ထိုင်းစစ်သင်္ဘာနစ်မြုပ်မှုတွင် တပ်ဖွဲ့ဝင်များ အသက်ရှင်အောင်ကူညီပေးခဲ့သည့် ရေတပ်အရာရှိ ဆေးမှူး ပျောက်ဆုံးနေ

ထိုင်းနိုင်ငံအနောက်ပိုင်း၊ ပရကျုပ်ခီရီခန်ခရိုင် ထိုင်းပင်လယ်အော်ထဲမှာ ဒီဇင်ဘာ ၁၈ ရက်ညက နစ်မြုပ်သွားခဲ့တဲ့ ထိုင်းရေတပ်ရဲ့ ဆူခိုထိုင်း စစ်သင်္ဘောကြီးထဲက ပျောက်ဆုံး တပ်ဖွဲ့ဝင်တွေကို ဆက်လက်ရှာဖွေနေရမှာ ဒီဇင်ဘာ ၂၅ ရက် ညပိုင်းအထိ ရေတပ်ဖွဲ့ဝင် ၇၆ ဦး အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး ၁၈ ဦး အလောင်းအနေ ပြန်တွေ့ကာ ၁၁ ဦးပျောက်ဆုံးနေဆဲလို့ ဆိုပါတယ်။
သေဆုံးသွားသူ ၁၈ ဦးထဲမှာ ၇ ဦးသာ အမည်အတိအကျသိရပြီး ကျန်သူတွေကတော့ စစ်ဆေးနေဆဲ ဖြစ်ပါတယ်။
ပျောက်ဆုံးနေသူတွေထဲမှာ အခြားတပ်ဖွဲ့ဝင် ၁၁ ဦးကို အသက်ရှင်အောင် ကူညီခဲ့တဲ့ ဆေးမှူး အရာခံဗိုလ် ကူးနားကွန်း ကျရယုဒ် (ခ) မော်ချဲမ်း တယောက်လည်းအပါအဝင်ဖြစ်ပါတယ်။
သူဟာ စစ်ရေယာဉ် စတင်တိမ်းစောင်းသွားကတည်းက ရေထဲခုန်ချဖို့ အသီးသီးပြင်ဆင်နေကြတဲ့ တပ်ဖွဲ့ဝင်တွေကို အားလုံးအသက်ရှင်ရမယ်လို့ အားပေးပြီး လိုက်နာဆောင်ရွက်ရမယ့် အချက်တွေကို ညွှန်ကြားခဲ့တယ်လို့ အသက်ဘေးက လွတ်မြောက်လာသူ ရေတပ်သားတွေက ပြန်ပြောပြပါတယ်။
လူတိုင်းက ကိုယ့်အသက်တစ်ချောင်းအတွက် ကိုယ်လွတ်ရုန်းနေချိန်မှာ ဆေးမှူးကတော့ သူ့ဆေးအိတ်ထဲမှာ အရေးပေါ်ဆေးတွေထည့်ပြီး လေးလံတဲ့ ဆေးအိတ်ကို ကျောပိုးကာ အားလုံးနဲ့ အတူ ရေထဲခုန်ဆင်းခဲ့ကြောင်း၊ ရေထဲရောက်တော့ ဘယ်ဘက်ကူးရမှန်းမသိချိန် ဆေးမှူးက သူ့လက်ကို တွဲဖို့ ကမ်းပေးခဲ့ပြီး အသက်ကယ်အင်္ကျီရှိသူနဲ့ မရှိသူ အတူရောကာ လက်တွဲထားပြီး စက်ဝိုင်းပုံစံနဲ့ ရေစီးနဲ့အတူမျောနေဖို့ အော်ပြောခဲ့တယ်လို့ ဆိုပါတယ်။
ဆေးမှူးအပါအဝင် သူတို့ ၁၂ ဦးလုံး ရေစီးနဲ့မျောနေစဉ် ကရပူရီကယ်ဆယ်ရေး သင်္ဘာကြီး ရောက်လာတော့ ရေတပ်သားတွေ သင်္ဘောအတိုက်မခံရအောင် ကူးခတ်သွားဖို့ အော်ပြောခဲ့ပါတယ်။
