close

ထိုင်းစစ်သင်္ဘာနစ်မြုပ်မှု

close

December 29, 2022

ထိုင်းစစ်သင်္ဘောနစ်မြုပ်မှု၌ တပ်ဖွဲ့ဝင်များအား ကယ်တင်ခဲ့သူ ဆေးမှူးအလောင်း ပြန်တွေ့

ထိုင်းပင်လယ်အော်ထဲ နစ်မြုပ်သွားတဲ့ ဆူခိုထိုင်း စစ်သင်္ဘောထဲပါသွားသူ ရေတပ်သားတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက မရပ်မနားလိုက်လံရှာဖွေနေရာမှာ ၁၀ ရက်မြောက်နေ့ဖြစ်တဲ့ ဒီဇင်ဘာ ၂၈ ရက်မှာ နောက်ထပ်ရေတပ်ဖွဲ့ဝင် ၃ ဦးရဲ့ အလောင်းတွေ ပြန်တွေ့ခဲ့ပါတယ်။ 

အဆိုပါ ၃ ဦးကို ချွန်းဖွန်းခရိုင် ငမ့်ယိုင်ကျွန်းနဲ့ ကော်စမစ်ကျွန်းအနီးမှာ တွေ့ရှိခဲ့ပြီး အလောင်းတွေကို စစ်ဆေးချက်အရ  ရေတပ်သား ၁၁ ဦးအား ကယ်တင်ခဲ့သူ ဆေးမှူး အရာခံဗိုလ်  ကူးနားကွန်း ကျရယုဒ်(ခ)မော်ချဲမ်း တယောက်လည်း အပါအဝင် ဖြစ်တယ်လို့ ဆိုပါတယ်။ 

သူ့ရဲ့အလောင်းကို ချွန်းဖွန်းခရိုင် ပတ်နမ့်အုပ်စု ကော်စမစ်ကျွန်းစု ကမ်းခြေမှာ တွေ့ရှိကြောင်း၊ ရေတပ်ဝတ်စုံဝတ်ထားပြီး အသက်ကယ်အင်္ကျီတော့ ဝတ်မထားကြောင်း၊ နောက်ကျောမှာ ထိုးထားတဲ့ ဆေးမင်ကြောင်တွေကြောင့်ရော ဆရာဝန်က သူ့ရဲ့သွားကိုပါ စစ်ဆေးကာ အဲဒီအလောင်းဟာ ပျောက်ဆုံးနေတဲ့ မော်ချဲမ်း ဖြစ်တယ်ဆိုတာ အတည်ပြုခဲ့တယ်လို့  ထိုင်းတပ်မတော်(ရေ) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဖိချုင်း လော့ဆူစကွန်းက ဒီဇင်ဘာ ၂၈ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့က ထိုင်းအနောက်ပိုင်း ပရကျူပ်ခီရီခန်ခရိုင်ရှိ ထိုင်းပင်လယ်အော်ထဲ ဆူခိုထိုင်းသင်္ဘော နစ်မြုပ်မှုမှာ မနေ့ညအထိ ရေတပ်ဖွဲ့ဝင် ၇၆ ဦး အသက်ရှင်လျက် ကူညီကယ်ဆယ်နိုင်ခဲ့ပြီး ၂၄ ဦး ကျဆုံးကာ ၅ ဦး ပျောက်ဆုံးနေဆဲပဲလို့ ဆိုပါတယ်။ 

ကျဆုံးသွားတဲ့ ရေတပ်ဖွဲ့ဝင်အားလုံးအတွက် ရေတပ်မတော်အနေနဲ့ အထူးဝမ်းနည်းကြေကွဲရကြောင်း၊ တပါးသူ လွတ်မြောက်ရေးအတွက်  အသက်ပေးကူညီသွားတဲ့ မော်ချဲမ်း အားဂုဏ်ယူစွာနဲ့ နှမြောတသဖြစ်ရကြောင်း၊ ကျန်ရှိ တပ်ဖွဲ့ဝင် ၅ ဦးကို ပြန်လည် တွေ့ရှိဖို့ အစွမ်းကုန်ဆက်လက်ရှာဖွေနေတယ်လို့ ရေတပ်ပြောခွင့်ရ ဗိုလ်မှူးကြီး ဖိချိုင်းက ပြောပါတယ်။ 

မော်ချဲမ်းမှာ ရှေးဦးသူနာပြုသင်တန်း အောင်မြင်ထားတဲ့ ရေတပ်အရာရှိ တယောက်သာဖြစ်ပြီး ဆရာဝန်မဟုတ်ပေမယ့် သူဟာ လှေပေါ်က နာမကျန်းသူတွေကို ကျွမ်းကျင်စွာ ကုသပေးနိုင်လို့ အားလုံးက ဒေါက်တာချဲမ်းလို့သာ ခေါ်တယ်လို့ ဆိုပါတယ်။

