close

ထိုင်ဝမ်မင်းသမီး

close

February 2, 2023

ထိုင်ဝမ်မင်းသမီးနှင့်အဖွဲ့ထံက ငွေညှစ်မှု သက်သေခိုင်လုံသဖြင့် ထိုင်းရဲ ၆ ဦး အဖမ်းခံရ

ပြီးခဲ့တဲ့ နှစ်သစ်ကူးကာလက ထိုင်းကို အလည်အပတ်ရောက်ရှိလာတဲ့ ထိုင်ဝမ်သရုပ်ဆောင် မင်းသမီး အန်းယူချင်း (ခ) ချာလီအဲန်းနဲ့ သူ့အပေါင်းအဖော်တွေ ထိုင်းရဲရဲ့ ငွေညှစ်မှုခံခဲ့ရတဲ့ အမှုမှာ ပါဝင်ပတ်သက်တဲ့  ရဲဝန်ထမ်း ၆ ဦးကို တာဝန်ရှိသူတွေက ဖေဖော်ဝါရီ ၂ ရက်မှာ ဖမ်းဆီးအရေးယူလိုက်ပါတယ်။

အဆိုပါ ရဲဝန်ထမ်း ၆ ဦးမှာ ဟွေ့ခွမ်နယ်မြေရဲတပ်ဖွဲ့မှ ဒုရဲအုပ်အဆင့် ၂ ဦး၊ ရဲတပ်ကြပ်ကြီး ၁ ဦးနဲ့ ဒုရဲတပ်ကြပ် ၃ ဦးတို့ ပါဝင်ပြီး ပုဒ်မ ၁၄၉ လာဘ်စားမှုနဲ့ အမှုဖွင့်ခံရကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံးအချုပ်ခန်းကို ပို့လိုက်ပြီလို့ ဟွေ့ခွမ်နယ်မြေရဲတပ်ဖွဲ့ အထူးစုံစမ်းစစ်ဆေးရေးမှူး ရဲမှူး ထီရဒေ့ချ် ထမ်းဆုရီက ပြောပါတယ်။

အဆိုပါ ပုဒ်မ ၁၄၉ အရ ပြစ်မှုအကြီးအသေးပေါ်မူတည်ပြီး ထောင်ဒဏ် အနည်းဆုံး ၅ နှစ်မှ နှစ် ၂၀ ထိ သို့မဟုတ် ထောင်ဒဏ်တသက် ဒါမှမဟုတ် ငွေဒဏ် ဘတ် ၁ သိန်းမှ ၄ သိန်းထိ ဒါမှမဟုတ် သေဒဏ်ထိ ကျခံရနိုင်တယ်လို့ ဆိုပါတယ်။

ငွေတောင်းခံတဲ့နေရာမှာ မူလက ရဲ ၇ ဦးရှိပေမဲ့ ၁ ဦးက နောက်ထပ်အမှုအခင်း ၁ ခု ပေါ်လာလို့ အဲဒီနေရာက ထွက်သွားတာကြောင့် သူကတော့ အမှုကနေ လွတ်သွားပါတယ်။

အဆိုပါစစ်ဆေးရေးဂိတ်မှာ ရဲဝန်ထမ်း ၁၄ ဦး တာဝန်ထမ်းဆောင်ခဲ့ပြီး လမ်းရဲ့ တဖက်တချက်မှာ ၇ ဦးစီ စောင့်ဆိုင်းခဲ့ကြောင်း၊ ၁၄ ဦးစလုံးကတော့ ဒီမတိုင်ခင် ရှေ့က တာဝန်ဝတ္တရား ပေါ့လျော့လစ်ဟင်းမှုနဲ့ ပုဒ်မ ၁၅၇ အရ ရာထူးမှရွှေ့ပြောင်းခံထားရပြီး ဖြစ်ပါတယ်။

