close

ထားဝယ်သပိတ်စစ်ကြောင်း ဖြိုခွင်းခံရစဉ် ဖမ်းဆီးခံ လူငယ် ၁ ဦး ထောင်ဒဏ် ၂၈ နှစ် ချမှတ်ခံရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ သပိတ်စစ်ကြောင်း ဖြိုခွင်းခံရစဉ် ပစ်ခတ်ဖမ်းဆီးခံရတဲ့ ကိုဟိန်းမင်းကိုကို (ခ) ဟိန်းလွင်ထူးကို ထားဝယ်ထောင်တွင်း တရားရုံးကနေ အလုပ်နဲ့ ထောင်ဒဏ် ၂၈ နှစ် အမိန့်ချမှတ်ခဲ့တယ်လို့ ထားဝယ် နိုင်ငံရေးအကျဉ်းသားများကွန်ရက် (DPPN) ကနေ သိရပါတယ်။
အသက် ၂၀ အရွယ် ကိုဟိန်းမင်းကိုကိုဟာ ရှေ့နေမရှိဘဲ အမှုရင်ဆိုင်ခဲ့ရသူတဦးဖြစ်ပြီး ပုဒ်မ ၅၀၅(က) အတွက် ထောင်ဒဏ် ၂ နှစ်၊ ပေါက်ကွဲပုဒ်မ ၃ အတွက် ၂ နှစ်၊ ပေါက်ကွဲပုဒ်မ ၃/၆ အတွက် ၁၂ နှစ်နဲ့ ပေါက်ကွဲပုဒ်မ ၃/၅ အတွက် ၁၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၂၈ နှစ်တိတိ စစ်ကောာင်စီတရားရုံးက မတ်လ ၄ ရက်က အပြီးသတ် အမိန့်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ကိုဟိန်းမင်းကိုကိုဟာ ပြီးခဲ့တဲ့နှစ် မေလ ၁၁ ရက်က ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်မှာ သပိတ်စစ်ကြောင်း ဖြိုခွင်းခံရစဉ် ပစ်ခတ်ဖမ်းဆီးခံရပြီး ဖမ်းဆီးခံရစဉ် ရာဘာကျည်နဲ့ အနီးကပ် ပစ်ခတ်ခံခဲ့ရလို့ ခြေထောက်နဲ့ လက်မောင်းတို့မှာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။
ထားဝယ်နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက "ဟိန်းမင်းကိုကို ထောင်ထဲစရောက်ခါစမှာ ပေါင်သလုံးနဲ့ တင်ပါးမှာ ကျည်ကိုးချက်။ လက်မောင်းတဝိုက်မှာ ကိုးချက်။ ရော်ဘာကျည်တလုံးကိုတော့ ထောင်မကြီးထဲရောက်ပြီး တလလောက်ကြာပြီးမှ အစိမ်းသက်သက် ခွဲထုတ်ပေးခဲ့တာ ကျနော့်မျက်မြင်ပါပဲ" လို့ ပြောပါတယ်။
ထားဝယ်ခရိုင်အတွင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့် အဖမ်းခံခဲ့ရတဲ့သူ အများစုဟာ လွန်ခဲ့တဲ့ ၆ လလောက်ကတည်းက ရှေ့နေလိုက်ပါခွင့် မရကြတဲ့အတွက် မိသားစုနဲ့ အဆက်အသွယ် မရသူတွေ ရှိတယ်လို့ သိရပါတယ်။
ထားဝယ်အကျဉ်းထောင်မှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့် ဖမ်းဆီးခံခဲ့ရကာ ထောင်ဒဏ်အမိန့် ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသား ၁၈၅ ယောက်လောက်ရှိပြီး အခု ထောင်ဒဏ် ၂၈ နှစ် ချမှတ်ခံလိုက်ရတဲ့ ကိုဟိန်းမင်းကိုကိုကတော့ အမြင့်ဆုံးထောင်ဒဏ် ချမှတ်ခံခဲ့ရတဲ့သူ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up