မန်ယူအသင်းမှာ ဆုဖလားရရှိဖို့ အာမခံချက်မရှိတာကြောင့် ထိပ်တန်းအဆင့်ကစားသမားတွေ မလာနိုင်ကြောင်း ကစားသမားဟောင်းအဲရစ်ကန်တိုနာက ပြောပါတယ်။
ယူနိုက်တက်အသင်းဟာ ဆာအဲလက်စ်ဖာဂူဆန်ခေတ်က ကမ္ဘာ့အကောင်းဆုံးကစားသမားတွေကို ဆွဲဆောင်နိုင်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ အရင်ကအခြေအနေနဲ့ ကွဲခြားသွားပြီဖြစ်ကြောင်း ကန်တိုနာကပြောပါတယ်။
“အကောင်းဆုံးကစားသမားဆိုတဲ့သူတွေဟာ ဆုဖလားတွေ ရယူနိုင်စွမ်းရှိတဲ့အသင်းမှာပဲ ကစားချင်ကြတာပါ။ မန်ယူနိုက်တက်အသင်းက အကောင်းဆုံးကစားသမားတွေကို ရွေးချယ်နိုင်စွမ်းရှိတဲ့ အခြေအနေမှာ မရှိတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အကောင်းဆုံး ကစားသမားတွေက ယူနိုက်တက်အသင်းကို မလာချင်တော့တာကြောင့်ဖြစ်တယ်”လို့ အဲရစ်ကန်တိုနာကပြောပါတယ်။
မန်ယူအသင်းဟာ အခုနှစ်ဇန်နဝါရီအပြောင်းအရွှေ့မှာ ဟော်လန် တိုက်စစ်မှူးဂတ်ပို၊ ပေါ်တူဂီတိုက်စစ်မှူး ယာအိုဖိလစ်တို့ကိုခေါ်ယူဖို့ ချိတ်ဆက်ခဲ့ပေမယ့် အဆင်မပြေ ဖြစ်ခဲ့ရပါတယ်။
အဲဒီနောက် ဘန်လေကနေ ဘက်ဆစ်တပ်အသင်းမှာအငှားထွက်ကစားနေတဲ့ တိုက်စစ်မှူး ဝက်ဂ်ဟော့စ်ကို အငှားစာချုပ်နဲ့ပဲခေါ်ယူခဲ့တာဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းမှာ ထိပ်တန်းကစားသမားတွေရှိပေမဲ့ အတွဲအဖက်မိဖို့အတွက် အချိန်ယူရဦးမယ်လို့ နည်းပြပိုချက်တီနိုက ပြောပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ဘယ်လ်ဂျီယံကလပ် ဘရုဂေးနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မက်ဆီ၊ နေမာ၊ အမ်ဘာပေ တို့ရဲ့ MNM တိုက်စစ်အတွက်ကို ပွဲထွက်စေခဲ့ပေမဲ့ သူတို့ ၃ ဦးလုံးဂိုးမသွင်းနိုင်ခဲ့သလို အသင်းကလည်း ၁ ဂိုးစီ သရေရလဒ်သာရခဲ့တာပါ။
ဘရုဂေးနဲ့ သရေကျတဲ့ပွဲဟာ တိုက်စစ်မှူး ၃ ယောက် အတွဲအဖက်မမိတာက အဓိကပြဿနာမဟုတ်ခဲ့ပေမဲ့ အောင်မြင်မှုတွေရယူဖို့ အတွက်ဆိုရင်တော့ နားလည်မူရှိရှိတွဲဖက် ကစားနိုင်ဖို့ လိုတယ်လို့ ပိုချက်တီနိုက ပြောပါတယ်။
ထိပ်တန်းကစားသမားတွေရှိတာလည်း မှန်ပေမဲ့ တိုက်စစ်ရော ခံစစ်မှာပါ အတွဲအဖက်မိမိကစားနိုင်ဖို့ အချိန်လိုအပ်တယ်လို့ နည်းပြပိုချက်တီနိုက မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။