close

ထားဝယ်ရိုးရာ

close

October 9, 2022

ထားဝယ်ရိုးရာ သပိတ်မျှောပွဲ ကျင်းပ

တနင်္သာရီတိုင်း ထားဝယ်မြို့ပေါ်နဲ့ ဒေသတွင်းက နေရာတချို့မှာ  အောက်တိုဘာ ၉ ရက် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)မှာ ထားဝယ်ရိုးရာ သပိတ်မျှောပွဲ ပြုလုပ်ခဲ့ကြ ပါတယ်။

အရှင်ဥပဂုတ္တမထေရ်မြတ်ကို ရည်းစူးဆွမ်းကပ်တဲ့ အဲဒီသပိတ်မျှော်ပွဲကို နှစ်စဥ် သီတင်းကျွတ်လ ပြည့်နေ့ အရုဏ်တက်ချိန်မှာ ပြုလုပ်ကြတာဖြစ်ပြီး ဆွမ်း၊ သစ်သီး၊ မုန့်ဆီကြော်၊ ကုက္ကား၊ တံခွန်တိုင် အစရှိတာတွေထည့်ထားတဲ့ သပိတ်အိုးတွေကို ဒီရေကျတဲ့အချိန် မြစ်၊ ချောင်း၊ ပင်လယ်တွေထဲ ရေစီးနဲ့ မျှောချကြတာပါ။

ရာသီဥတု မဖောက်ပြားဖို့၊ ဆန်ရေစပါးအထွက်တိုးဖို့နဲ့ ဘေးဘယာကွင်းဝေစေဖို့ ဆုတောင်း ပူဇော်ကြတဲ့ ရိုးရာသပိတ်မျှောပွဲတော်ဟာ ဒေသအတွင်း အစည်ကားဆုံး ပွဲတော်တွေထဲက တခု ဖြစ်ပြီး လူကြီးလူငယ် ကလေးမရွေး ပါဝင်ဆင်နွှဲလေ့ရှိကြပါတယ်။

ကိုဗစ်နဲ့ အာဏာသိမ်းမှုမတိုင်မီကတော့ တနင်္သာရီတိုင်းမြို့တော် ထားဝယ်မှာ တိုင်းအစိုးရအဖွဲ့က ဦးစီးပြီး နှစ်တိုင်းနီးပါး သပိတ်မျှောပွဲတော် ကျင်းပပြုလုပ်လေ့ရှိပါတယ်။

အခုနှစ်မှာတော့ စစ်ကောင်စီက လုပ်မယ့် သပိတ်မျှောပွဲတော်ကို မသွားဖို့ ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထုတ်ပြန်ခဲ့သလို အောက်တိုဘာ ၆ ရက် ညနေပိုင်း ကလည်း သပိတ်မျှောပွဲတော်လုပ်မယ့် ထားဝယ်မြို့ ကမ်းနားလမ်းက ဖျော်ဖြေရေးမဏ္ဍပ်ကို ထားဝယ်ပြောက်ကျားတပ်ဖွဲ့က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲသတိပေးခဲ့ပါတယ်။

ထားဝယ်မြို့ပေါ်က ထားဝယ်ရိုးရာသပိတ်မျှောပွဲကို တလိုင်းမရပ်ကွက်၊ ကမ်းနားလမ်းမှာ ဒီကနေ့ အောက်တိုဘာ ၉ ရက် မနက် ၄ နာရီလောက်က ကျင်းပခဲ့ပြီး စစ်ကောင်စီခန့် တနင်္သာရီ တိုင်းဝန်ကြီးချုပ် ဦးမြတ်ကိုနဲ့ တိုင်းစစ်ကောင်စီအဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။

အဲဒီသပိတ်မျှောပွဲအခမ်းအနားကို လာရောက်ကြဖို့ ထားဝယ်မြို့ထဲ လှည့်လည်ဆော်သြတာတွေ ရှိခဲ့ပေမဲ့ မြို့ခံအများစု သွားရောက်တာ မရှိဘဲ  ဌာနဆိုင်ရာဝန်ထမ်း တချို့နဲ့ စစ်တပ်အသိုင်း အဝိုင်းက လူတွေသာ သွားရောက်ခဲ့ကြတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

ထားဝယ်ရိုးရာ သပိတ်မျှောပွဲကို ရှေးခေတ်ထားဝယ်မင်းများလက်ထက်ကတည်းက ပြုလုပ်ခဲ့ကြတာပါ။

ထားဝယ်ရိုးရာ သပိတ်မျှောပွဲကို မြစ်၊ ချောင်း၊ ပင်လယ်တွေနဲ့ နီးတဲ့ ​ကျေးရွာတွေမှာ ပြုလုပ်လေ့ ရှိပြီး အနီးအနားကျေးရွာတွေကလည်း လာရောက်ဆင်နွှဲလေ့ရှိပါတယ်။

ဓာတ်ပုံ_ လောင်းလုံးမြို့နယ်၊ ကျေးရွာတရွာရဲ့ ဒီကနေ့ သပိတ်မျှောပွဲမြင်ကွင်း

12 mins Ago

October 13, 2019

ထားဝယ်ရိုးရာ သပိတ်မျှောပွဲ (ဓာတ်ပုံ)

