close

ထိုင်းမင်းသမီး တိုင်မို

close

May 24, 2022

ရေနစ်သေဆုံးခဲ့သည့် ထိုင်းသရုပ်ဆောင်မင်းသမီး တိုင်မိုနိဒါး၏ ရုပ်အလောင်းကို မီးသင်္ဂြိုဟ်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လွန်ခဲ့တဲ့ ဧပြီလကုန်ပိုင်းက ကျောက်ဖရားမြစ်ထဲ ပြုတ်ကျ သေဆုံးသွားခဲ့တဲ့ ထိုင်းသရုပ်ဆောင်မင်းသမီးရဲ့အလောင်းကို မေ ၂၄ ရက် ဒီနေ့ညနေပိုင်းမှာ အခမ်းအနားနဲ့ မီးသင်္ဂြိုဟ်လိုက်ပါတယ်။

ဈာပနအခမ်းအနားကို ပထုန်ဌာနီမြို့နယ်၊ ခလောင်းဆီနယ်မြေ မက်ဿဒစ်ခရစ်ယာန်ဘုရားရှိခိုး ကျောင်းမှာ ကျင်းပပြီး မိဘဆွေမျိုးနဲ့ အရင်းနှီးဆုံး ဆရာသမား မိတ်ဆွေသူငယ်ချင်း စုစုပေါင်း ၁၀၀ ကျော်လောက်သာ ဖိတ်ကြားခဲ့တာပါ။

သူ့ရဲ့ခေါင်းတလားကိုတော့ သူနှစ်သက်တဲ့  ပုစွန်ဆီရောင်၊ ပန်းရောင်နှင်းဆီပန်း အပွင့်ပေါင်း ၁၀၀၀နဲ့ အထူးဆင်ယင်ပြုလုပ်ထားပါတယ်။ သူရဲ့မျက်နှာကတော့ ပျက်စီးယိုယွင်းနေပြီ ဖြစ်တဲ့အတွက် ဇာပဝါနဲ့ လွှားထားပြီး ဘယ်သူမှ ဓာတ်ပုံရိုက်ခွင့်မရှိပါဘူး။ 

အခမ်းအနားကျင်းပပုံကို ဘုရားရှိခိုးကျောင်း ယူကျု့ချနယ်လ်ကနေ တိုက်ရိုက်ထုတ်လွှင့်ပြပြီး သတင်းထောက်တွေလည်း အပြင်ကနေသာ သတင်းယူခွင့်ရှိပါတယ်။ 

ချနယ်လ်အသီးသီးက သတင်းထောက်ပေါင်း ၁၀၀ ကျော်လာတာကြောင့် တိုင်မိုသေဆုံးမှုမှာ တရားစွဲခံထားရတဲ့ တလှေတည်းစီး အပေါင်းအဖော်တွေဟာ သတင်းထောက်တွေ မတွေ့အောင် အဝင်အထွက် ရှောင်ပုန်းထွက်ပြေးပြီး ပြန်ခဲ့ရပါတယ်။ 

သူသေဆုံးမှုမှာ ပထုန်ဌာနီခရိုင်ရဲတပ်ဖွဲ့က မတော်တဆသေဆုံးမှုနဲ့ အမှုပိတ်ပြီး လှေပေါ်က အပေါင်းပါ ၅ ဦးကို ပေါ့ဆမှုနဲ့အရေးယူဖို့ တရားရုံးကို အမှုတွဲပို့ထားပြီး ဖြစ်ပါတယ်။ 

ဒါပေမဲ့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ယုတ္တိမတန်တာတွေ၊ မေးခွန်းထုတ်စရာတွေ အများကြီး ရှိနေတာမို့ တိုင်မိုကို ချစ်တဲ့ ပရိသတ်၊ အပေါင်းအသင်းမိတ်ဆွေတွေနဲ့ လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေတွေက လက်မခံနိုင်ဘဲ သက်သေအထောက်အထားတွေ ရှာဖွေပြီး ဖြစ်ရပ်မှန်ပေါ်ပေါက်ရေး ကြိုးစားနေပါတယ်။ 

အဲဒီထဲက ရာဇဝတ်မှုကြောင့် သားကောင်ဖြစ်ခဲ့ရသူတွေ အကူအညီပေးနေတဲ့အဖွဲ့ ဥက္ကဋ္ဌ နိုင်းအာ ချရိယ ရုန်းရတ်တနဖုန်းကလည်း တိုင်မိုသေဆုံးမှုဟာ မတော်တဆ မဟုတ်၊ တမင်သက်သက် သတ်ဖြတ် အလောင်းဖျောက်ခံရတာလို့ အခိုင်အမာပြောဆိုနေပါတယ်။