ထိုင်ဝမ်မင်းသမီးနဲ့ အပေါင်းအဖော်တွေဆီက ဥပဒေကတားမြစ်ထားတဲ့ လျှပ်စစ်စီးကရက် တွေ့ပါလျက်၊ ပတ်စပို့ အထောက်အထား မပြည့်စုံပါလျက်နဲ့ ရဲစခန်းမှာ ခေါ်မလာဘဲ ပြန်လွှတ်လိုက်တာနဲ့ ပတ်သက်လို့ ၁၄ ဦးလုံး တာဝန်ဝတ္တရားလစ်ဟင်းမှုနဲ့ အရေးယူခံရတာ ဖြစ်ပါတယ်။

ဒီမတိုင်ခင် ရဲတပ်ဖွဲ့က အဆိုပါအမှုကို လှည့်ပတ်အချိန်ဆွဲနေခဲ့ပြီး ထိုင်းလွှတ်တော်အမတ်ဟောင်း ခွန်ချူဝစ်ကမွန်ဝိဆစ်က ရဲကို ကိုယ်တိုင်ငွေပေးခဲ့ရတယ်ဆိုတဲ့ ထိုင်ဝမ်မင်းသမီးရဲ့ သူငယ်ချင်းကို စင်ကာပူနိုင်ငံကနေ ခေါ်ယူခဲ့ကာ ယမန်နေ့က သက်သေအဖြစ် လာရောက်ရှင်းလင်းစေခဲ့ပါတယ်။

စကိုင်းလို့ခေါ်တဲ့ အဆိုပါ စင်ကာပူနိုင်ငံသားကလည်း အဲဒီညက သူတို့သူငယ်ချင်း မွေးနေ့ကအပြန် ရဲတွေနဲ့တွေ့ကြောင်း၊ ရဲတွေက သူတို့အိတ်ထဲ စစ်ဆေးရှာဖွေရာမှာ အီးစီးကရက် ၃ လိပ်တွေ့လို့ ပြဿနာစရှာတယ်လို့ ဆိုပါတယ်။

သူတို့ကတော့ အဆိုပါစီးကရက်ကို ဘန်ကောက် ညဈေးမှာ ချရောင်းနေတာတွေ့လို့ ဝယ်ခဲ့ပြီး ဥပဒေက တားမြစ်မှန်းလည်း မသိဘူးလို့ ပြောပါတယ်။

အဲဒီနောက် ပတ်စပို့မေးရာမှာ ၄ ယောက်ထဲမှာ ၁ ယောက်ပဲ ပါလာကြောင်း၊ မိတ္တူပဲရှိတယ် စာအုပ်က ဟိုတယ်မှာ ကျန်ခဲ့တယ်၊ ပြန်သွားယူရမလားလို့မေးတော့ ရဲက မလိုဘူး သွားလေရာ ပတ်စပို့မဆောင်လို့ အပြစ်ရှိတယ်လို့ ပြောပါတယ်။

အီးစီးကရက်ပါတဲ့အတွက် ၁ လိပ်ကို ဘတ် ၈,၀၀၀၊ ၃ လိပ်အတွက် ဘတ် ၂၄,၀၀၀၊ ပတ်စပို့ဆောင်မထားလို့ ၁ ဦးကို ဘတ် ၁,၀၀၀ နဲ့ ၃ ဦးအတွက် ဘတ် ၃,၀၀၀ စုစုပေါင်း ဘတ်ငွေ ၂၇,၀၀၀ ဆောင်ရမယ်၊ မဆောင်ရင် ရဲစခန်းမှာ ၃ ညအိပ်ပြီး တရားရင်ဆိုင်ရမယ်လို့ ပြောတာကြောင့် လွန်စွာစိတ်ညစ်သွားကြပြီး ငွေပေးလိုက်ရတာလို့ ထွက်ဆိုသွားပါတယ်။

