လတ်တလော ကာကွယ်ဆေးတွေက ကိုဗစ်-၁၉ ရောဂါကူးစက်မှုကနေ ကာကွယ်မပေးနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ နှာခေါင်းစည်း Mask တွေ တပ်ဆင်တာတွေကို ကြပ်ကြပ်မတ်မတ် လိုက်နာသင့်တယ်လို့ Vichaiyut ဆေးရုံမှ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဆေးပညာရှင် ဒေါက်တာ မန်နွန် လီချဝမ်ဝေါင်းစ်က တိုက်တွန်းလိုက်ပါတယ်။
ကိုဗစ်-၁၉ ကူးစက်မှု လှိုင်းအတွင်း ထပ်မံကူးစက်ခံရတဲ့ လူနာတွေ အများစုထဲမှာ Pfizer ကိုဗစ်-၁၉ ကာကွယ်ဆေး ၃ ကြိမ်၊ ဒါမှမဟုတ် AstraZeneca ကာကွယ်ဆေး ၂ ကြိမ်နဲ့ ထပ်ဆောင်း mRNA boosters ထိုးနှံပြီး သူတွေလည်း ပါဝင်နေတယ်ဆိုတဲ့ အချက်အလက်တွေကို ထောက်ပြပြီးတော့ သူက ခုလိုပြောလိုက်တာပါ။
“လက်ရှိ ကိုဗစ်-၁၉ ရောဂါပိုးဟာ လျင်လျင်မြန်မြန်ပဲ ပျံ့နှံ့နေပြီး အရင်က ရောဂါပိုးမျိုးကွဲတွေနဲ့ နှိုင်းယှဉ်ရင် ကာကွယ်ဆေးက တည်ဆောက်ထားတဲ့ ကိုယ်ခံစွမ်းအားကို ရှောင်လွှဲနိုင်တယ်ဆိုတာကို သက်သေပြနေတာပါ။”
ဒါပေမယ့် ကာကွယ်ဆေးအပြည့် ထိုးနှံထားသူတွေမှာတော့ ရောဂါကူးစက်ခံရချိန်မှာ အပျော့စားရောဂါလက္ခဏာတွေ ဖြစ်ပေါ်လာပြီး နာတာရှည် ကိုဗစ်ရောဂါလက္ခဏာတွေကို ကြာရှည်မခံစားရဘဲ ကိုယ်တိုင် ပြန်လည်ကောင်းမွန်လာနိုင်တယ်လို့ ဒေါက်တာ မန်နွန်က ပြောပါတယ်။
နာတာရှည် ကိုဗစ်-၁၉ ရောဂါဆိုတာကတော့ တချို့လူနာတွေဟာ ကူးစက်ခံရပြီး ပြန်လည်ကောင်းမွန်လာပြီးနောက် ရက်သတ္တပတ်များစွာ ဒါမှမဟုတ် လပေါင်းများစွာကြာတဲ့အထိ ရောဂါလက္ခဏာတွေ ရှည်လျားစွာ ခံစားရတဲ့ အခြေအနေတခု ဖြစ်ပါတယ်။
ဒါ့အပြင် နှာခေါင်းစည်း Mask မတပ်ဆင်ထားသူတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရနိုင်ချေ ၇၀ ရာခိုင်နှုန်းရှိနေတယ်လို့လည်း သူက ထောက်ပြထားပါတယ်။
“ဖြစ်နိုင်မယ်ဆိုရင် အားလုံး လူစုလူဝေးရှိတဲ့ နေရာတွေမှာ နေထိုင်ချိန်အတွင်း၊ ဒါမှမဟုတ် လေဝင်လေထွက်မရှိတဲ့ အလုံပိတ်ဧရိယာတွေအတွင်း ရှိနေချိန်မှာ နှာခေါင်းစည်း Mask တွေ မဖြစ်မနေ တပ်ဆင်ဖို့ လိုအပ်ပါတယ်။”
ဒါ့အပြင် နောင်လာမယ့် ကိုဗစ်-၁၉ ကာကွယ်ဆေးသစ်က အိုမီခရွန်မျိုးကွဲ BA.4 နဲ့ BA.5 တို့လို ရောဂါတွေကို ကာကွယ်ပေးနိုင်လိမ့်မယ်လို့လည်း သူက မျှော်လင့်နေတယ်လို့ ဆိုပါတယ်။
အိုမီခရွန်မျိုးကွဲ BA.5 ဟာ ထိုင်းနိုင်ငံမှာ ကူးစက်နေတဲ့ အဓိကမျိုးကွဲဖြစ်နေပြီး အစောပိုင်းကာလတုန်းကတော့ ရောဂါပိုးမွှားဗေဒပညာရှင် ဒေါက်တာ ယောင် ပူးဗိုရာဝမ်က ပြီးခဲ့တဲ့နှစ် ဩဂုတ်လတုန်းက ရောဂါကူးစက်မှု ကျဆင်းလာရာကနေ ဆက်လက်ပြီးတော့ ကူးစက်မှုမြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားခဲ့တာပါ။
ဒါကြောင့်မို့ ပြည်သူတွေအနေနဲ့ အနည်းဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေး ၃ ကြိမ် ထိုးနှံထားဖို့နဲ့ ထပ်ဆောင်း Booster ကာကွယ်ဆေးကိုလည်း သတ်မှတ်အချိန်အတိုင်း ထိုးနှံကြဖို့ အကြံပေးထားပါတယ်။
ထိုင်းနိုင်ငံတဝန်းမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ၁,၉၅၅ ယောက်နဲ့ သေဆုံးသူ ၁၈ ယောက် ရှိနေခဲ့တာ ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ရေးအတွက် ထိုင်းနိုင်ငံမှာ ၂ နှစ်ကျော်ကာလ နှာခေါင်းစည်းကို လူတိုင်းအပြင်ထွက်တိုင်း မပျက်မကွက် တပ်ဆင်နေရတာမှာ ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့ကစ ကိုယ့် သဘောနဲ့ကိုယ် ဖြုတ်လိုဖြုတ်တပ်လိုက တပ်ဆင်နိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။