သီတင်းကျွတ်လပြည့်နေ့ ထား၀ယ်ရိုးရာသပိတ်မျှောပွဲကို ထားဝယ်မြစ်ကမ်းဘေးမှာ ကျင်းပခဲ့ကြပြီး သပိတ်ငယ် ၁၃၀၀၀ လောက်နဲ့ သပိတ်ကြီး အလုံး ၄၀ မျှောခဲ့ကြတယ်လို့ သိရပါတယ်။ ထား၀ယ်မြို့ ဒေသခံတွေနဲ့ ဧည့်သည်တွေက ထား၀ယ်မြစ်ကမ်းနံဘေးရှိ သတ်မှတ်ထားတဲ့ နေရာ ၆ နေရာမှာ ထား၀ယ်ရိုးရာ သပိတ်ငယ်တွေနဲ့ သပိတ်ကြီးတွေကို မျှောပြီး ပူဇော်ခဲ့ကြတယ်လို့ ထား၀ယ်ရိုးရာသပိတ်မျှော ပွဲစီစဉ်သူတွေထံက သိရပါတယ်။ ထား၀ယ်မြို့၊ တလိုင်းထိန်ရပ်ကွက်၊ ဆိပ်ကမ်းသာလမ်း၊ ပြည်သူ့အပန်းဖြေရင်ပြင်နေရာ၊ ကြက်စားပြင်ရပ်ကွက်၊ မင်းရပ်ကူးတို့ဆိပ်နေရာ အပါအ၀င် လှေဆိပ်တွေမှာ အရှင်ဥပဂုတ္တမထေရ်မြတ်အား ရည်စူးပြီး ထား၀ယ်ရိုးရာ သပိတ်မျှောပွဲတော် ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။ “မနှစ်ကထက် ပိုစည်ကားတယ်၊ သပိတ်လည်း ပိုတယ်၊ လူလည်း ပိုလာတယ်၊ ၃ နာရီခွဲ ၄ နာရီလောက်မှာ လူအစတိုးလာတယ်၊ ၅ နာရီလောက်မှာ လူပိုပြီး တိုးလာတယ်” လို့ မင်းရပ်ကူးတို့ဆိပ်မှာ ပြုလုပ်တဲ့ ထား၀ယ်ရိုးရာသပိတ်မျှောပွဲကို ဦးဆောင်သူတဦးဖြစ်တဲ့ ဦးအောင်ဆွေက ပြောပါတယ်။ ထားဝယ်ရိုးရာသပိတ်မျှောပွဲကို တနင်္သာရီတိုင်း၀န်ကြီးချုပ် ဦးမြင့်မောင်နဲ့ အစိုးရအဖွဲ့ ဝန်ကြီးတွေ၊ လွှတ်တော်ဥက္ကဋ္ဌနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေလည်း တက်ရောက် သပိတ်မျှောခဲ့ကြပါတယ်။ ထား၀ယ်မြို့၊ ကမြောကင်းတံတားအနီး မီးပွိုင့်နေရာတွင်လည်း အောက်တိုဘ ၁၂ ရက် ည က သပိတ်မျှောပွဲတော် သွားရောက်တဲ့ယာဉ်တွေ များပြားမှုကြောင့် လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ပါတယ်။ အရှင်ဥပဂုတ္တမထေရ်မြတ်အား ရည်စူးပြီး သပိတ်များမျှောကာ အရုဏ်ဆွမ်းကပ်လှူဒါန်းတဲ့ ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော်ကို နှစ်စဉ်ကျင်းပတာဖြစ်ပြီး သပိတ်ထဲမှာ ဆွမ်း၊ မုန့်၊ သစ်သီး၊ ပေါက်ပေါက်၊ မုန့်ဆီကြော်၊ ယိုအမျိုးမျိုး စတဲ့လှူဖွယ်တွေကို ထည့်ပြီး တံခွန်၊ ကုက္ကားတွေ စိုက်ထူကာ ဆီးမီးထွန်းညှိ သပိတ်မျှောတာလည်း ဖြစ်ပါတယ်။ ရာသီဥတု မိုးသေ၀လ ကောင်းမွန်စေဖို့၊ ဆန် ရေ စပါး စီးပွားဥစ္စာ ပေါများတိုးတက်စေဖို့၊ မိုးဒဏ်၊ လေဒဏ်၊ သဘာဝဘေး ရန်တွေနဲ့ မကောင်းသောဘေးဘယာ ကံကြမ္မာအပေါင်း ကင်းဝေးလွတ်မြောက်စေဖို့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တာလို့ သိရပါတယ်။ တနင်္သာရီတိုင်း ထားဝယ်မြို့မှာ ထားဝယ်ရိုးရာ သပိတ်မျှောပွဲကို ပြီးခဲ့တဲ့နှစ်တွေက ၁ ရက်သာ ကျင်းပခဲ့ပေမယ့် ဒီနှစ်မှာတော့ ၃ ရက် ကျင်းပမယ်လို့ သိရပါတယ်။
3 years Ago
Up