အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်က သူသာ သမ္မတနေရာမှာ ရှိနေဦးမယ်ဆိုရင် ရုရှားနဲ့ ယူကရိန်းအကြား စစ်ပွဲကို ၂၄ နာရီအတွင်း အဆုံးသတ်နိုင်မှာဖြစ်တယ်လို့ မေလ ၃ ရက်က ပြောကြားလိုက်ပါတယ်။
ဗြိတိန်ရုပ်သံလိုင်းတခုဖြစ်တဲ့ ဂျီဘီ သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ထရမ့်ပ်က အခုလို မှတ်ချက်ပေးခဲ့တာပါ။
ရုရှားသမ္မတ ဗလာဒီမာပူတင် အပါအဝင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးတို့နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆက်ဆံမှုကိုအသုံးချပြီး ဒီစစ်ရေးပဋိပက္ခကို တရက်တာအတွင်းမှာတင် အဆုံးသတ်နိုင်အောင် ကူညီနိုင်တယ်ဆိုပြီး ထရမ့်ပ်က ပြောဆိုခဲ့တာဖြစ်ပါတယ်။
လာမယ့် ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲမှာ သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ထရမ့်ပ်က သူ့ရဲ့ ရည်ရွယ်ချက်တွေကို အင်တာဗျူးအစီအစဉ်အတွင်း ထုတ်ဖော်ပြောဆိုခဲ့တဲ့အပြင် လူထုစစ်တမ်းတွေမှာလည်း အလားအလာရှိတဲ့ ရီပတ်ဘလစ်ကန် ပြိုင်ဘက်တွေထက် သြဇာလွှမ်းမိုးနိုင်တဲ့ ဦးဆောင်သူအဖြစ် လောလောဆယ် ရပ်တည်နေပါတယ်။
အစီအစဉ်တင်ဆက်သူ နိုင်ဂျယ် ဖယ်ရာ့ချ်က လာမယ့်ရွေးကောက်မှာ အနိုင်ရနိုင်မလား ဆိုပြီး မေးမြန်းရာမှာ ထရမ့်ပ်က “အလွန်ကောင်းမွန်တဲ့ အခွင့်အရေး ရှိပါတယ်” လို့ တုံ့ပြန်ဖြေဆိုပါတယ်။
ဒါ့အပြင် ထရမ့်ပ်က သူ့ရဲ့ စီပွားရေးဆိုင်ရာ မှတ်တမ်းတွေဟာ ရွေးကောက်ပွဲမှာ အထောက်အကူ ဖြစ်စေနိုင်သလို တရုတ်၊ မြောက်ကိုရီးယားနဲ့ အီရန်တို့လို နိုင်ငံတွေနဲ့ တင်းမာမှုတွေကိုပါ လျော့ကျလာအောင် ကူညီပေးမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
အကြမ်းဖက်ဖို့ လှုံ့ဆော်မှုကြောင့် တွစ်တာ လူမှုကွန်ရက်ကနေ ပိတ်ပင်ခံထားရတဲ့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်က သူ့ရဲ့ တွစ်တာအကောင့် ပြန်ရရေး ထောက်ခံမဲအများစုရရင်တောင် တွစ်တာကို ပြန်သုံးဖို့ စိတ်မဝင်စားဘူးလို့ နိုဝင်ဘာ ၁၉ ရက်က ပြောလိုက်ပါတယ်။
တွစ်တာရဲ့ ပိုင်ရှင်အသစ် အီလွတ်မတ်စ်က စီစဉ်တဲ့ ထင်မြင်ချက်စစ်တမ်းထဲမှာ တွစ်တာအသုံးပြုသူ ၁၅ သန်းကျော် မဲပေးခဲ့ပြီး ၅၁ ဒသမ ၈ ရာခိုင်နှုန်းက ထရမ့်ပ်ကို တွစ်တာသုံးခွင့်ပြန်ပေးရေး ထောက်ခံမဲပေးခဲ့ကြပါတယ်။
မဲရလဒ်တွေ ကြေညာပြီးနောက် မကြာမီ ထရမ့်ပ်ရဲ့ တွစ်တာအကောင့်ကို ပြန်ထည့်ပေးမယ်လို့ အီလွန်မတ်စ်က တွစ်တာမှာ ရေးသားဖော်ပြပြီး “ပြည်သူတွေပြောနေကြပြီ” လို့ ရေးခဲ့ပါတယ်။
ရီပတ်ဘလီကန်နဲ့ ဂျူးညွန့်ပေါင်းအဖွဲ့ရဲ့ နှစ်ပတ်လည် ခေါင်းဆောင်မှု အစည်းအဝေးမှာ တွစ်တာကို ပြန်သုံးဖို့ အစီအစဉ်ရှိ၊ မရှိ မေးရာမှာ ထရမ့်ပ်က တွစ်တာကိုပြန်သုံးဖို့ ဘယ်လိုအကြောင်းပြချက်မှ မမြင်ဘူးလို့ ပြောပါတယ်။
ထရမ့်ပ်ရဲ့ Trump Media & Technology Group (TMTG) startup က ဖန်တီးထားတဲ့ သူ့ရဲ့ ပလက်ဖောင်းအသစ် Truth Social နဲ့ ချိတ်ဆက်ထားမှာဖြစ်ပြီး တွစ်တာထက် သုံးစွဲသူတွေနဲ့ ထိတွေ့ဆက်ဆံမှု ပိုကောင်းပြီး “ထူးထူးခြားခြား ကောင်းမွန်နေတယ်” လို့လည်း ထရမ့်ပ်က ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုမှုကိုတော့ တွစ်တာက မတုံ့ပြန်ခဲ့ပါဘူး။