ကစားသမား အငှားချမှုနဲ့ပတ်သက်ပြီး ဖီဖာရဲ့ စည်းမျဉ်းအသစ်အရ စပါးအသင်းဟာ နောက်ခံလူ ဒိုဟာတီကို စာချုပ်ဖျက်သိမ်းပေးခဲ့ရပါတယ်။
ဖီဖာရဲ့စည်းမျဉ်းသစ်အရ အသင်းတသင်းဟာ တရာသီအတွင်းမှာ အငှားချတဲ့ ကစားသမား အရေအတွက် ၈ ဦးထက် မပိုရဘူးလို့ ပါရှိပါတယ်။
စပါးအသင်းဟာ ဒိုဟာတီကိုလည်း အက်သလက်တီကိုအသင်းဆီကို အငှားချထားဖို့ စီစဉ်ခဲ့ပေမဲ့ အငှားချတဲ့ကစားသမား ၈ ဦး ကျော်လွန်သွားတဲ့အတွက် စာချုပ်ဖျက်သိမ်းခဲ့ရတာပါ။
စပါးအသင်းဟာ ဟယ်ရီဝင့်ခ်၊ အန်ဒွန်ဘီလီ၊ ဘရိုင်ယန်ဂီလ်၊ ရက်ဂူလွန်၊ လိုဆယ်ဆို အစရှိတဲ့ ကစားသမားတွေ အပါအဝင် စုစုပေါင်း ၈ ဦးအထိ အငှားချထားခဲ့တာပါ။
စပါးအသင်းနဲ့ ဒိုဟာတီတို့ရဲ့ စာချုပ်သက်တမ်းကလည်း ၆ လသာ ကျန်ရှိတော့တာလို့ သိရပါတယ်။
နောက်ခံလူ ဒိုဟာတီကတော့ အက်သလက်တီကိုအသင်းဘက်က ကမ်းလှမ်းလာချိန်မှာ အခွင့်အရေးကောင်းတခုကို လက်လွှတ်နိုင်စွမ်းမရှိခဲ့ကြောင်း တီကိုနဲ့ စာချုပ်ချုပ်အပြီးမှာ ပြောသွားပါတယ်။
အဲဗာတန်အသင်းဆီ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့တဲ့ ဗီလာရီးရဲလ်တိုက်စစ်မှူး ဒမ်ဂျူးမားကို စပါးအသင်းက ကြားဖြတ်ခေါ်ယူသွားပါတယ်။
ဒမ်ဂျူးမားဟာ အဲဗာတန်အသင်းဆီ ပြောင်းရွှေ့ဖို့ ဆေးစစ်မှုတွေ လုပ်ဆောင်ပြီးဖြစ်ပေမဲ့ နည်းပြလမ်းပတ် ထုတ်ပယ်ခံခဲ့ရပြီးနောက်မှာ စပါးအသင်းက ကြားဖြတ်ခေါ်ယူဖို့ လုပ်ဆောင်ခဲ့တာပါ။
လက်ရှိအချိန်မှာတော့ အဲဗာတန်အသင်းနဲ့ အပြောင်းအရွှေ့ ပျက်ပြယ်သွားခဲ့ပြီဖြစ်ကာ စပါးအသင်းဆီ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမန်နိုက အတည်ပြုခဲ့ပါတယ်။
စပါးအသင်းဟာ ဟော်လန်တိုက်စစ်ကစားသမား ဒမ်ဂျူးမားရဲ့ လုပ်ခလစာကို အပြည့်အဝ ပေးချေမှာဖြစ်ပြီး ရာသီကုန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၅ နှစ်ရှိ ဒမ်ဂျူးမားဟာ ဘုန်းမောက်အသင်းမှာ တရာသီကစားခဲ့ပြီး ၂၀၂၁ ခုနှစ်က စပိန်ကလပ် ဗီလာရီးရဲလ်အသင်းဆီ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။