ခွန်ချူဝစ်က ဟွေ့ခွမ်ရဲစခန်းရှိ ရဲဝန်ထမ်းအားလုံးပါ ဓာတ်ပုံပြပြီး အဲဒီညက ငွေတောင်းသူတွေကို လက်ညှိုးထိုးပြခိုင်းခဲ့ရာမှာ စကိုင်းကလည်း ၆ ဦးရဲ့ပုံတွေ လက်ညှိုးထိုးပြခဲ့ပါတယ်။

သူတို့သတင်းစာရှင်းပွဲပြီးတာနဲ့ ဟွေ့ခွမ်ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေ ရောက်လာပြီး စကိုင်းကို ထပ်မံစစ်ဆေးမေးမြန်းခဲ့ပါတယ်။ အဲဒီနောက် သက်သေအထောက်အထား ခိုင်လုံတာနဲ့ ပါဝင်ပတ်သက်သူ ရဲ ၆ ဦးကို ဖမ်းလိုက်တာဖြစ်ပါတယ်။

ထိုင်ဝမ်မင်းသမီး အန်းယူချင်းကလည်း ခွန်ချူဝစ်ကို ဗီဒီယိုကော်လ်ခေါ်ကာ အမှန်တရားဘက်က ရပ်တည်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း၊ ခွန်ချူဝစ်ကို ဆွေမျိုးသားချင်းလို သဘောထားပြီး လိုအပ်တဲ့အကူအညီ ပေးမယ့်အကြောင်း ပြောကြားခဲ့ပါတယ်။

ခွန်ချူဝစ်က ရဲတွေ အခုလိုငွေညှစ်ပြီး ရလာတဲ့ငွေတွေဟာ သူတို့အိပ်ကပ်ထဲ တန်းပြီးဝင်တာ မဟုတ်ဘဲ အထက်အရာရှိဆီ ပို့ပေးပြီးမှ အချိုးကျပြန်ရကြောင်း၊ နခွန်းဘန်နယ်မြေထဲမှာ လက်အောက်ခံ ရဲစခန်းပေါင်း ၈၈ ခုရှိပြီး ရဲစခန်း ၁ ခုမှာ တနေ့ကို ဒဏ်ငွေ ဘတ် ၁ သိန်း ရှာပေးရကြောင်း၊ ဒါကြောင့် နခွန်းဘန်နယ်မြေရဲတပ်ဖွဲ့ရဲ့ တလဝင်ငွေဟာ ၂၆၄ သန်းရှိတယ်၊ ဒါတောင် ဘန်ကောက် တခြားနယ်မြေတွေ မပါသေးဘူး၊ ရဲတွေဟာ ကာစီနိုရုံကနေ ငွေမရလို့ စစ်ဆေးရေးဂိတ်ချပြီး ငွေရှာနေတာလို့ သံပုံးတီးပြီး အားလုံးသိအောင် ပြောလိုက်မယ်ဆိုပြီး သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။

3 hours Ago

January 31, 2023

ထိုင်ဝမ်မင်းသမီး ငွေညှစ်ခံရသည့်ကိစ္စ ထိုင်းရဲချုပ်တောင်းပန်

ထိုင်ဝမ်သရုပ်ဆောင်မင်းသမီးအန်ယူချင်း ထိုင်းနိုင်ငံကို အလည်လာစဉ် ထိုင်းရဲတွေရဲ့ ငွေညှစ်တာကိုခံရတဲ့အမှုနဲ့ ပတ်သက်ပြီး မင်းသမီးနဲ့တကွ စိတ်အနှောင့်အယှက်ဖြစ်ရသူ အားလုံးကို တောင်းပန်ကြောင်း ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ်ကြီး ဒမ်းရုန်းဆဒ်ကစ်သီပဖတ်က ဇန်နဝါရီ ၃၁ ရက် ဒီနေ့မနက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