တိုင်မိုရဲ့ ညာဘက်ပေါင်ပေါ်က ဒဏ်ရာဟာ ရဲတွေပြောသလို ပန်ကာဒလက်နဲ့ ထိမိတာမဟုတ်ဘဲ ဓားနဲ့ တမင်သက်သက် အခြစ်ခံရတာဖြစ်ပြီး ခြစ်နေစဉ် နောက်တယောက်က ပေါင်ကိုကိုင်ထားတဲ့ သက်သေ၊ လှေပေါ်က လူတွေ ဘယ်ချိန်မှာ ဘာလုပ်ခဲ့လဲဆိုတဲ့ သက်သေတွေ သူ့ဆီမှာရှိကြောင်း၊ လှေပေါ်က တယောက် အမြင်မှန်ရပြီး သူ့ထံ ဆက်သွယ်ဝန်ခံကာ သက်သေတွေပါ ပို့ထားကြောင်း၊ ဒါပေမဲ့ ထိုင်းအထူးမှုခင်းစုံစမ်းစစ်ဆေးရေးဌာနက ဒီအမှုကို ဆက်လက်ကိုင်တွယ်စစ်ဆေးဖို့ လက်မခံတာကြောင့် သက်သေတွေ ထုတ်မပေးနိုင်သေးဘူးလို့ ပြောပါတယ်။ 

သူဟာ အမှုကို အမှန်တရားဖြစ်အောင် ကူညီပေးဖို့ ထိုင်းအမျိုးသားအထက်လွှတ်တော် အဖွဲ့ထံလည်း စာပို့ထားပါတယ်။ ဒီကနေ့မှာလည်း ကျောက်ဖရားမြစ်ထဲသွားပြီး စပိဘုတ်လှေရဲ့ အနေအထား၊ အနီးနားက စီစီတီဗွီကင်မရာတွေ ထပ်စစ်ခဲ့ပါတယ်၊ 

အစပိုင်းမှာ သင်္ဘောကျင်းပိုင်ရှင်တဦးက သူတို့ဆီက စီစီကင်မရာပျက်နေတယ်လို့ ပြောပေမယ့် ဒီနေ့သွားစစ်တာ စီစီကင်မရာ တကယ်မပျက်ဘဲ သင်္ဘောကျင်းပိုင်ရှင်အစစ်နဲ့လည်း တွေ့ခဲ့ကြောင်း၊ တိုင်မိုတို့စီးတဲ့ စပိဘုတ်ကိုလည်း ရေဆေးထားတာ တွေ့ရကြောင်း သံသယဖြစ်စရာ ထပ်တွေ့တယ်လို့ ပြောပါတယ်၊ ဆက်လက်ပြီး ဒရုန်းရဲ့အကူအညီနဲ့ ကျောက်ဖရားမြစ်ထဲက ဓားမြှောင်တစ်ချောင်း ရှာဦးမယ်လို့ ပြောပါတယ်။ 

ဒီအမှုကို ဆက်မလိုက်ဘဲ ရဲတွေ ပြောတဲ့အတိုင်း လက်ခံလိုက်ရင် နောက်နောင်မှာလည်း ငွေကြေးတတ်နိုင်ရင် လုပ်ချင်ရာလုပ်လို့ ရတယ်။ အမှန်တရားကို ငွေနဲ့ဖုံးလို့ရတယ်ဆိုတဲ့ ထုံးစံဖြစ်သွားမှာဖြစ်ကြောင်း၊ သူ့အနေနဲ့ အာဏာရှိသူ၊ ငွေကြေးချမ်းသာသူတွေနဲ့ ထိပ်တိုက်ရင်ဆိုင်နေရတာကြောင့် တကယ်လို့ တခုခုဖြစ်သွားရင်  တိုင်မိုအမှုကလွဲလို့ တခြား ဘာအကြောင်းအရာမှမရှိ၊ သူ သေဆုံးပါက သူ့မိန်းမနဲ့ ကလေးတွေကို စောင့်ရှောက်ပေးဖို့ လိုက်ဖ်လွှင့်ပြောဆိုထားပါတယ်။ 

