တောင်ကိုရီးယားအစိုးရဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကုန်တင်ယာဉ်မောင်းတွေ သပိတ်မှောက်နေတဲ့ကြားက သံမဏိနဲ့ ရေနံဓာတုလုပ်ငန်းခွင်တွေထဲက သပိတ်မှောက် ထရပ်ကားသမားတွေကို အလုပ်ပြန်ဆင်းကြဖို့ ဒီဇင်ဘာ ၈ ရက်မှာ အမိန့်ထုတ်ပြန်လိုက်ပါတယ်။
ဒုတိယဝန်ကြီးချုပ်လည်းဖြစ် စီးပွားရေးနဲ့ ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်တဲ့ ချူကျွန်းဟိုက“အစိုးရက စုပေါင်းသယ်ယူပို့ဆောင်ရေး လုပ်ရမှာကို ငြင်းဆိုမှုကြောင့် ပျက်စီးဆုံးရှုံးမှုနဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းစဉ်းစားခဲ့ပါတယ်”လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ထောက်ပံ့ပို့ဆောင်ရေးနဲ့ ကုန်စည်ပို့ဆောင်မှု နှောင့်နှေးရင် ထုတ်လုပ်မှုတွေကလည်း လာမယ့် သီတင်းပတ်ကုန်မှာ ရပ်ဆိုင်းသွားမှာဖြစ်တယ်လို့လည်း သူကဆိုပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က အစိုးရဟာ ဘိလပ်မြေစက်ရုံက သပိတ်မှောက်ယာဉ်မောင်း ၂,၅၀၀ ကို လမ်းပေါ်ပြန်တက်ခိုင်းပြီး အလုပ်ပြန်လုပ်ဖို့ အမိန့်ထုတ်ခဲ့တာပါ။
အလုပ်စတင်မိန့်ဟာ သပိတ်မှောက်လုပ်သားတွေကို အလုပ်ပြန်ဆင်းဖို့ အစိုးရက ပထမဦးဆုံးအကြိမ် အမိန့်ထုတ်ပြီး ဖိအားပေး ခိုင်းစေခဲ့တာပါ။
လိုက်နာဖို့ပျက်ကွက်ရင် လိုင်စင်ဖျက်သိမ်းခြင်း၊ ထောင်ဒဏ်သုံးနှစ် သို့မဟုတ် ဒဏ်ငွေ ဝမ်သန်း ၃၀ အထိ ချမှတ်နိုင်ပါတယ်။
အနည်းဆုံး အခကြေးငွေ အကာအကွယ်ပေးရေး တောင်းဆိုမှုအတွက် ၆ လအတွင်း ဒုတိယအကြိမ် သပိတ်မှောက်မှုကြောင့် ဝမ် ၃ ဒသမ ၅ ထရီလီယံတန် ကုန်ပစ္စည်းတွေ ပေးပို့မှုမှာ ပထမ ၁၂ ရက်အတွင်း နှောင့်နှေးခဲ့ရကြောင်း အစိုးရက အခုသီတင်းပတ် အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။
တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးဟာ ထရပ်ကားယာဉ်မောင်းတွေရဲ့ သပိတ်မှောက်မှုကြားက ဘိလပ်မြေစက်ရုံကို ပြန်လည်ပတ်နိုင်ဖို့အတွက် ပြင်ဆင်မှုတွေ လုပ်ထားဖို့ ဒီဇင်ဘာ ၄ ရက်မှာ ညွှန်ကြားလိုက်ပါတယ်။
အစိုးရနဲ့ သမဂ္ဂကြားက ညှိနှိုင်းရေးမှူးတွေဟာ အနိမ့်ဆုံးလုပ်ခလစာ စည်းမျဉ်းနဲ့ပတ်သက်လို့ သဘောထားကွဲလွဲမှုအပေါ်မှာ တိုးတက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးတာကြောင့် ထောင်ပေါင်းများစွာသော တောင်ကိုရီးယား ထရပ်ကားယာဉ်မောင်းတွေရဲ့ သပိတ်ဟာ အချိန် ၁၀ ရက်ကျော် ကြာမြင့်လာခဲ့ပါပြီ။
ဒီဆန္ဒပြသပိတ်မှောက်မှုအတွင်း ဥပဒေချိုးဖောက်သူတွေကို အပြစ်ပေးမှာဖြစ်တယ်လို့လည်း ယွန်းက ကြေညာထားပါတယ်။
အစိုးရဝန်ကြီးတွေကိုလည်း ယာဉ်မောင်းအစားထိုးတာတွေ၊ စစ်မှုထမ်းတွေနဲ့ စစ်ဘက်သုံးကိရိယာတွေ အစားထိုး အသုံးပြုပြီး ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်ဖို့ ညွှန်ကြားထားတာပါ။
အစိုးရက ထရပ်ကားယာဉ်မောင်းတွေအတွက် အနည်းဆုံးလုပ်ခလစာစနစ်ကို နောက် ၃ နှစ်အထိ တိုးပေးဖို့ အစီအစဉ်မရှိဘူးလို့ ဆိုပါတယ်။
တောင်ကိုရီးယား ကုန်သွယ်ရေးသမဂ္ဂများ မဟာမိတ်အဖွဲ့ချုပ်က လာမယ့် ဒီဇင်ဘာ ၆ ရက်မှာ အထွေထွေသပိတ်ပြုလုပ်ဖို့ စီစဉ်နေပြီး ဒီစနစ်ဟာ ထရပ်ကားယာဉ်မောင်းတွေအတွက် အခွင့်အလမ်း ပိုရှိသင့်သလို အတည်တကျလည်း ဖြစ်သင့်တယ်လို့ မှတ်ချက်ပြုပါတယ်။