ဇန်နဝါရီ ၁၇ ရက်က ထွက်သွားတဲ့ ထိုင်းအစိုးရထီ ပထမဆု ( ဘတ် ၆ သန်း ) ပေါက်ဂဏန်း ၈၈၀၁၅၉ ကို ထိုင်းနိုင်ငံ အနောက်ပိုင်း ဖစ်ချ်ပူရီခရိုင်ရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား ဇနီး မောင်နှံ တစ်စုံကပေါက်လို့ ကံထူးရှင်ဖြစ်ခဲ့ပြီး NUG ငွေတိုက်စာချုပ် ဒေါ်လာ ၁၀၀၀ ဖိုး ဝယ်ယူလိုက်ပါတယ်။
ထီပေါက်တဲ့ ဇနီးမောင်နှံဟာ မြန်မာပြည် ပဲခူးတိုင်းရှိ ရွာတစ်ရွာကဖြစ်ပြီး ဖစ်ချ်ပူရီမြို့ နောင်စွန်းရပ်ကွက် CalComp လျှပ်စစ်ပစ္စည်းစက်ရုံမှာအလုပ်လုပ်သူတွေဖြစ်ပါတယ်။
ထီပေါက်တယ်လို့ သိရှိရတဲ့နေ့ကတော့ အမျိုးသမီးမှာ ဝမ်းသာလုံးဆို့ပြီး မေ့လဲသွားတယ်လို့ သူတို့ကို ဆုငွေကူ ထုတ်ပေးခဲ့တဲ့ AAC အလုပ်သမားကူညီရေးမဟာမိတ်အဖွဲ့ ဒါရိုက်တာ ဦးခို င်ကြီးက ဒီဗွီဘီကို ပြောပါတယ်။
“သူတို့က အဲဒီထီလက်မှတ်ကို စက်ရုံရှေ့မှာလာရောင်းတုန်းဝယ်ထားတာ၊ လက်မှတ်က ၂ စောင်ပဲ ကျန်တယ်တဲ့၊ ဖြစ်ချင်တော့ လက်ထဲမှာပိုက်ဆံ ၁၀၀ ပဲရှိလို့ တစ်စောင်ပဲ ဆုတ်ယူလိုက်တာ၊ ၁၇ ရက်နေ့လယ်ပိုင်း ထမင်းစားနားချိန်မှာ သူတို့ကထိုးထားတဲ့ထီကိုတိုက်ကြည့်တော့ ပထမဆုပေါက်တာသိရလို့ အမျိုးသမီးက ဝမ်းသာလုံးဆို့ပြီး မေ့လဲသွားတယ်တဲ့ခင်ဗျ။ အစကတော့ သူနေမကောင်းလို့လဲသွားတယ်လို့ ထင်နေကြတာ။ သူ့ယောကျ်ားက ထီပေါက်လို့ဝမ်းသာလုံးဆို့ သွားတာလို့ ပြောပြမှသိကြတယ်။ ပြီးတော့ ကျနော်တို့ဆီဖုံးဆက်တယ်၊ ကျနော်တို့လည်းသွားကြို လာပြီး ၁၈ ရက်နေ့မှာ ဆုငွေတွေ ကူထုတ်ပေးလိုက်ပါတယ်။
ထီပေါက်တဲ့ဇနီးမောင်နှံမှာ ယောက်ျားက ၃၂ နှစ်၊ မိန်းမက ၃၁ နှစ်ရွယ်ရှိပြီး အမ် အိုယူလက်မှတ်နဲ့ ထိုင်းမှာအလုပ်လာလုပ်နေတာ ၃ နှစ်ကျော်ပြီဖြစ်ကြောင်း ၊ ထီပေါက်ပြီးတဲ့နောက် မြန်မာပြည်ကိုအပြီးပြန်မယ်လို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။
ထီပေါက်ငွေထဲက ဒေါ်လာ ၁၀၀၀ ကို NUG အမျိုးသားညီညွတ်ရေးအစိုးရ ရံပုံငွေအတွက် ငွေတိုက်စာချုပ်ဝယ်ပြီး AAC အလုပ်သမားကူညီရေးအဖွဲ့ အထွေထွေအသုံးစရိတ်အတွက် ဘတ် ၅၀၀၀၀ ၊ အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခိတဘဝနဲ့ AAC ဂေဟာမှာခိုလှုံနေသူ ၂၃ ဦးအတွက် ၁ ဦးလျှင် ဘတ် ၃၀၀ စီ မုန့်ဖိုးပေးသွားတယ်လို့ ဆိုပါတယ်။
လက်ရှိအခြေအနေအရ သူတို့နာမည်နဲ့ နေရပ်အတိအကျကိုတော့ ဖော်ပြဖို့အဆင်မပြေကြောင်း ၊ မြန်မာပြည်မှာ စစ်အာဏာသိမ်းပြီးတဲ့နောက် ဘဏ်စနစ်ပြိုလဲနေလို့ ထီပေါက်တဲ့ငွေတွေ အိမ်ကိုပြန်လွှဲရတာအခက်အခဲများစွာရှိပြီး ဝန်ဆောင်မှုများစွာပေးရတာကြောင့် ထီပေါက်ငွေကို အပြည့်အဝမခံစားရဘူးလို့ ဦးခိုင်ကြီးက ပြောပါတယ်။