တဘက်ကလည်း မင်းသမီးတိုင်မိုရဲ့ လူမှုကွန်ရက်ကို တစုံတယောက်က တိုင်မိုကဲ့သို့ အသုံးပြုနေပြီး သူဟာ အချစ်ဆုံးသူငယ်ချင်းနဲ့ ယုံကြည်ရသူရဲ့ လုပ်ကြံမှုကိုခံရကြောင်း၊ လှေပေါ်ပါအဖော်တွေ အမှန်အတိုင်းဝန်ခံကြဖို့ မဝန်ခံရင် ဒီအကောင့်ကနေ ဖြစ်ရပ်မှန်တွေ ဆက်တိုက်ဖော်ပြသွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

သူပြောတဲ့အတိုင်း ဘယ်သူမှမမြင်ဖူးသေးတဲ့ သူတို့လှေပေါ်အတူရှိစဉ်ရိုက်ထားတဲ့ပုံတွေ ဆက်တိုက် တင်လာပါတယ်။ ဓာတ်ပုံတွေကတော့ တိုင်မိုရဲ့ ကိုယ်ပိုင်ဖုံးထဲကပုံတွေလို့ သူ့မိခင်ကပြောပါတယ်။ 

တယ်လီဖုန်းမှာ အစပိုင်းက မိခင်က သိမ်းထားတယ်ပြောပြီး သတင်းထောက်က နောက်တကြိမ် ထပ်မေးတော့ သူ့ရှေ့နေကို ပေးလိုက်ပြီလို့ ပြောပါတယ်၊ ရှေ့နေကလည်း သူ့ဆီမှာ မရှိဘူးလို့ ပြောပြန်ပါတယ်၊ ရဲတပ်ဖွဲ့ကတော့ တိုင်မိုရဲ့ ဖေ့စ်ဘွတ်ခ် အဟက်ခံရတာဖြစ်ပြီး တရားခံဟက်ကာကို  တပတ်အတွင်း ဖော်ထုတ်မယ်လို့ ပြောထားပါတယ်။ 

အသက် ၃၇ နှစ်အရွယ် ထိုင်းသရုပ်ဆောင်မင်းသမီး တိုင်မိုနိဒါးဟာ ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်က ပထုန်ဌာနီမြို့နယ် ကျောက်ဖရားမြစ်ထဲမှာ အပေါင်းဖော် ၅ ဦးနဲ့အတူ လှေစီးရင်း ရေနစ် သေဆုံးခဲ့ရတာဖြစ်ပါတယ်။

12 hours Ago

May 9, 2022

ထိုင်းမင်းသမီးတိုင်မို သေဆုံးမှု လူသတ် အလောင်းဖျောက်ခြင်း ဖြစ်ကြောင်း တန်ပြန် သတင်းစာရှင်း

ထိုင်းနာမည်ကြီးရုပ်ရှင်သရုပ်ဆောင်မင်းသမီး တိုင်မိုနိဒါး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းက ကျောက်ဖရားမြစ်ထဲမှာ ရေနစ်သေဆုံးရတာနဲ့ပတ်သက်ပြီး နွန်ထပူရီခရိုင်ရဲတပ်ဖွဲ့က သူမဟာ တလှေတည်းစီး အပေါင်းပါတွေရဲ့ နမော်နမဲ့ပေါ့ဆမှုကြောင့် သေဆုံးရကြောင်း အမှုတွဲပိတ်ကာ တရားရုံးသို့ တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ 

ဒါပေမဲ့ ထိုင်းလူ့အခွင့်အရေးရှေ့နေ၊ လွှတ်တော်အမတ်နဲ့ အပေါင်းအသင်းတွေရော၊ ပရိသတ်တွေကပါ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ပေါ် အယုံအကြည်မရှိဘဲ  အမှန်တရားပေါ်ပေါက်ဖို့ ဆက်လက်ကြိုးစားနေကြပါတယ်။ 

အဆိုပါလူတွေအနက် ရာဇဝတ်မှုရဲ့သားကောင်များအား ကူညီရေးအသင်းဥက္ကဋ္ဌ နိုင်းအာချရိယ လိုတ်ရတ်တနဖုန်း ဆိုသူမှာလည်း တိုင်မိုသေဆုံးမှုဟာ ပေါ့ဆမှုမဟုတ်ဘူးဆိုတာကို သူတို့အဖွဲ့ ထပ်မံရရှိလာတဲ့ သက်သေအထောက်အထားတွေနဲ့အတူ ဒီနေ့မနက် ၁၀ နာရီက နွန်ထပူရီပဲ လေ့စ်ဟိုတယ်မှာ သတင်းစာရှင်းခဲ့ပါတယ်။ 