လက်ရှိအခြေအနေမှာ အမှုမှန်ပေါ်ပေါက်ရေးအတွက် လူသက်သေ၊ အရာဝတ္ထု သက်သေတွေ စစ်ဆေးနေကြောင်း၊ ထိုင်ဝမ်နဲ့ စင်ကာပူနိုင်ငံကိုလည်း ရဲတွေစေလွှတ်ပြီး စစ်ဆေးမှာဖြစ်ကြောင်း၊ သက်သေတွေအနေနဲ့ ထိုင်းရဲတပ်ဖွဲ့နဲ့ တိုက်ရိုက်မပြောလိုပါက နိုင်ငံတကာရဲတွေနဲ့ တဆင့်ပြောနိုင်ကြောင်း ထိုင်းရဲချုပ်က ပြောပါတယ်။

ထိုင်ဝမ်မင်းသမီးနဲ့ အပေါင်းပါတွေဆီမှာ ဥပဒေက ခွင့်မပြုတဲ့ လျှပ်စစ်စီးကရက် တွေ့ပါလျက်နဲ့ အရေးမယူဘဲတရားခံတွေ ပြန်လွှတ်လိုက်တာနဲ့ပတ်သက်ပြီး စစ်ဆေးရေးဂိတ်မှာ တာဝန်ကျတဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦးကိုရော အခင်းဖြစ်တဲ့ ဟွေ့ခွမ်နယ်မြေ ရဲတပ်ဖွဲ့ စခန်းမှူး ရဲမှူး ယင့်ယုဒ် ဆုဝမ်နိုကိုပါ ပုဒ်မ ၁၅၇ အရ တာဝန်ဝတ္တရားလစ်ဟင်းမှုနဲ့ ပြောင်းရွှေ့မိန့် ပေးထားတယ်လို့ ဆိုပါတယ်။

ထိုင်ဝမ်မင်းသမီးဆီက ဘတ်ငွေ ၂၇,၀၀၀ ညှစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး မနေ့က အဆိုပါ စစ်ဆေးရေးဂိတ်မှာ တာဝန်ကျတဲ့ ရဲ ၁၄ ဦးကို ခေါ်ယူစစ်ဆေးခဲ့ကြောင်း၊ တဦးတယောက်မှ ဝန်ခံခြင်းမရှိသေးပေမဲ့ အမှန်တရားပေါ်ပေါက်အောင် စစ်ဆေးဆောင်ရွက်နေကြောင်း၊ အဖွဲ့အစည်းတခုမှာ ကောင်းတဲ့သူရှိသလို မကောင်းတဲ့သူလည်းရှိကြောင်း၊ အကျင့်ပျက်ဝန်ထမ်းကို ဆက်ပြီး လက်ခံထားစရာ အကြောင်းမရှိ၊ ပြစ်မှုထင်ရှားက ဘက်လိုက်ခြင်းမရှိဘဲ ပြတ်ပြတ်သားသား အရေးယူမယ်လို့ ရဲချုပ်ကြီးက ဒီနေ့မနက် သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်မာဖီးယားဂိုဏ်းနဲ့ ထိုင်းအစိုးရဝန်ထမ်းတွေ အကျင့်ပျက်ခြစားမှု စုံစမ်းဖော်ထုတ်နေသူ ထိုင်းလွှတ်တော်အမတ်ဟောင်း ခွန်ချုဝစ်ကမွန်ဝိဆစ်ကတော့ အခင်းဖြစ်တဲ့ညမှာ ပါဝင်သူ ထိုင်းရဲတဦးက ငွေတောင်းမိတာကို ဝန်ခံထားကြောင်း၊ ရဲကို ငွေသွားထုတ်ပေးသူမှာ မင်းသမီးရဲ့ အပေါင်းအသင်း စင်ကာပူနိုင်ငံသားဖြစ်ပြီး သူ့ဆီမှာ ခိုင်လုံတဲ့သက်သေ ရှိတယ်လို့ မနေ့က သတင်းထောက်တွေကို ပြောပါတယ်။

