှေးရိုးစွဲဝါဒီဖြစ်သူ ယွန်းက အစိုးရအနေနဲ့ နိုင်ငံတွင်း အလုပ်သမားဆက်ဆံရေး အပါအဝင် ကာလရှည်ကြာ ဆိုးရွားနေတဲ့ စက်မှုလုပ်ငန်းဆိုင်ရာ ဆက်ဆံရေးတွေကို ဥပဒေအရ တင်းကျပ်သွားမယ်လို့ အကြိမ်ကြိမ် ပြောဆိုခဲ့ဖူးပါတယ်။