မိမိတဦးတည်းရှိနေတဲ့အခါ၊ ကွင်းပြင်ကျယ်မှာ တခြားသူတွေနဲ့အလှမ်းဝေးနေတာမျိုးတွေမှာ ကိုယ့်သဘောနဲ့ကိုယ် Mask နှာခေါင်းစည်းမတပ်ဘဲနေလို့ရကြောင်း၊ ရုပ်သံသတင်းတင်ဆက်သူတွေ အနေနဲ့လည်း လူစုလူဝေးထဲမှာရှိမနေရင် ဖြုတ်ထားလို့ရပြီလို့ ထိုင်းခရီးသွားလုပ်ငန်းနဲ့ အားကစားဝန်ကြီး နိုင်းဖိဖတ်ရာ့ချ်ကစ်ပကန်က ပြီးခဲ့တဲ့ ဇွန် ၁၇ ရက် ထိုင်းနိုင်ငံ ကိုဗစ်-၁၉ အခြေအနေ ထိန်းချုပ်ကွပ်ကဲရေး ဗဟိုကော်မတီ အစည်းအဝေးမှာ သတင်းထောက်တွေကို ပြောပါတယ်။
အဲဒီနေ့က အစည်းအဝေးမှာ Mask ဖြုတ်ရေးကိစ္စအပြင် ၇၇ ခရိုင် တနိုင်ငံလုံးကို ကိုဗစ်-၁၉ အ စိမ်း ရောင်ဇုန်အဖြစ် လျှော့ချသတ်မှတ်ပြီး စောင့်ကြည့်ဖို့ သဘောတူခဲ့ပါတယ် ။
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး နောက်ဆက်တွဲ ရောဂါလက္ခဏာတွေက တနှစ်နီးပါးလောက်အထိ ကြာမြင့်နိုင်တာကြောင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ကြဖို့ ထိုင်းနိုင်ငံ ချူလာ လောင်ကွန်တက္ကသိုလ်မှ ဆေးပညာရှင်တဦးက သတိပေးထားပါတယ်။
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူတွေအနေနဲ့ လုံးဝမကူးဖူးသူတွေထက် ၄ ဒသမ ၈ ဆလောက် ပိုပြီးတော့ မောပန်းနွမ်းနယ်မှုတွေ ခံစားရနိုင်တယ်လို့ လူပေါင်း ၇၃,၇၂၇ ယောက်ကို သုတေသနပြု လေ့လာချက်တခုအရ တွေ့ရှိချက်ကို ဖော်ပြထားတဲ့ ကူးစက်ရောဂါဗေဒဆိုင်ရာ ဂျာနယ်တစောင်ကို ကိုးကားပြီးတော့ ချူလာ လောင်ကွန်တက္ကသိုလ်၊ ဆေးပညာဌာန ကထိက သီရာ ဝေါ်ရသနရတ်က ပြောပါတယ်။
တခြားသော နောက်ဆက်တွဲ ရောဂါလက္ခဏာတွေထဲမှာတော့ အသက်ရှူမဝတာ၊ ရင်ဘတ်တင်းကျပ်တာ၊ ဦးနှောက်ထိုင်းမှိုင်းတာ၊ အိပ်မပျော်တာ၊ ရင်တုန်တာ၊ စိတ်ဓာတ်ကျတာ၊ စိုးရိမ်သောကများတာ စတဲ့ လက္ခဏာတွေလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။
ဒါကြောင့်မို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့ တခုတည်းသော နည်းလမ်းကတော့ နှာခေါင်းစည်း Mask တပ်ဆင်တာ၊ လူမှုအလှမ်းခွာ စည်းမျဉ်းစည်းကမ်းနဲ့ နေထိုင်တာ၊ တခြားသူတွေနဲ့ စားသောက်ဝိုင်းဖွဲ့တာတွေ ဆင်ခြင်ရှောင်ရှားနိုင်ကြဖို့က အရေးအကြီးဆုံးဖြစ်တယ်လို့ သီရာက ပြောပါတယ်။
ဒါ့အပြင် လူတွေအနေနဲ့ တခြားလူတွေနဲ့ လိုအပ်မှသာ တွေ့ဆုံတာမျိုးလုပ်သင့်ပြီး အချိန် ကြာမြင့်စွာ တွေ့ဆုံတာတွေ မလုပ်သင့်ကြောင်းနဲ့ ဖျားနာပါကလည်း အလုပ်၊ ကျောင်း အစရှိတဲ့ နေရာတွေမှာ ခွင့်ယူသင့်ကြောင်းလည်း ပြောထားပါတယ်။
လတ်တလောမှာတော့ ထိုင်းနိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေနဲ့ နှိုင်းစာရင် ကိုဗစ်-၁၉ ရောဂါကူး စက်မှုနှုန်း နိမ့်နေသေးတယ်လို့ ဆိုနိုင်ပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကတော့ နိုင်ငံတဝန်း ရောဂါကူးစက်မှုနှုန်းဟာ ၃၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး သေနှုန်းကတော့ ၄၀ ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။