close

မြန်မာရွှေ့ပြောင်းလုပ်သား ထိုင်းထီ ပထမဆု ၂ စောင်ပေါက်ပြီး ဘတ်ငွေ ၁၂ သန်းရရှိ

ထိုင်းနိုင်ငံအလယ်ပိုင်း၊ နခွန်းပထုံခရိုင်၊ ဘန်လင်မြို့နယ် ရေသန့်စက်ရုံတစ်ရုံက မြန်မာအ လုပ်သမား ၁ ဦးဟာ ဇွန်လ ၁၆ ရက်  မနေ့ကထွက်သွားတဲ့ ထိုင်းထီပထမဆုပေါက်ဂဏန်း ၆၉၁၈၆၁ ကို ၂ စောင်ပေါက်ခဲ့လို့ ဆုငွေ ဘတ် ၂ သန်း ဆွတ်ခူးရရှိပါတယ်။ 

အဆိုပါအလုပ်သမားမှာ အသက် ၃၀ ရွယ်ရှိ ကိုနေလင်းအောင်ဆိုသူဖြစ်ပြီး မန္တလေးတိုင်း ဒေသကြီး မိထ္ထီလာမြို့နယ်တွင်းရှိ ကျေးရွာတစ်ရွာမှဖြစ်ကာ ထိုင်းမှာအလုပ်လာလုပ်တာ ၁ နှစ်လောက်သာရှိသေးကြောင်း၊  ထီကိုပုံမှန်ထိုးပေမယ့် တခါမှမပေါက်ဖူးဘဲ ပေါက်မယ့်ပေါက် ပထမဆု  ၂ စောင်ပေါက်လို့ အရမ်းပျော်တယ်လို့ ကာယကံရှင်က ဒီဗွီဘီကို ပြောပါတယ်။ 

“စက်ရုံမှာ လာရောင်းတဲ့ထီသည်ဆီကနေ ဝယ်တာပါခင်ဗျ၊ နံပါတ်ကတော့ ဘာအတိတ် နမိတ်နဲ့မှ မထိုးပါဘူး။ စိတ်ထဲကြိုက်တဲ့နံပါတ်ကိုဝယ်လိုက်တာပဲ အမှန်က ၁၆ နဲ့ဆုံးတဲ့ ဂဏန်းထိုးမလို့ ၁၆ မရှိတော့ ရှိတဲ့ ၆၁ ကိုပဲ ၂ စောင်ယူလိုက်တာ၊ ထီပေါက်တော့ အရမ်းပျော်တာပေါ့ဗျာ၊ လုပ်ချင်တာတွေ လှူချင်တာတွေလည်း အများကြီး၊ ဘယ်နေရာအရင်လှူ မလဲ ဆိုတာ ခုပြောလို့ မရသေးဘူး။” 

သူရဲ့ မိသားစုဝင်တွေဟာ မြန်မာပြည်မှာ ပဲပင်နှမ်းပင်တွေစိုက်တဲ့ တောင်သူတွေဖြစ်ပြီး သူကတော့ ထိုင်းမှာအလုပ်လုပ်လို့ ရတဲ့လစာ တစ်လကိုဘတ် ၁၀,၀၀၀ ရွာမှာကျန်ခဲ့တဲ့ မိသားစုဝင်တွေကို ထောက်ပံ့နေတာဖြစ်ပါတယ်။ 

ထီပေါက်တယ်လို့သိသိချင်း အေအေစီ အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ကို မနေ့က ဆက်သွယ်ခဲ့လို့ဒီကနေ့မှာ ငွေသွားထုတ်ခဲ့ကြကြောင်း၊ ထိုင်းမှာ ငွေထုတ်တာအခက်အခဲမရှိပေမယ့် လောလောဆယ်မြန်မာပြည်ရဲ့ ဘဏ်လုပ်ငန်း လည်ပတ်မှု အခြေအနေအရ မြန်မာပြည်ကို ငွေလွှဲရ ခက်ခဲနေတယ်လို့ အေအေစီအဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက ဒီဗွီဘီကို ပြောပါတယ်။ 

“ဆုငွေကို ကနေ့မနက်ပဲ ကျနော်တို့အတူသွားထုတ်ခဲ့ပါပြီ။ ထိုင်းမှာ ဘာပြဿနာမှမရှိဘူး။ နိုင်ငံခြားသားဖြစ်ဖြစ်ဘာဖြစ်ဖြစ် ထီလက်မှတ်ကအတုမဟုတ်ဘူးဆိုရင် ၁၅ မိနစ်လောက်နဲ့ ဘဏ်ထဲကိုရောက်လာတယ်၊ ဒါပေမဲ့ အခုလက်ရှိ စစ်ကောင်စီလက်ထက်မှာ မြန်မာပြည်က ဘဏ်ကငွေပြန်ထုတ်တာ အခက်အခဲရှိတော့ သူ့မိသားစုတွေကိုယ်တိုင်က မလွှဲသေးဖို့ ပြောတယ်ခင်ဗျ၊”

အေအေစီအဖွဲ့အစည်းအနေနဲ့ ထီပေါက်တဲ့ မြန်မာအလုပ်သမားတွေ ဆုငွေထုတ်ယူရရှိရေး ကူညီဆောင်ရွက်ပေးနေတာ ဒီတခေါက်ပါရင် ပထမဆုရသူ ၂၉ ဦးရှိသွားပြီ ဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up