ကိုဗစ်နောက်ဆက်တွဲလက္ခဏာများ ၁ နှစ်နီးပါးကြာနိုင်ဟု ထိုင်းဆေးပညာရှင် သတိပေး

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး နောက်ဆက်တွဲ ရောဂါလက္ခဏာတွေက တနှစ်နီးပါးလောက်အထိ ကြာမြင့်နိုင်တာကြောင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ကြဖို့ ထိုင်းနိုင်ငံ ချူလာ လောင်ကွန်တက္ကသိုလ်မှ ဆေးပညာရှင်တဦးက သတိပေးထားပါတယ်။
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူတွေအနေနဲ့ လုံးဝမကူးဖူးသူတွေထက် ၄ ဒသမ ၈ ဆလောက် ပိုပြီးတော့ မောပန်းနွမ်းနယ်မှုတွေ ခံစားရနိုင်တယ်လို့ လူပေါင်း ၇၃,၇၂၇ ယောက်ကို သုတေသနပြု လေ့လာချက်တခုအရ တွေ့ရှိချက်ကို ဖော်ပြထားတဲ့ ကူးစက်ရောဂါဗေဒဆိုင်ရာ ဂျာနယ်တစောင်ကို ကိုးကားပြီးတော့ ချူလာ လောင်ကွန်တက္ကသိုလ်၊ ဆေးပညာဌာန ကထိက သီရာ ဝေါ်ရသနရတ်က ပြောပါတယ်။
တခြားသော နောက်ဆက်တွဲ ရောဂါလက္ခဏာတွေထဲမှာတော့ အသက်ရှူမဝတာ၊ ရင်ဘတ်တင်းကျပ်တာ၊ ဦးနှောက်ထိုင်းမှိုင်းတာ၊ အိပ်မပျော်တာ၊ ရင်တုန်တာ၊ စိတ်ဓာတ်ကျတာ၊ စိုးရိမ်သောကများတာ စတဲ့ လက္ခဏာတွေလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။
ဒါကြောင့်မို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့ တခုတည်းသော နည်းလမ်းကတော့ နှာခေါင်းစည်း Mask တပ်ဆင်တာ၊ လူမှုအလှမ်းခွာ စည်းမျဉ်းစည်းကမ်းနဲ့ နေထိုင်တာ၊ တခြားသူတွေနဲ့ စားသောက်ဝိုင်းဖွဲ့တာတွေ ဆင်ခြင်ရှောင်ရှားနိုင်ကြဖို့က အရေးအကြီးဆုံးဖြစ်တယ်လို့ သီရာက ပြောပါတယ်။
ဒါ့အပြင် လူတွေအနေနဲ့ တခြားလူတွေနဲ့ လိုအပ်မှသာ တွေ့ဆုံတာမျိုးလုပ်သင့်ပြီး အချိန် ကြာမြင့်စွာ တွေ့ဆုံတာတွေ မလုပ်သင့်ကြောင်းနဲ့ ဖျားနာပါကလည်း အလုပ်၊ ကျောင်း အစရှိတဲ့ နေရာတွေမှာ ခွင့်ယူသင့်ကြောင်းလည်း ပြောထားပါတယ်။
လတ်တလောမှာတော့ ထိုင်းနိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေနဲ့ နှိုင်းစာရင် ကိုဗစ်-၁၉ ရောဂါကူး စက်မှုနှုန်း နိမ့်နေသေးတယ်လို့ ဆိုနိုင်ပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကတော့ နိုင်ငံတဝန်း ရောဂါကူးစက်မှုနှုန်းဟာ ၃၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး သေနှုန်းကတော့ ၄၀ ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။