လှေကြီး စတင်တိမ်းစောင်းတော့ တပ်သားအားလုံး လှေကြီးကို စွန့်လွှတ်လိုက်ဖို့ ဆုံးဖြတ်ပြီး လှေပေါ်က ခုန်ချဖို့ ပြင်ဆင်နေချိန်၊ အသက်ဘေးက လွတ်မြောက်ဖို့ ခန္ဓာကိုယ်  ပေါ့ပါးစေဖို့ ဖိနပ်တွေ ချွတ်နေကြစဉ် မော်ချဲမ်းကတော့ တပါးသူတွေ အသက်ကယ်ဖို့ လေးလံတဲ့ ဆေးအိတ်ကြီးကို သယ်ခဲ့ပါတယ်။ 

ရေထဲ ခုန်ချတဲ့နောက် ဘယ်ဘက်ကူးသွားရမှန်း မသိသူတွေကို လမ်းညွှန်ခဲ့သလို အသက်ကယ် အင်္ကျီရှိသူနဲ့ မရှိသူ ဖေးကူလက်တွဲထားကာ ရေစီးအတိုင်း မျောနေချိန် ကရပူရီ ကယ်ဆယ်ရေးသင်္ဘောကြီး ရောက်လာကာ ကြိုးတွေပစ်ချပေးပြီး သူနဲ့အတူရှိ နေ တဲ့ ၁၂ ဦးလုံး သင်္ဘောပေါ် ဘေးကင်းစွာ ပြန်ရောက်လာပါတယ်။ 

ငါတို့တွေ အသက်ဘေးကလွတ်ပြီဆိုပြီး တပ်ဖွဲ့ဝင်တွေကို ပြောခဲ့သလို အဲဒီနေ့က အသက်ရှင်လျက် လွတ်မြောက်လာသူ အမည်စာရင်းထဲမှာ မော်ချဲမ်း အမည်ပါတာကြောင့် မိသားစုတွေ စိတ်အေးခဲ့ရပါတယ်။ 

ဒါပေမဲ့  လွတ်မြောက်သူတွေ အနားယူနေချိန်မှာ မော်ချဲမ်းက ခဏသာ နားပြီး ပြန်ထလာကြောင်း၊ အနီးအနားက အသက်ကယ်အင်္ကျီတွေကို တောင်းယူကာ တခြားသူတွေ ပြန်ကယ်မယ်ဆိုပြီး ပြောခဲ့တယ်လို့ ဆိုပါတယ်။ 

ကယ်ဆယ်ရေးသင်္ဘောကြီး ကမ်းကပ်တော့ မော်ချဲမ်းတယောက် ပါမလာဘဲ ပျောက်ဆုံးနေတာပါ။ သူဟာ လူမှုဝန်ထမ်းစိတ်ရှိသူ၊ ရေတပ်သားအလုပ်ကို နှစ်ခြိုက်ခုံမင်သူ၊ ရေဘေးကယ်ဆယ်ရေးသင်တန်းတွေ အဖန်ဖန်တက်ခဲ့ဖူးပြီး ရေနစ်တဲ့ ငါးဖမ်းလှေပေါ်က လူတွေကိုလည်း ကယ်ဆယ်ခဲ့ဖူးတာကြောင့် ထိုင်းပြည်သူတွေက သူရဲကောင်းသဖွယ် ချီးကျူးနေကြပြီး အသက်ရှင်လျက် ပြန်တွေ့ပါရစေလို့ ဝိုင်းဝန်းဆုတောင်းပေးနေကြပေမဲ့လည်း နောက်ဆုံးတော့ ပြည်သူတွေ ဆုတောင်းမပြည့်ခဲ့ပါဘူး။ 

ပျောက်ဆုံးနေတဲ့ ရေတပ်သားတွေထဲ မကြာသေးခင်ကမှ သူ့ချစ်သူကို လေဆိပ်မှာ လက်ထပ်ခွင့်တောင်းခဲ့တဲ့ ကပွတိန် ဗိုလ်မှူးဖွန်းရတ်တန ဆီရို့ဒ် တယောက်လည်း အပါအဝင် ဖြစ်ပါတယ်။ သူဟာ ရေတပ်ဗိုလ်ချုပ်တယောက်ရဲ့ သားလည်းဖြစ်ပါတယ်။ 

ပျောက်ဆုံးနေသူတွေကို သင်္ဘောကြီး ၅ စင်း၊ ကယ်ဆယ်ရေးလှေနဲ့ ရဟတ်ယာဉ်တွေပါ အသုံးပြုပြီး ပရကျုပ်ခီရီခန်၊ ချွန်းဖွန်းနဲ့ စူရတ်ဌာနီခရိုင် ၃ ခုအပိုင် ပင်လယ်ပြင်ထဲမှာ ရှာဖွေနေကြတာပါ။ 

