close

ထိုင်းဘုရင်

close

December 8, 2021

ထိုင်းဘုရင်က အကျဉ်းသားပေါင်း ၁ သိန်းကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေး

နတ်ရွာစံ ထိုင်းဘုရင်ဘုရင်ကြီး ဘူမိဘောလ်အဒူယာဒက်ချ်ရဲ့ မွေးနေ့လည်းဖြစ်၊ ထိုင်းနိုင်ငံရဲ့ ဖခင်များနေ့လည်းဖြစ်တဲ့ ဒီဇင်ဘာ ၅ ရက်နေ့  အထိမ်းအမှတ်အနေနဲ့ လက်ရှိ ဘုရင် မဟာဝဇီရာလောင်ကွန်းက အကျဉ်းသား တသိန်းကျော်ကို  လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း ကြေညာပါတယ်။

အဲဒီထဲမှာ ထောင်ထဲကနေ ကွင်းလုံးကျွတ်လွတ်မြောက်ရမယ့်သူပေါင်း ၂၂၀၀၀ ကျော်၊ ထောင်ကျခဲ့တဲ့ကာလနဲ့ ပြစ်ဒဏ်ပြန်စိစစ်ပြီး လွတ်မြောက်မယ့်သူပေါင်း ၉၁၀၀ ကျော်၊ ပြစ်ဒဏ်ကနေလျှော့ချပေးခြင်းခံရမယ့်သူပေါင်း ၁၃၀၀၀၀ ကျော်ရှိတယ်လို့ ထိုင်းအကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး နိုင်းအာယုဒ်ဆင်ထုပ်ဖန်းက သတင်းထောက်တွေကို ပြောပါတယ်။ 

အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်ဟာ  ဒီဇင်ဘာ ၆ ရက်မှာ စတင်မှာဖြစ်ပြီး ရက်ပေါင်း ၁၂၀ အတွင်းအပြီးပြတ်ဆောင်ရွက်ရမှာဖြစ်ကာ ၊ အကျဉ်းသားတွေပြန်မလွှတ်ခင် စာရိတ္တ မွမ်းမံသင်တန်းတွေ တက်ရဦးမှာဖြစ်ပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်ရမယ့်သူတွေဟာ တရားရုံးက အမှုကို အပြီးသတ် စီရင်ချက်ချမှ ပြစ်ဒဏ်ပေးခံရသူတွေ  ဖြစ်ရမှာဖြစ်ပြီး အပြစ်ကိုထပ်ခါထပ်ခါကျူးလွန်ကာ တရားရုံးမှ အမှုမပြီးပြတ်သေးတဲ့သူတွေ၊ အမှုပြီးပြတ်ပေမယ့် ဆိုးသွမ်းမြဲဖြစ်ကာ စာရိတ္တပြုပြင်ပြီးရင်း ပြုပြင်ခံနေရသူတွေ၊ ဒီနှစ် စက်တင်ဘာ ၂၈ ရက်နောက်ပိုင်း ပြစ်ဒဏ်စီရင်ချက်ချခံထားရတဲ့ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ အမှုတွေ၊  သေဒဏ်အပြစ်ပေးခံထားရပြီး တသက်တကျွန်း လွတ်ငြိမ်းချမ်းသာခွင့်ရထားသူတွေ မပါဝင်ပါဘူး။ 

ထိုင်းနိုင်ငံအကျဉ်းထောင်အသီးသီးမှာ အကျဉ်းသားစုစုပေါင်း ၂၈၂၆၂၀ ဦးရှိပြီး အဲဒီထဲက တရားရုံးကနေ အပြီးသတ်စီရင်ဆုံးဖြတ်ချက်ချခံရပြီးသူပေါင်း ၂၂၄၆၇၄ ဦးရှိတယ်လို့ ထိုင်းအကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး နိုင်းအာယုဒ်ဆင်ထုပ်ဖန်းက ပြောပါတယ်။ 

