ပရီးမီးယားလိဂ်ပြိုင်ဘက် မန်စီးတီးကို ယှဉ်နိုင်ဖို့အတွက် ၅ နှစ်လောက် အချိန်ယူရနိုင်တယ်လို့ နယူးကာဆယ် နောက်ခံလူ ထရစ်ပီယာက ပြောပါတယ်။
ထရစ်ပီယာဟာ မန်စီးတီးကစားသမားဟောင်းတဦးဖြစ်ပြီး အခုနှစ် ရာသီဝက်ကာလကမှ စပိန်ကလပ် အက်သလက်တီကိုမက်ဒရစ်ကနေ ပြောင်းရွှေ့လာခဲ့တာပါ။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ မန်စီးတီးနဲ့ပွဲစဉ်မှာ နယူးကာဆယ်အသင်းက ၅ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး မန်စီးတီးကို ယှဉ်နိုင်ဖို့နဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ၅ နှစ်၊ ၆ နှစ်လောက် အချိန်ယူရနိုင်ကြောင်း ထရစ်ပီယာက သုံးသပ်ခဲ့တာပါ။
“နယူးကာဆယ်အသင်းအနေနဲ့ စီးတီးကို လိုက်မီဖို့က အလျင်အမြန် ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။ သူတို့ကိုမီဖို့ ၅ နှစ်၊ ၆ နှစ်လောက် အချိန်ယူရနိုင်ပြီး စိတ်ရှည်ဖို့လိုပါတယ်။ လက်ရှိ စီးတီးအသင်းသွားနေတဲ့ နည်းလမ်းနဲ့ နယူးကာဆယ်အသင်းရဲ့ လက်ရှိအခြေအနေကို လူတိုင်းသိပါတယ်။ မှန်ကန်တဲ့ လမ်းကြောင်းပေါ်ရောက်ဖို့ အရင်ဆုံး လုပ်ဆောင်ရမှာဖြစ်ပြီး နယူးကာဆယ်အသင်းက ဒီအဆင့်မှာပဲ ရှိပါသေးတယ်” လို့ ထရစ်ပီယာက ပြောပါတယ်။
နယူးကာဆယ်အသင်းကို အခုနှစ်ရာသီကစပြီး ဆော်ဒီစီးပွားရေးလုပ်ငန်းရှင်တွေက ဝယ်ယူခဲ့ပြီး ငွေကြေးသုံးစွဲနိုင်စွမ်း ရှိတာကြောင့် မန်စီးတီးအသင်းလို တည်ဆောက်ဖို့ ကြံရွယ်နေတာ ဖြစ်ပါတယ်။
နယူးကာဆယ်အသင်းဟာ အင်္ဂလန်ညာနောက်ခံလူ ထရစ်ပီယာကို စပိန်ကလပ် အက်သလက်တီကို ကနေ ပေါင် ၁၂ သန်းနဲ့ အပြီးသတ်ခေါ်ယူခဲ့ပါတယ်။
ဆော်ဒီလုပ်ငန်းစုကနေ ဝယ်ယူပြီးနောက်ပိုင်း နာမည်ကြီးကစားသမားတစ်ဦးကို ပထမဆုံး ခေါ်ယူခဲ့တာဖြစ်ပါတယ်။
အင်္ဂလန်နောက်ခံလူ ထရစ်ပီယာကတော့ ငွေကြေးကြောင့် ပြောင်းရွှေ့လာတာမဟုတ်ဘဲ နယူးကာဆယ်အသင်းအတွက် ပေးဆပ်ကစားချင်လို့ ပြောင်းရွှေ့လာတာလို့ ပြောပါတယ်။
“ဒီကိုလာတာက စီမံကိန်းတစ်ခုအတွက်ပါ။ တခြားကမ်းလှမ်းမှုတွေလည်း ရှိခဲ့ပေမယ့် နယူးကာဆယ်ကို ပြောင်းရွှေ့ဖို့ နှစ်ကြိမ် မစဉ်းစားခဲ့ရပါဘူး။ လူတွေကတော့ ငွေကြေးကြောင့်လို့ ဝေဖန်ချင်ကြပေမယ့် ငွေကြေးက အဓိကမဟုတ်ဘူးဆိုတာ ကျနော်ကိုယ်တိုင် သိပါတယ်” လို့ ထရစ်ပီယာက ပြောသွားပါတယ်။
အသက် ၃၁ နှစ်အရွယ် ထရစ်ပီယာဟာ ၂ နှစ်ခွဲစာချုပ်ချုပ်ဆိုခဲ့ပြီး နယူးကာဆယ်အသင်းရဲ့ လုပ်ခအများဆုံး ကစားသမားဖြစ်လာနိုင်တယ်လို့ ဆိုကြပါတယ်။