အဆိုပါ စင်ကာပူနိုင်ငံသားကို ထိုင်းမှာပြန်လာပြီး သက်သေထွက်ဆိုပေးဖို့ သူကိုယ်တိုင် (ခွန်ချူဝစ်) လမ်းစရိတ်ထုတ်ပေးမှာဖြစ်ပြီး ရဲဝန်ထမ်းတွေယူထားတဲ့ ငွေ ၂၇,၀၀၀ ကိုတော့ ရဲတပ်ဖွဲ့က ပြန်ပေးပလေ့စေလို့ ပြောပါတယ်။

ထိုင်းရဲတပ်ဖွဲ့ဟာ အမှုမှန်ကို ဖုံးကွယ်ဖို့အတွက် တရုတ်သံရုံးနားက စီစီတီဗွီကင်မရာပါ အချက်အလက်တွေရော၊ ရဲတွေရဲ့ဦးထုပ်မှာ တပ်ထားတဲ့ စီစီတီဗွီကင်မရာပါ အချက်အလက်တွေကိုပါ ဖျောက်ထားပြီး အခင်းဖြစ်တာ ရက်ပေါင်းကြာလို့ အချက်အလက် အလိုလိုပျက်ပြယ်တယ်လို့ ပြောခဲ့တယ်။

တက္ကစီမောင်းသမားကိုလည်း လိမ်လည် ထွက်ဆိုခိုင်းခဲ့သလို ထိုင်ဝမ်သရုပ်ဆောင်ကိုလည်း ပုံရိပ်ကျအောင် (အရက်အမူးလွန်တဲ့ မိန်းကလေး၊ အငြင်းသန်သူ စတဲ့) အချက်အလက် ဖြန့်ဝေခိုင်းတယ်လို့ စွပ်စွဲခဲ့ပေမဲ့ ထိုင်းရဲတပ်ဖွဲ့ကတော့ ဒီစွပ်စွဲချက်တွေအားလုံးကို ငြင်းဆိုခဲ့ပါတယ်။

ခွန်ချူဝစ်က ထိုင်းအမျိုးသားရဲတပ်ဖွဲ့အနေနဲ့ ဒီအမှုကို ဝေ့လည်ကြောင်ပတ် လုပ်မနေဘဲ အမှန်အတိုင်း ထုတ်ပြောဖို့၊ မပြောရင်တော့ သူ့အနေနဲ့ ထင်ရှားတဲ့သက်သေတွေ ချပြရလိမ့်မယ်လို့လည်း ပြောပါတယ်။

ဒီဖြစ်ရပ်အတွက် ထိုင်ဝမ်သရုပ်ဆောင်မင်းသမီးကိုလည်း ထိုင်းပြည်သူကိုယ်စား တောင်းပန်ကြောင်း၊ ထိုင်းမှာ ကောင်းမွန်တဲ့ရဲတွေ အများကြီးရှိပြီး ဒီအနည်းစုရဲ့ လုပ်ရပ်အတွက် ရှက်မိကြောင်း၊ ထိုင်းပြည်သူတွေဟာ အမှန်တရားကို မြတ်နိုးကြောင်း   ထိုင်းအမျိုးသားအလံထောင်ပြီး ပြောခဲ့ပါတယ်။

ထိုင်ဝမ်သရုပ်ဆောင်ကလည်း ခွန်ချူဝစ်ကို ကျေးဇူးတင်ကြောင်း၊ ရဲတွေရဲ့ ထုတ်ဖော် ပြောဆိုချက်တွေဟာ ယုံကြည်စရာမရှိ၊ ဒီကိစ္စ မြန်မြန်ပြီးပြတ်သွားအောင် အမှန်တရား ဖော်ထုတ်ဖို့ သူရဲ့ လူမှုကွန်ရက်ကနေ ရေးသားတိုက်တွန်းထားပါတယ်။

2 days Ago
Up