close

သမ္မတအဖြစ် ဆက်ရှိနေပါက ရုရှား-ယူကရိန်းစစ်ပွဲကို တရက်အတွင်း အဆုံးသတ်နိုင်ဟု ‌ထရမ့်ပ်ပြော

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်က သူသာ သမ္မတနေရာမှာ ရှိနေဦးမယ်ဆိုရင် ရုရှားနဲ့ ယူကရိန်းအကြား စစ်ပွဲကို ၂၄ နာရီအတွင်း အဆုံးသတ်နိုင်မှာဖြစ်တယ်လို့ မေလ ၃ ရက်က ပြောကြားလိုက်ပါတယ်။

ဗြိတိန်ရုပ်သံလိုင်းတခုဖြစ်တဲ့ ဂျီဘီ သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ထရမ့်ပ်က အခုလို မှတ်ချက်ပေးခဲ့တာပါ။

ရုရှားသမ္မတ ဗလာဒီမာပူတင် အပါအဝင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးတို့နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆက်ဆံမှုကိုအသုံးချပြီး ဒီစစ်ရေးပဋိပက္ခကို တရက်တာအတွင်းမှာတင် အဆုံးသတ်နိုင်အောင် ကူညီနိုင်တယ်ဆိုပြီး ထရမ့်ပ်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

လာမယ့် ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲမှာ သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ထရမ့်ပ်က သူ့ရဲ့ ရည်ရွယ်ချက်တွေကို အင်တာဗျူးအစီအစဉ်အတွင်း ထုတ်ဖော်ပြောဆိုခဲ့တဲ့အပြင် လူထုစစ်တမ်းတွေမှာလည်း အလားအလာရှိတဲ့ ရီပတ်ဘလစ်ကန် ပြိုင်ဘက်တွေထက် သြဇာလွှမ်းမိုးနိုင်တဲ့ ဦးဆောင်သူအဖြစ် လောလောဆယ် ရပ်တည်နေပါတယ်။

အစီအစဉ်တင်ဆက်သူ နိုင်ဂျယ် ဖယ်ရာ့ချ်က လာမယ့်ရွေးကောက်မှာ အနိုင်ရနိုင်မလား ဆိုပြီး မေးမြန်းရာမှာ ထရမ့်ပ်က “အလွန်ကောင်းမွန်တဲ့ အခွင့်အရေး ရှိပါတယ်” လို့ တုံ့ပြန်ဖြေဆိုပါတယ်။

ဒါ့အပြင် ထရမ့်ပ်က သူ့ရဲ့ စီပွားရေးဆိုင်ရာ မှတ်တမ်းတွေဟာ ရွေးကောက်ပွဲမှာ အထောက်အကူ ဖြစ်စေနိုင်သလို တရုတ်၊ မြောက်ကိုရီးယားနဲ့ အီရန်တို့လို နိုင်ငံတွေနဲ့ တင်းမာမှုတွေကိုပါ လျော့ကျလာအောင် ကူညီပေးမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

Up