သတင်းစာရှင်းပွဲမှာ နိုင်းအာချရိယနဲ့အတူ အလင်းဗေဒကျွမ်းကျင်သူ၊ GPS လမ်းပြအညွှန်း ကျွမ်းကျင်သူနဲ့ လှေပိုင်ရှင်သူဌေး ဟိုက်ဇိုးပေါရဲ့ မိတ်ဆွေ ၁ ဦးပါ သက်သေအဖြစ် အတူထိုင်ပြီး သတင်းစာရှင်းပါတယ်။ 

သတင်းစာမရှင်းခင် သူတို့ဟာ ရဲတပ်ဖွဲ့က သတင်းစာရှင်းခဲ့တဲ့ပုံစံအတိုင်း သံသယဖြစ်ချက်တွေ၊ ဖြစ်နိုင်ချေတွေ သုံးသပ်ထားတဲ့ ကြာချိန် ၁ နာရီလောက်ရှိတဲ့ ဗွီဒီယိုဖိုင်ကို အရင်ပြသခဲ့ပါတယ်။ 

ဗွီဒီယိုဖိုင်ထဲမှာ တိုင်မိုရဲ့အလောင်းမှာ တွေ့တဲ့ ဒဏ်ရာအရေအတွက်ကို ရဲက တခေါက်နဲ့တခေါက် ပြောတာမတူကြောင်း၊ ရင်ခွဲရုံကနေ သူ့အလောင်းကို တိတ်တဆိတ်သယ်ထုတ်ပြီး ပြင်ပအမှိုက်ပုံအနီးမှာ သွားစစ်ဆေးတဲ့ စီစီတီဗွီကင်မရာပါရုပ်သံကိုလည်း ပြသခဲ့ပါတယ်။ 

ရဲဟာ အလောင်းထုတ်သွားမယ်ဆိုတဲ့အကြောင်း အလောင်းပိုင်ရှင်မိသားစုဝင်ကိုလည်း ခွင့်မတောင်းခဲ့ဘူးလို့ ပြောပါတယ်။ ဒါ့အပြင် တိုင်မိုရဲ့ပေါင်နားက ဒဏ်ရာမှာ လှေပန်ကာဒလက် ထိတာလို့ ရဲကပြောပေမယ့် ဖရမုံးကုတ် ကောက်ဆေးရုံမှ ဆရာဝန် ၂ ဦးက လုံးဝမဖြစ်နိုင်ဘူးလို့ သူတို့ချင်းပြောနေတဲ့ အသံဖိုင်လည်း ဖွင့်ပြခဲ့ပါတယ်။ 

စဘိဘုတ်လှေထုတ်လုပ်တဲ့ ကုမ္ပဏီကို မေးမြန်းရာမှာ ပန်ကာဒလက်မှာ လှေအောက်မှာ တပ်ထားပြီး ပြုတ်ကျလာသူရဲ့ အရှိန်မှာ  ပန်ကာဒလက် ထိတွေ့မှု မရှိနိုင်ကြောင်း၊ ဆဲမ်းရဲ့ ထွက်ဆိုချက်အရ တိုင်မိုဟာ သူ့ရဲ့ခြေနှစ်ဖက်ကို အားပြုပြီး အပေါ့သွားတယ်လို့ ဆိုရာမှာ လုံးဝယုတ္တိမရှိ လှေရဲ့အမြီးပိုင်းမှာ ဇိမ်နဲ့ထိုင်လို့ရတဲ့ လုံလောက်သောနေရာမရှိ၊ အဲဒီနေရာဟာ လှေခုတ်မောင်းနေရင်း ရေအမြဲပက်ဝင်နေတဲ့နေရာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် တိုင်မိုဟာ အပေါ့သွားရင်း ပြုတ်ကျတယ်လို့ပြောဖို့ ရဲအရာရှိတဦးက ဆဲမ်းကို အကြံပေးထားတာ ဖြစ်ကြောင်း၊ ဒီအမှုဟာ လူသတ် အလောင်းဖျောက်မှုကနေ နမော်နမဲ့ ပေါ့ဆမှုကြောင့် သေဆုံးရတဲ့ပုံစံဖြစ်သွားအောင် သက်သေအထောက်အထားတွေကိုပါ လုပ်ကြံ ဖန်တီးထားကြတယ်လို့လည်း နိုင်းအာချရိယက ပြောပါတယ်။ 

