close

ထားဝယ်ရိုးရာ သပိတ်မျှောပွဲ ကျင်းပ

တနင်္သာရီတိုင်း ထားဝယ်မြို့ပေါ်နဲ့ ဒေသတွင်းက နေရာတချို့မှာ  အောက်တိုဘာ ၉ ရက် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)မှာ ထားဝယ်ရိုးရာ သပိတ်မျှောပွဲ ပြုလုပ်ခဲ့ကြ ပါတယ်။

အရှင်ဥပဂုတ္တမထေရ်မြတ်ကို ရည်းစူးဆွမ်းကပ်တဲ့ အဲဒီသပိတ်မျှော်ပွဲကို နှစ်စဥ် သီတင်းကျွတ်လ ပြည့်နေ့ အရုဏ်တက်ချိန်မှာ ပြုလုပ်ကြတာဖြစ်ပြီး ဆွမ်း၊ သစ်သီး၊ မုန့်ဆီကြော်၊ ကုက္ကား၊ တံခွန်တိုင် အစရှိတာတွေထည့်ထားတဲ့ သပိတ်အိုးတွေကို ဒီရေကျတဲ့အချိန် မြစ်၊ ချောင်း၊ ပင်လယ်တွေထဲ ရေစီးနဲ့ မျှောချကြတာပါ။

ရာသီဥတု မဖောက်ပြားဖို့၊ ဆန်ရေစပါးအထွက်တိုးဖို့နဲ့ ဘေးဘယာကွင်းဝေစေဖို့ ဆုတောင်း ပူဇော်ကြတဲ့ ရိုးရာသပိတ်မျှောပွဲတော်ဟာ ဒေသအတွင်း အစည်ကားဆုံး ပွဲတော်တွေထဲက တခု ဖြစ်ပြီး လူကြီးလူငယ် ကလေးမရွေး ပါဝင်ဆင်နွှဲလေ့ရှိကြပါတယ်။

ကိုဗစ်နဲ့ အာဏာသိမ်းမှုမတိုင်မီကတော့ တနင်္သာရီတိုင်းမြို့တော် ထားဝယ်မှာ တိုင်းအစိုးရအဖွဲ့က ဦးစီးပြီး နှစ်တိုင်းနီးပါး သပိတ်မျှောပွဲတော် ကျင်းပပြုလုပ်လေ့ရှိပါတယ်။

အခုနှစ်မှာတော့ စစ်ကောင်စီက လုပ်မယ့် သပိတ်မျှောပွဲတော်ကို မသွားဖို့ ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထုတ်ပြန်ခဲ့သလို အောက်တိုဘာ ၆ ရက် ညနေပိုင်း ကလည်း သပိတ်မျှောပွဲတော်လုပ်မယ့် ထားဝယ်မြို့ ကမ်းနားလမ်းက ဖျော်ဖြေရေးမဏ္ဍပ်ကို ထားဝယ်ပြောက်ကျားတပ်ဖွဲ့က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲသတိပေးခဲ့ပါတယ်။

ထားဝယ်မြို့ပေါ်က ထားဝယ်ရိုးရာသပိတ်မျှောပွဲကို တလိုင်းမရပ်ကွက်၊ ကမ်းနားလမ်းမှာ ဒီကနေ့ အောက်တိုဘာ ၉ ရက် မနက် ၄ နာရီလောက်က ကျင်းပခဲ့ပြီး စစ်ကောင်စီခန့် တနင်္သာရီ တိုင်းဝန်ကြီးချုပ် ဦးမြတ်ကိုနဲ့ တိုင်းစစ်ကောင်စီအဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။

အဲဒီသပိတ်မျှောပွဲအခမ်းအနားကို လာရောက်ကြဖို့ ထားဝယ်မြို့ထဲ လှည့်လည်ဆော်သြတာတွေ ရှိခဲ့ပေမဲ့ မြို့ခံအများစု သွားရောက်တာ မရှိဘဲ  ဌာနဆိုင်ရာဝန်ထမ်း တချို့နဲ့ စစ်တပ်အသိုင်း အဝိုင်းက လူတွေသာ သွားရောက်ခဲ့ကြတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

ထားဝယ်ရိုးရာ သပိတ်မျှောပွဲကို ရှေးခေတ်ထားဝယ်မင်းများလက်ထက်ကတည်းက ပြုလုပ်ခဲ့ကြတာပါ။

ထားဝယ်ရိုးရာ သပိတ်မျှောပွဲကို မြစ်၊ ချောင်း၊ ပင်လယ်တွေနဲ့ နီးတဲ့ ​ကျေးရွာတွေမှာ ပြုလုပ်လေ့ ရှိပြီး အနီးအနားကျေးရွာတွေကလည်း လာရောက်ဆင်နွှဲလေ့ရှိပါတယ်။

ဓာတ်ပုံ_ လောင်းလုံးမြို့နယ်၊ ကျေးရွာတရွာရဲ့ ဒီကနေ့ သပိတ်မျှောပွဲမြင်ကွင်း

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up