တချိန်တည်းမှာပဲ ဆူခိုးထိုင်းသင်္ဘောကြီးကို ပြန်လည်ဆယ်ယူနိုင်ဖို့ ရေငုပ်ကျွမ်းကျင်သူတွေက ကနဦး လေ့လာဆန်းစစ်နေပြီး သေဆုံးသူတွေကိုပါ ရှာဖွေနေပါတယ်။

အဆိုပါ ဆူခိုထိုင်းသင်္ဘောကြီးဟာ ပင်လယ်ရေမျက်နှာပြင်အနက် ၅၀ မီတာလောက်မှာ နစ်မြုပ်နေတယ်လို့ ဆိုပါတယ်။ 

ကိုးကား - MCOT TV News / cmprice.com / NationTV 

2 mins Ago

December 26, 2022

ထိုင်းစစ်သင်္ဘာနစ်မြုပ်မှုတွင် တပ်ဖွဲ့ဝင်များ အသက်ရှင်အောင်ကူညီပေးခဲ့သည့် ရေတပ်အရာရှိ ဆေးမှူး ပျောက်ဆုံးနေ

ထိုင်းနိုင်ငံအနောက်ပိုင်း၊ ပရကျုပ်ခီရီခန်ခရိုင် ထိုင်းပင်လယ်အော်ထဲမှာ ဒီဇင်ဘာ ၁၈ ရက်ညက နစ်မြုပ်သွားခဲ့တဲ့ ထိုင်းရေတပ်ရဲ့  ဆူခိုထိုင်း စစ်သင်္ဘောကြီးထဲက ပျောက်ဆုံး တပ်ဖွဲ့ဝင်တွေကို ဆက်လက်ရှာဖွေနေရမှာ ဒီဇင်ဘာ ၂၅ ရက် ညပိုင်းအထိ ရေတပ်ဖွဲ့ဝင် ၇၆ ဦး အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး ၁၈ ဦး အလောင်းအနေ ပြန်တွေ့ကာ ၁၁ ဦးပျောက်ဆုံးနေဆဲလို့ ဆိုပါတယ်။

သေဆုံးသွားသူ ၁၈  ဦးထဲမှာ ၇ ဦးသာ အမည်အတိအကျသိရပြီး ကျန်သူတွေကတော့ စစ်ဆေးနေဆဲ ဖြစ်ပါတယ်။ 

ပျောက်ဆုံးနေသူတွေထဲမှာ အခြားတပ်ဖွဲ့ဝင် ၁၁ ဦးကို အသက်ရှင်အောင် ကူညီခဲ့တဲ့ ဆေးမှူး အရာခံဗိုလ်  ကူးနားကွန်း ကျရယုဒ်  (ခ)  မော်ချဲမ်း တယောက်လည်းအပါအဝင်ဖြစ်ပါတယ်။ 

သူဟာ စစ်ရေယာဉ် စတင်တိမ်းစောင်းသွားကတည်းက ရေထဲခုန်ချဖို့ အသီးသီးပြင်ဆင်နေကြတဲ့ တပ်ဖွဲ့ဝင်တွေကို အားလုံးအသက်ရှင်ရမယ်လို့ အားပေးပြီး လိုက်နာဆောင်ရွက်ရမယ့် အချက်တွေကို  ညွှန်ကြားခဲ့တယ်လို့ အသက်ဘေးက လွတ်မြောက်လာသူ ရေတပ်သားတွေက ပြန်ပြောပြပါတယ်။

လူတိုင်းက ကိုယ့်အသက်တစ်ချောင်းအတွက် ကိုယ်လွတ်ရုန်းနေချိန်မှာ ဆေးမှူးကတော့ သူ့ဆေးအိတ်ထဲမှာ အရေးပေါ်ဆေးတွေထည့်ပြီး လေးလံတဲ့ ဆေးအိတ်ကို ကျောပိုးကာ အားလုံးနဲ့ အတူ‌ ရေထဲခုန်ဆင်းခဲ့ကြောင်း၊ ရေထဲရောက်တော့ ဘယ်ဘက်ကူးရမှန်းမသိချိန် ဆေးမှူးက သူ့လက်ကို တွဲဖို့ ကမ်းပေးခဲ့ပြီး အသက်ကယ်အင်္ကျီရှိသူနဲ့ မရှိသူ အတူရောကာ လက်တွဲထားပြီး စက်ဝိုင်းပုံစံနဲ့ ရေစီးနဲ့အတူမျောနေဖို့ အော်ပြောခဲ့တယ်လို့ ဆိုပါတယ်။ 