ဒီ ၂၀၂၂ နှစ်သစ်ထဲမှာ AAC အနေနဲ့ ထိုင်းထီ ပထမဆုပေါက်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၂ ဦးကို ဆုငွေထုတ်ပေးခဲ့ရပြီး ဇန်နဝါရီလ ၁ ရက်နေ့က ထီပေါက်သူမှာ ကရင်အမျိုးသား ၁ ဦးဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံအလယ်ပိုင်း၊ နခွန်းပထုံခရိုင်၊ ဘန်လင်မြို့နယ် ရေသန့်စက်ရုံတစ်ရုံက မြန်မာအ လုပ်သမား ၁ ဦးဟာ ဇွန်လ ၁၆ ရက် မနေ့ကထွက်သွားတဲ့ ထိုင်းထီပထမဆုပေါက်ဂဏန်း ၆၉၁၈၆၁ ကို ၂ စောင်ပေါက်ခဲ့လို့ ဆုငွေ ဘတ် ၁၂ သန်း ဆွတ်ခူးရရှိပါတယ်။
အဆိုပါအလုပ်သမားမှာ အသက် ၃၀ ရွယ်ရှိ ကိုနေလင်းအောင်ဆိုသူဖြစ်ပြီး မန္တလေးတိုင်း ဒေသကြီး မိထ္ထီလာမြို့နယ်တွင်းရှိ ကျေးရွာတစ်ရွာမှဖြစ်ကာ ထိုင်းမှာအလုပ်လာလုပ်တာ ၁ နှစ်လောက်သာရှိသေးကြောင်း၊ ထီကိုပုံမှန်ထိုးပေမယ့် တခါမှမပေါက်ဖူးဘဲ ပေါက်မယ့်ပေါက် ပထမဆု ၂ စောင်ပေါက်လို့ အရမ်းပျော်တယ်လို့ ကာယကံရှင်က ဒီဗွီဘီကို ပြောပါတယ်။
“စက်ရုံမှာ လာရောင်းတဲ့ထီသည်ဆီကနေ ဝယ်တာပါခင်ဗျ၊ နံပါတ်ကတော့ ဘာအတိတ် နမိတ်နဲ့မှ မထိုးပါဘူး။ စိတ်ထဲကြိုက်တဲ့နံပါတ်ကိုဝယ်လိုက်တာပဲ အမှန်က ၁၆ နဲ့ဆုံးတဲ့ ဂဏန်းထိုးမလို့ ၁၆ မရှိတော့ ရှိတဲ့ ၆၁ ကိုပဲ ၂ စောင်ယူလိုက်တာ၊ ထီပေါက်တော့ အရမ်းပျော်တာပေါ့ဗျာ၊ လုပ်ချင်တာတွေ လှူချင်တာတွေလည်း အများကြီး၊ ဘယ်နေရာအရင်လှူ မလဲ ဆိုတာ ခုပြောလို့ မရသေးဘူး။”
သူရဲ့ မိသားစုဝင်တွေဟာ မြန်မာပြည်မှာ ပဲပင်နှမ်းပင်တွေစိုက်တဲ့ တောင်သူတွေဖြစ်ပြီး သူကတော့ ထိုင်းမှာအလုပ်လုပ်လို့ ရတဲ့လစာ တစ်လကိုဘတ် ၁၀,၀၀၀ ရွာမှာကျန်ခဲ့တဲ့ မိသားစုဝင်တွေကို ထောက်ပံ့နေတာဖြစ်ပါတယ်။
ထီပေါက်တယ်လို့သိသိချင်း အေအေစီ အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ကို မနေ့က ဆက်သွယ်ခဲ့လို့ဒီကနေ့မှာ ငွေသွားထုတ်ခဲ့ကြကြောင်း၊ ထိုင်းမှာ ငွေထုတ်တာအခက်အခဲမရှိပေမယ့် လောလောဆယ်မြန်မာပြည်ရဲ့ ဘဏ်လုပ်ငန်း လည်ပတ်မှု အခြေအနေအရ မြန်မာပြည်ကို ငွေလွှဲရ ခက်ခဲနေတယ်လို့ အေအေစီအဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက ဒီဗွီဘီကို ပြောပါတယ်။
“ဆုငွေကို ကနေ့မနက်ပဲ ကျနော်တို့အတူသွားထုတ်ခဲ့ပါပြီ။ ထိုင်းမှာ ဘာပြဿနာမှမရှိဘူး။ နိုင်ငံခြားသားဖြစ်ဖြစ်ဘာဖြစ်ဖြစ် ထီလက်မှတ်ကအတုမဟုတ်ဘူးဆိုရင် ၁၅ မိနစ်လောက်နဲ့ ဘဏ်ထဲကိုရောက်လာတယ်၊ ဒါပေမဲ့ အခုလက်ရှိ စစ်ကောင်စီလက်ထက်မှာ မြန်မာပြည်က ဘဏ်ကငွေပြန်ထုတ်တာ အခက်အခဲရှိတော့ သူ့မိသားစုတွေကိုယ်တိုင်က မလွှဲသေးဖို့ ပြောတယ်ခင်ဗျ၊”
အေအေစီအဖွဲ့အစည်းအနေနဲ့ ထီပေါက်တဲ့ မြန်မာအလုပ်သမားတွေ ဆုငွေထုတ်ယူရရှိရေး ကူညီဆောင်ရွက်ပေးနေတာ ဒီတခေါက်ပါရင် ပထမဆုရသူ ၂၉ ဦးရှိသွားပြီ ဖြစ်ပါတယ်။