သင်္ဘောကြီးဆီ ရောက်သွားတော့ အပေါ်က ကြိုးတွေ လွှတ်ချပေးတဲ့အခါမှာ ဆေးမှူးက သူတို့ကို တွန်းတင်ပေးခဲ့ပြီး နောက်ဆုံးမှ သူလည်း ကြိုးကိုတွယ်တက်ပြီး ကယ်ဆယ်ရေး သင်္ဘောပေါ် ရောက်လာခဲ့ပါတယ်။
သင်္ဘောပေါ်ရောက်တော့ ဆေးမှူးလည်း သူ့ဆေးအိတ်တွေချပြီး တခြားသူတွေနဲ့အတူ နားနေကြောင်း၊ ခဏအကြာ သူက အသက်ကယ်အင်္ကျီပြန်ဝတ်ပြီး ရေထဲကျန်နေတဲ့သူတွေ ထပ်ကယ်ဦးမယ်ဆိုပြီး ပျောက်သွားတယ်လို့ ဆိုပါတယ်။
၁၈ ရက်နေ့ည ဘေးအန္တရာယ်ကင်းစွာ လွတ်မြောက်လာသူရဲ့စာရင်းမှာ ဆေးမှူးမော်ချဲမ်းရဲ့ အမည်ပါလာပေမဲ့ ကရပူရီသင်္ဘောကြီး ကမ်းကို ဆိုက်ကပ်လာတဲ့အခါ ဆေးမှူးကို ရှာမတွေ့တော့ဘဲ ဒီကနေ့ထိ ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။
ဆေးမှူးမော်ချဲမ်းဟာ ဆူခိုထိုင်းသင်္ဘောကြီးမှာ အမြဲလိုက်ပါရတဲ့ဆေးမှူးဖြစ်ပြီး သူကိုယ်တိုင်လည်း အဆိုပါသင်္ဘောကြီးကို သံယောဇဉ်ကြီးလှကြောင်း၊ တသက်လုံး ဆူခိုထိုင်းနဲ့အတူနေသွားမှာလို့ မိသားစုဝင်တွေကို ပြောလေ့ရှိတယ်လို့ ဆိုပါတယ်။
သူဟာ ဆေးမှူးသာဆိုပေမယ့် ရေကူးရေငုပ်ကျွမ်းကျင်ပြီး အရင်ကလည်း ရေနစ်သူတွေကို ကယ်တင်ခဲ့ကြောင်း၊ အများအတွက် စေတနာပါသူ၊ အနစ်နာခံသူ တယောက်အနေနဲ့ သူပြုသမျှကောင်းမှုတွေရဲ့ ကံတရားကြောင့် အသက်ရှင်လျက်ပြန်တွေ့ပါရစေလို့ ရေတပ် အသိုင်းအဝိုင်းနဲ့ လူမှုကွန်ရက်မှာ ထိုင်းပြည်သူတွေက သူရဲကောင်းသဖွယ် ဆုတောင်းပေးနေကြပါတယ်။
ရေတပ်ဖွဲ့ဝင်နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေဟာ ပျောက်ဆုံးနေဆဲ ရေတပ်သားကယ်ဆယ်ရေးလုပ်ငန်းတွေကို မူလသင်္ဘောကြီးနစ်သွားတဲ့ ပရကျူပ်ခီရိခန်ခရိုင် ပင်လယ်ပြင်တင်မကဘဲ ချွန်းဖွန်းနဲ့ စူရတ်ဌာနီခရိုင်တွင်းရှိပင်လယ်ပြင်တွေမှာပါနယ်ပယ်ဖြန့်ပြီး ဆက်လက်ရှာဖွေ နေပါတယ်။
ဒီကနေ့မနက် ၄ နာရီမှာတော့ ဆုန်ခလာခရိုင်ရှိ ပင်လယ်ပြင်ထဲမှာ ရေတပ်စာ တန်းပါတီရှပ်အင်္ကျီအပြာဝတ်ထားတဲ့ အလောင်း တလောင်းတွေ့ရှိပြီး ဆူခိုထိုင်းသင်္ဘောပေါ်က ရေတပ်ဖွဲ့ဝင် ဟုတ်မဟုတ်တော့ မသိရသေးဘူးလို့ Workpoint သတင်းမှာ ဖော်ပြပါတယ်။
ကိုးကား -https://workpointtoday.com/news2212/