ဆေးမှူးအပါအဝင် သူတို့ ၁၂ ဦးလုံး ရေစီးနဲ့မျောနေစဉ် ကရပူရီကယ်ဆယ်ရေး သင်္ဘာကြီး ရောက်လာတော့ ရေတပ်သားတွေ သင်္ဘောအတိုက်မခံရအောင်  ကူးခတ်သွားဖို့ အော်ပြောခဲ့ပါတယ်။

သင်္ဘောကြီးဆီ ရောက်သွားတော့ အပေါ်က ကြိုးတွေ လွှတ်ချပေးတဲ့အခါမှာ ဆေးမှူးက သူတို့ကို တွန်းတင်ပေးခဲ့ပြီး နောက်ဆုံးမှ သူလည်း ကြိုးကိုတွယ်တက်ပြီး ကယ်ဆယ်ရေး သင်္ဘောပေါ် ရောက်လာခဲ့ပါတယ်။ 

သင်္ဘောပေါ်ရောက်တော့ ဆေးမှူးလည်း သူ့ဆေးအိတ်တွေချပြီး တခြားသူတွေနဲ့အတူ နားနေကြောင်း၊ ခဏအကြာ သူက အသက်ကယ်အင်္ကျီပြန်ဝတ်ပြီး ရေထဲကျန်နေတဲ့သူတွေ ထပ်ကယ်ဦးမယ်ဆိုပြီး ပျောက်သွားတယ်လို့ ဆိုပါတယ်။ 

၁၈ ရက်နေ့ည ဘေးအန္တရာယ်ကင်းစွာ လွတ်မြောက်လာသူရဲ့စာရင်းမှာ ဆေးမှူးမော်ချဲမ်းရဲ့ အမည်ပါလာပေမဲ့ ကရပူရီသင်္ဘောကြီး ကမ်းကို ဆိုက်ကပ်လာတဲ့အခါ ဆေးမှူးကို ရှာမတွေ့တော့ဘဲ ဒီကနေ့ထိ ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။ 

ဆေးမှူးမော်ချဲမ်းဟာ ဆူခိုထိုင်းသင်္ဘောကြီးမှာ အမြဲလိုက်ပါရတဲ့ဆေးမှူးဖြစ်ပြီး သူကိုယ်တိုင်လည်း အဆိုပါသင်္ဘောကြီးကို သံယောဇဉ်ကြီးလှကြောင်း၊ တသက်လုံး ဆူခိုထိုင်းနဲ့အတူနေသွားမှာလို့ မိသားစုဝင်တွေကို ပြောလေ့ရှိတယ်လို့ ဆိုပါတယ်။

သူဟာ ဆေးမှူးသာဆိုပေမယ့် ရေကူးရေငုပ်ကျွမ်းကျင်ပြီး အရင်ကလည်း ရေနစ်သူတွေကို ကယ်တင်ခဲ့ကြောင်း၊ အများအတွက် စေတနာပါသူ၊ အနစ်နာခံသူ တယောက်အနေနဲ့ သူပြုသမျှကောင်းမှုတွေရဲ့ ကံတရားကြောင့် အသက်ရှင်လျက်ပြန်တွေ့ပါရစေလို့ ရေတပ် အသိုင်းအဝိုင်းနဲ့ လူမှုကွန်ရက်မှာ ထိုင်းပြည်သူတွေက သူရဲကောင်းသဖွယ် ဆုတောင်းပေးနေကြပါတယ်။

ရေတပ်ဖွဲ့ဝင်နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေဟာ ပျောက်ဆုံးနေဆဲ ရေတပ်သားကယ်ဆယ်ရေးလုပ်ငန်းတွေကို မူလသင်္ဘောကြီးနစ်သွားတဲ့ ပရကျူပ်ခီရိခန်ခရိုင် ပင်လယ်ပြင်တင်မကဘဲ ချွန်းဖွန်းနဲ့ စူရတ်ဌာနီခရိုင်တွင်းရှိပင်လယ်ပြင်တွေမှာပါနယ်ပယ်ဖြန့်ပြီး ဆက်လက်ရှာဖွေ နေပါတယ်။ 

ဒီကနေ့မနက် ၄ နာရီမှာတော့ ဆုန်ခလာခရိုင်ရှိ ပင်လယ်ပြင်ထဲမှာ ရေတပ်စာ တန်းပါတီရှပ်အင်္ကျီအပြာဝတ်ထားတဲ့ အလောင်း တလောင်းတွေ့ရှိပြီး ဆူခိုထိုင်းသင်္ဘောပေါ်က ရေတပ်ဖွဲ့ဝင် ဟုတ်မဟုတ်တော့ မသိရသေးဘူးလို့ Workpoint သတင်းမှာ ဖော်ပြပါတယ်။ 

ကိုးကား -https://workpointtoday.com/news2212/

3 days Ago
Up