close

ထိုင်ဝမ်မင်းသမီး ငွေညှစ်ခံရသည့်ကိစ္စ ထိုင်းရဲချုပ်တောင်းပန်

ထိုင်ဝမ်သရုပ်ဆောင်မင်းသမီးအန်ယူချင်း ထိုင်းနိုင်ငံကို အလည်လာစဉ် ထိုင်းရဲတွေရဲ့ ငွေညှစ်တာကိုခံရတဲ့အမှုနဲ့ ပတ်သက်ပြီး မင်းသမီးနဲ့တကွ စိတ်အနှောင့်အယှက်ဖြစ်ရသူ အားလုံးကို တောင်းပန်ကြောင်း ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ်ကြီး ဒမ်းရုန်းဆဒ်ကစ်သီပဖတ်က ဇန်နဝါရီ ၃၁ ရက် ဒီနေ့မနက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

လက်ရှိအခြေအနေမှာ အမှုမှန်ပေါ်ပေါက်ရေးအတွက် လူသက်သေ၊ အရာဝတ္ထု သက်သေတွေ စစ်ဆေးနေကြောင်း၊ ထိုင်ဝမ်နဲ့ စင်ကာပူနိုင်ငံကိုလည်း ရဲတွေစေလွှတ်ပြီး စစ်ဆေးမှာဖြစ်ကြောင်း၊ သက်သေတွေအနေနဲ့ ထိုင်းရဲတပ်ဖွဲ့နဲ့ တိုက်ရိုက်မပြောလိုပါက နိုင်ငံတကာရဲတွေနဲ့ တဆင့်ပြောနိုင်ကြောင်း ထိုင်းရဲချုပ်က ပြောပါတယ်။

ထိုင်ဝမ်မင်းသမီးနဲ့ အပေါင်းပါတွေဆီမှာ ဥပဒေက ခွင့်မပြုတဲ့ လျှပ်စစ်စီးကရက် တွေ့ပါလျက်နဲ့ အရေးမယူဘဲတရားခံတွေ ပြန်လွှတ်လိုက်တာနဲ့ပတ်သက်ပြီး စစ်ဆေးရေးဂိတ်မှာ တာဝန်ကျတဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦးကိုရော အခင်းဖြစ်တဲ့ ဟွေ့ခွမ်နယ်မြေ ရဲတပ်ဖွဲ့ စခန်းမှူး ရဲမှူး ယင့်ယုဒ် ဆုဝမ်နိုကိုပါ ပုဒ်မ ၁၅၇ အရ တာဝန်ဝတ္တရားလစ်ဟင်းမှုနဲ့ ပြောင်းရွှေ့မိန့် ပေးထားတယ်လို့ ဆိုပါတယ်။

ထိုင်ဝမ်မင်းသမီးဆီက ဘတ်ငွေ ၂၇,၀၀၀ ညှစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး မနေ့က အဆိုပါ စစ်ဆေးရေးဂိတ်မှာ တာဝန်ကျတဲ့ ရဲ ၁၄ ဦးကို ခေါ်ယူစစ်ဆေးခဲ့ကြောင်း၊ တဦးတယောက်မှ ဝန်ခံခြင်းမရှိသေးပေမဲ့ အမှန်တရားပေါ်ပေါက်အောင် စစ်ဆေးဆောင်ရွက်နေကြောင်း၊ အဖွဲ့အစည်းတခုမှာ ကောင်းတဲ့သူရှိသလို မကောင်းတဲ့သူလည်းရှိကြောင်း၊ အကျင့်ပျက်ဝန်ထမ်းကို ဆက်ပြီး လက်ခံထားစရာ အကြောင်းမရှိ၊ ပြစ်မှုထင်ရှားက ဘက်လိုက်ခြင်းမရှိဘဲ ပြတ်ပြတ်သားသား အရေးယူမယ်လို့ ရဲချုပ်ကြီးက ဒီနေ့မနက် သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်မာဖီးယားဂိုဏ်းနဲ့ ထိုင်းအစိုးရဝန်ထမ်းတွေ အကျင့်ပျက်ခြစားမှု စုံစမ်းဖော်ထုတ်နေသူ ထိုင်းလွှတ်တော်အမတ်ဟောင်း ခွန်ချုဝစ်ကမွန်ဝိဆစ်ကတော့ အခင်းဖြစ်တဲ့ညမှာ ပါဝင်သူ ထိုင်းရဲတဦးက ငွေတောင်းမိတာကို ဝန်ခံထားကြောင်း၊ ရဲကို ငွေသွားထုတ်ပေးသူမှာ မင်းသမီးရဲ့ အပေါင်းအသင်း စင်ကာပူနိုင်ငံသားဖြစ်ပြီး သူ့ဆီမှာ ခိုင်လုံတဲ့သက်သေ ရှိတယ်လို့ မနေ့က သတင်းထောက်တွေကို ပြောပါတယ်။

