ထိုင်းဘုရင်က အကျဉ်းသားပေါင်း ၁ သိန်းကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေး

နတ်ရွာစံ ထိုင်းဘုရင်ဘုရင်ကြီး ဘူမိဘောလ်အဒူယာဒက်ချ်ရဲ့ မွေးနေ့လည်းဖြစ်၊ ထိုင်းနိုင်ငံရဲ့ ဖခင်များနေ့လည်းဖြစ်တဲ့ ဒီဇင်ဘာ ၅ ရက်နေ့ အထိမ်းအမှတ်အနေနဲ့ လက်ရှိ ဘုရင် မဟာဝဇီရာလောင်ကွန်းက အကျဉ်းသား တသိန်းကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း ကြေညာပါတယ်။
အဲဒီထဲမှာ ထောင်ထဲကနေ ကွင်းလုံးကျွတ်လွတ်မြောက်ရမယ့်သူပေါင်း ၂၂၀၀၀ ကျော်၊ ထောင်ကျခဲ့တဲ့ကာလနဲ့ ပြစ်ဒဏ်ပြန်စိစစ်ပြီး လွတ်မြောက်မယ့်သူပေါင်း ၉၁၀၀ ကျော်၊ ပြစ်ဒဏ်ကနေလျှော့ချပေးခြင်းခံရမယ့်သူပေါင်း ၁၃၀၀၀၀ ကျော်ရှိတယ်လို့ ထိုင်းအကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး နိုင်းအာယုဒ်ဆင်ထုပ်ဖန်းက သတင်းထောက်တွေကို ပြောပါတယ်။
အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်ဟာ ဒီဇင်ဘာ ၆ ရက်မှာ စတင်မှာဖြစ်ပြီး ရက်ပေါင်း ၁၂၀ အတွင်းအပြီးပြတ်ဆောင်ရွက်ရမှာဖြစ်ကာ ၊ အကျဉ်းသားတွေပြန်မလွှတ်ခင် စာရိတ္တ မွမ်းမံသင်တန်းတွေ တက်ရဦးမှာဖြစ်ပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့်ရမယ့်သူတွေဟာ တရားရုံးက အမှုကို အပြီးသတ် စီရင်ချက်ချမှ ပြစ်ဒဏ်ပေးခံရသူတွေ ဖြစ်ရမှာဖြစ်ပြီး အပြစ်ကိုထပ်ခါထပ်ခါကျူးလွန်ကာ တရားရုံးမှ အမှုမပြီးပြတ်သေးတဲ့သူတွေ၊ အမှုပြီးပြတ်ပေမယ့် ဆိုးသွမ်းမြဲဖြစ်ကာ စာရိတ္တပြုပြင်ပြီးရင်း ပြုပြင်ခံနေရသူတွေ၊ ဒီနှစ် စက်တင်ဘာ ၂၈ ရက်နောက်ပိုင်း ပြစ်ဒဏ်စီရင်ချက်ချခံထားရတဲ့ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ အမှုတွေ၊ သေဒဏ်အပြစ်ပေးခံထားရပြီး တသက်တကျွန်း လွတ်ငြိမ်းချမ်းသာခွင့်ရထားသူတွေ မပါဝင်ပါဘူး။
ထိုင်းနိုင်ငံအကျဉ်းထောင်အသီးသီးမှာ အကျဉ်းသားစုစုပေါင်း ၂၈၂၆၂၀ ဦးရှိပြီး အဲဒီထဲက တရားရုံးကနေ အပြီးသတ်စီရင်ဆုံးဖြတ်ချက်ချခံရပြီးသူပေါင်း ၂၂၄၆၇၄ ဦးရှိတယ်လို့ ထိုင်းအကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး နိုင်းအာယုဒ်ဆင်ထုပ်ဖန်းက ပြောပါတယ်။
ကိုးကား - ထိုင်းတီဗွီချနယ်လ် ၃ / matichon