ကိုးကား - ထိုင်းတီဗွီချနယ်လ် ၃ /  matichon

9 mins Ago

January 12, 2021

ထိုင်းဘုရင်နှင့် တော်ဝင်ကြင်ရာတော်တို့ အကျဉ်းထောင်များသို့ သွားရောက်

ထိုင်းဘုရင် မဟာဝချီယာလောင်ကွန်းဟာ သူ့ရဲ့တော်ဝင်ကြင်ရာတော် စီးနီနတ်ဝုန်ဗဂျီရာပတ်ဒီနဲ့အတူ အကျဉ်းထောင်တွေဆီ သွားရောက်လည်ပတ်နေတဲ့ ဓာတ်ပုံတွေကို ထိုင်းတော်ဝင် နန်းတော်က ဇန်နဝါရီ ၁၁ ရက်မှာ ဖြန့်ချိလိုက်ပါတယ်။  စည်းမျဉ်းခံဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုတဲ့ လူထုဆန္ဒပြပွဲတွေ ပေါ်ထွက်လာအပြီး တော်ဝင်မိသားစုဟာ လူထုကြားကို ပိုထွက်လာခဲ့ကြတယ်လို့လည်း ရိုက်တာ သတင်းက ဆိုပါတယ်။ ဘုရင်နဲ့ မနှစ်က ရာထူးဘွဲ့နာမည်တွေ ရုပ်သိမ်းပြီး ထောင်ချခံခဲ့ရပြီးတဲ့နောက် နဂိုနေရာကို ပြန်ရလာတဲ့ တော်ဝင်ကြင်ရာတော်တို့ ထိုင်းနိုင်ငံတဝန်းရှိ ထောင်တွေကို သွားရောက် စစ်ဆေးနေပုံကို အစိုးရနဲ့ ပုဂ္ဂလိကရုပ်သံလိုင်းတွေက တော်ဝင်သတင်းစဉ်အတွင်း ဇန်နဝါရီ ၉ ရက် ညက ပြသခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် နောက်ဆုံး ၂ လအတွင်း သူတို့က အရာရှိတွေနဲ့ စကားပြောနေပုံတွေ ကြမ်းပြင်ကို တံမြက်စည်းလှည်းနေပုံတွေကိုလည်း ပြသခဲ့ပါတယ်။ စီမံကိန်းတွေရဲ့ အကျိုးကျေးဇူးနဲ့ပတ်သက်ပြီး ထောင်သားတွေနဲ့ လူတွေ့ မေးမြန်းနေပုံကိုလည်း ထုတ်လွှင့်ခဲ့ပါတယ်။ စစ်တပ် ကျောထောက်နောက်ခံပေးထားတဲ့ ဝန်ကြီးချုပ် ပရာယွတ်သ်ချန်အိုချာ ရာထူးက နုတ်ထွက်ရေးနဲ့ စည်းမျဉ်းခံဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး တောင်းဆိုနေတဲ့ ဆန္ဒပြပွဲတွေကြားမှာ ဘုရင်က မိဘုရားဆုသီဒါနဲ့ ကိုယ်ရံတော်တပ်နဲ့အတူ ထိုင်းနိုင်ငံကို ပြန်လာပြီးတည်းက ခုလို ပုံတွေကို ပိုပြီး မကြာမကြာ ထုတ်လွှင့်နေတာပါ။ ဘုရင်ရဲ့ သြဇာကို အသစ်တိုးချဲ့ခဲ့တဲ့အတွက် ထိန်းချုပ်ဖို့ တောင်းဆိုမှုဟာ အရင်က ထိုင်းနိုင်ငံမှာ မပြောကောင်းတဲ့ကိစ္စရပ် ဖြစ်နေခဲ့ဖူးပါတယ်။ ရှေးရိုးစွဲအစဉ်အလာအရ ထိုင်းနိုင်ငံမှာ ဘုရင်တွေက နတ်ဘုရားတပိုင်းလို ဖြစ်နေပြီး မဝေဖန်ကောင်းဘူးလို့ အယူရှိခဲ့ဖူးပါတယ်။ ဘုရင်ဟာ ဥရောပကနေ ပြန်လာအပြီး မကြာခင်ကစလို့ ၂၀၂၀ တနှစ်လုံးမှာ မိဘုရား ဆုသီဒါ၊ သမီးတွေနဲ့အတူ ထိုင်းနိုင်ငံအနှံ့ သွားရောက်လည်ပတ်ခဲ့ပြီး တချို့ ပွဲစဉ်တွေမှာတော့ အသက် ၃၅ နှစ်အရွယ် တော်ဝင်ကြင်ရာတော် စီးနီနတ်လည်း ပါဝင်တက်ရောက်ခဲ့ပါတယ်။
11 months Ago
Up