အဆိုပါ စင်ကာပူနိုင်ငံသားကို ထိုင်းမှာပြန်လာပြီး သက်သေထွက်ဆိုပေးဖို့ သူကိုယ်တိုင် (ခွန်ချူဝစ်) လမ်းစရိတ်ထုတ်ပေးမှာဖြစ်ပြီး ရဲဝန်ထမ်းတွေယူထားတဲ့ ငွေ ၂၇,၀၀၀ ကိုတော့ ရဲတပ်ဖွဲ့က ပြန်ပေးပလေ့စေလို့ ပြောပါတယ်။

ထိုင်းရဲတပ်ဖွဲ့ဟာ အမှုမှန်ကို ဖုံးကွယ်ဖို့အတွက် တရုတ်သံရုံးနားက စီစီတီဗွီကင်မရာပါ အချက်အလက်တွေရော၊ ရဲတွေရဲ့ဦးထုပ်မှာ တပ်ထားတဲ့ စီစီတီဗွီကင်မရာပါ အချက်အလက်တွေကိုပါ ဖျောက်ထားပြီး အခင်းဖြစ်တာ ရက်ပေါင်းကြာလို့ အချက်အလက် အလိုလိုပျက်ပြယ်တယ်လို့ ပြောခဲ့တယ်။

တက္ကစီမောင်းသမားကိုလည်း လိမ်လည် ထွက်ဆိုခိုင်းခဲ့သလို ထိုင်ဝမ်သရုပ်ဆောင်ကိုလည်း ပုံရိပ်ကျအောင် (အရက်အမူးလွန်တဲ့ မိန်းကလေး၊ အငြင်းသန်သူ စတဲ့) အချက်အလက် ဖြန့်ဝေခိုင်းတယ်လို့ စွပ်စွဲခဲ့ပေမဲ့ ထိုင်းရဲတပ်ဖွဲ့ကတော့ ဒီစွပ်စွဲချက်တွေအားလုံးကို ငြင်းဆိုခဲ့ပါတယ်။

ခွန်ချူဝစ်က ထိုင်းအမျိုးသားရဲတပ်ဖွဲ့အနေနဲ့ ဒီအမှုကို ဝေ့လည်ကြောင်ပတ် လုပ်မနေဘဲ အမှန်အတိုင်း ထုတ်ပြောဖို့၊ မပြောရင်တော့ သူ့အနေနဲ့ ထင်ရှားတဲ့သက်သေတွေ ချပြရလိမ့်မယ်လို့လည်း ပြောပါတယ်။

ဒီဖြစ်ရပ်အတွက် ထိုင်ဝမ်သရုပ်ဆောင်မင်းသမီးကိုလည်း ထိုင်းပြည်သူကိုယ်စား တောင်းပန်ကြောင်း၊ ထိုင်းမှာ ကောင်းမွန်တဲ့ရဲတွေ အများကြီးရှိပြီး ဒီအနည်းစုရဲ့ လုပ်ရပ်အတွက် ရှက်မိကြောင်း၊ ထိုင်းပြည်သူတွေဟာ အမှန်တရားကို မြတ်နိုးကြောင်း   ထိုင်းအမျိုးသားအလံထောင်ပြီး ပြောခဲ့ပါတယ်။

ထိုင်ဝမ်သရုပ်ဆောင်ကလည်း ခွန်ချူဝစ်ကို ကျေးဇူးတင်ကြောင်း၊ ရဲတွေရဲ့ ထုတ်ဖော် ပြောဆိုချက်တွေဟာ ယုံကြည်စရာမရှိ၊ ဒီကိစ္စ မြန်မြန်ပြီးပြတ်သွားအောင် အမှန်တရား ဖော်ထုတ်ဖို့ သူရဲ့ လူမှုကွန်ရက်ကနေ ရေးသားတိုက်တွန်းထားပါတယ်။

Up