close

ထားဝယ်သပိတ်စစ်ကြောင်း

close

March 10, 2022

ထားဝယ်သပိတ်စစ်ကြောင်း ဖြိုခွင်းခံရစဉ် ဖမ်းဆီးခံ လူငယ် ၁ ဦး ထောင်ဒဏ် ၂၈ နှစ် ချမှတ်ခံရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ သပိတ်စစ်ကြောင်း ဖြိုခွင်းခံရစဉ် ပစ်ခတ်ဖမ်းဆီးခံရတဲ့ ကိုဟိန်းမင်းကိုကို (ခ) ဟိန်းလွင်ထူးကို ထားဝယ်ထောင်တွင်း တရားရုံးကနေ အလုပ်နဲ့ ထောင်ဒဏ် ၂၈ နှစ် အမိန့်ချမှတ်ခဲ့တယ်လို့ ထားဝယ် နိုင်ငံရေးအကျဉ်းသားများကွန်ရက် (DPPN) ကနေ သိရပါတယ်။
အသက် ၂၀ အရွယ် ကိုဟိန်းမင်းကိုကိုဟာ ရှေ့နေမရှိဘဲ အမှုရင်ဆိုင်ခဲ့ရသူတဦးဖြစ်ပြီး ပုဒ်မ ၅၀၅(က) အတွက် ထောင်ဒဏ် ၂ နှစ်၊ ပေါက်ကွဲပုဒ်မ ၃ အတွက် ၂ နှစ်၊ ပေါက်ကွဲပုဒ်မ ၃/၆ အတွက် ၁၂ နှစ်နဲ့ ပေါက်ကွဲပုဒ်မ ၃/၅ အတွက် ၁၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၂၈ နှစ်တိတိ စစ်ကောာင်စီတရားရုံးက မတ်လ ၄ ရက်က အပြီးသတ် အမိန့်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ကိုဟိန်းမင်းကိုကိုဟာ ပြီးခဲ့တဲ့နှစ် မေလ ၁၁ ရက်က ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်မှာ သပိတ်စစ်ကြောင်း ဖြိုခွင်းခံရစဉ် ပစ်ခတ်ဖမ်းဆီးခံရပြီး ဖမ်းဆီးခံရစဉ် ရာဘာကျည်နဲ့ အနီးကပ် ပစ်ခတ်ခံခဲ့ရလို့ ခြေထောက်နဲ့ လက်မောင်းတို့မှာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။
ထားဝယ်နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက "ဟိန်းမင်းကိုကို ထောင်ထဲစရောက်ခါစမှာ ပေါင်သလုံးနဲ့ တင်ပါးမှာ ကျည်ကိုးချက်။ လက်မောင်းတဝိုက်မှာ ကိုးချက်။ ရော်ဘာကျည်တလုံးကိုတော့ ထောင်မကြီးထဲရောက်ပြီး တလလောက်ကြာပြီးမှ အစိမ်းသက်သက် ခွဲထုတ်ပေးခဲ့တာ ကျနော့်မျက်မြင်ပါပဲ" လို့ ပြောပါတယ်။
ထားဝယ်ခရိုင်အတွင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့် အဖမ်းခံခဲ့ရတဲ့သူ အများစုဟာ လွန်ခဲ့တဲ့ ၆ လလောက်ကတည်းက ရှေ့နေလိုက်ပါခွင့် မရကြတဲ့အတွက် မိသားစုနဲ့ အဆက်အသွယ် မရသူတွေ ရှိတယ်လို့ သိရပါတယ်။
ထားဝယ်အကျဉ်းထောင်မှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့် ဖမ်းဆီးခံခဲ့ရကာ ထောင်ဒဏ်အမိန့် ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသား ၁၈၅ ယောက်လောက်ရှိပြီး အခု ထောင်ဒဏ် ၂၈ နှစ် ချမှတ်ခံလိုက်ရတဲ့ ကိုဟိန်းမင်းကိုကိုကတော့ အမြင့်ဆုံးထောင်ဒဏ် ချမှတ်ခံခဲ့ရတဲ့သူ ဖြစ်ပါတယ်။

15 mins Ago

May 12, 2021

ထားဝယ်သပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံ အသက်မပြည့်သေးသည့် လူငယ် ၃ ဦး ပြန်လွတ်

ထားဝယ်တပ်ပေါင်းစုသပိတ်စစ်ကြောင်းကနေ  မေလ ၁၁ ရက်မနက်က  ဖမ်းဆီးခံခဲ့ရတဲ့ ဒေသခံပြည်သူ ၁၅ ယောက်ထဲက လူငယ် ၃ ယောက်ကို အသက်မပြည့်သေးတဲ့အတွက် ဒီနေ့ မေလ ၁၂ ရက် ညနေ ၅ နာရီခွဲမှာ  စစ်ကောင်စီရဲစခန်းက ပြန်လွှတ်ပေးလိုက်ပါတယ်။

ထားဝယ်မြို့ အထက ၂ က ကိုးတန်းကျောင်းသားတွေဖြစ်တဲ့ မောင်လရောင်သွေး၊ မောင်ကောင်းဆက်ဟိန်းနဲ့ မောင်ဝေလွင်ဦးတို့ကို အသက်မပြည့်သေးလို့ ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

ခံဝန်နဲ့ ပြန်လွတ်လာတာဖြစ်ပြီး အမှုတော့ ဆက်ရင်ဆိုင်ရဦးမယ်လို့ သိရပါတယ်။ အဆိုပါ ကျောင်းသားသုံးဦးကို ပုဒ်မ   ၅၀၅ (က)၊  ပုဒ်မ  ၅၀၅ (ဂ) ၊ ပုဒ်မ ၁၄၅ တို့နဲ့ တရားစွဲဆိုထားတာပါ။

ထားဝယ်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂက ကျောင်းသားတစ်ဦးက “ပြန်လွတ်လာတာကို ဝမ်းသာပေမဲ့ မဆိုင်ဘဲ စဖမ်းတာကိုက မကြိုက်တာပါ။ အပြစ်မဲ့ပြည်သူတွေ ကျောင်းသားတွေကို  အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ်'' လို့ ပြောပါတယ်

ထားဝယ်မြို့မှာ မေလ  ၁၁ ရက် မနေ့ မနက်ပိုင်းက ထားဝယ်တပ်ပေါင်းစုသပိတ်စစ်ကြောင်းဆန္ဒပြဖို့  လူစုတုန်း  အလံမလွှင့်ထူခင်မှာဘဲ လူစီးကား နဲ့ ရဲကားတွေနဲ့ သေနတ်ပစ်ဖောက်လာရောက်ပြီး ပြည်သူ ၁၅ ယောက်ကို ဖမ်းဆီးသွားတာပါ။ 

ဒီနေ့ ပြန်လွတ်လာတဲ့ အထက ၂ ကိုးတန်းကျောင်းသား မောင်ကောင်းဆက်ဟိန်းကလည်း အိမ်ရှေ့ကနေ ထွက်ကြည့်မိတဲ့အတွက် ဆန္ဒပြသူတွေနဲ့တစ်ပါတည်း အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

10 months Ago
Up