GPS ကျွမ်းကျင်သူ၊ အလင်းဗေဒကျွမ်းကျင်သူတို့ကလည်း ရဲတပ်ဖွဲ့ဟာ လှေသွားလာတဲ့ GPS အညွှန်းပြကို ပြောင်းလဲထားကြောင်း၊ တိုင်မို ရေထဲက ပြုတ်ကျတယ်ဆိုတဲ့ စီစီတီဗွီကင်မရာပါ အရုပ်မှာ တိကျခိုင်လုံမှုမရှိ၊ လှေပေါ်ပြုတ်ကျချိန်မှာ လှေပေါ်ပါသူတွေရဲ့ ထွက်ဆိုချက်နဲ့ စီစီတီဗွီကင်မရာက အချိန်ကိုက်ညီမှု မရှိဘူးလို့ ထောက်ပြပါတယ်။ 

လှေပိုင်ရှင်ရဲ့ ဟိုက်ဇိုးပေါရဲ့ သူငယ်ချင်း နိုင်းတီ ဆိုသူကလည်း ပေါဟာ အခင်းဖြစ်တဲ့ညက သူ့မိတ်ဆွေ ရဲအရာရှိနဲ့ အချိန် ၄၅ မိနစ်ကြာဖုန်းဆက်ပြီး အပြစ်လွတ်အောင်ထွက်ဆိုရမယ့် စကားလုံးတွေကို ရဲဆီကနေ အကြံဉာဏ်တွေတောင်းခဲ့တယ်လို့ ဆိုပါတယ်။ 

နိုင်းအာချရိယက  ဒီကနေ့ သတင်းစာရှင်းပွဲမလုပ်ဖို့အတွက် မနေ့ညက  သူ့ကို အခကြေးငွေနဲ့ ညှိနှိုင်းပြီး တားမြစ်လာသူရှိကြောင်း၊ ဒါပေမဲ့ သူကတော့ အမှန်တရားအတွက် ညှိနှိုင်းချက်ကို ငြင်းဆိုခဲ့တယ်လို့ ပြောပါတယ်။ 

ဒီကနေ့ သတင်းစာရှင်းပွဲအပြီး ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ်ကြီးအနေနဲ့ ၂၄ နာရီအတွင်း  နွန်ထပူရီ ရဲတပ်ဖွဲ့အပေါ် ဘယ်လိုအရေးယူမလဲဆိုတာ စောင့်ကြည့်မှာဖြစ်ကြောင်း၊ ရဲချုပ်ကြီးဟာ အမှန်တရားဘက်လိုက်မလား၊ ကိုယ့်လူကိုယ် အကာအကွယ်ပေးမလားဆိုတာ ကြည့်ရမှာဖြစ်ကြောင်း၊ တကယ်လို့ ဘာမှ အရေးယူဆောင်ရွက်တာမရှိရင် တိုင်မိုအမှုတွဲကိုင်တဲ့ ရဲတပ်ဖွဲ့တဖွဲ့လုံးကို သူတို့အသင်းအနေနဲ့ တရားစွဲမယ်လို့ နိုင်းအာချရိရက ပြောသွားပါတယ်။ 

အဆိုပါသတင်းစာရှင်းပွဲ လုံခြုံရေးအတွက် အထဲဝင်လာမယ့် သတင်းထောက်တိုင်း မှတ်ပုံတင်ရပြီး လက်နက်အစစ်ဆေးခံရသလို အပြင်မှာလည်း စစ်တပ်က လက်နက်ကိုင်ပြီး စောင့်ကြပ်ထားပါတယ်။ အဲဒီလို လုံခြုံမှုဟာ တရားဥပဒေနဲ့အညီ လုပ်ဆောင်တာလို့ နိုင်းအာချရိယက ပြောပါတယ်။ 

နိုင်းအာချရိယအနေနဲ့ အခုလို ခရိုင်ရဲတပ်ဖွဲ့က ကိုင်တွယ်ဆုံးဖြတ်ပြီးသားအမှု၊ သက်ဆိုင်ရာ မိသားစုဝင်တွေကလည်း ကျေနပ်တဲ့အမှုကို ဘာကြောင့် ဝင်ရောက်စွက်ဖက်စုံစမ်း ကိုင်တွယ်ရသလဲလို့ သတင်းထောက်တွေက မေးမြန်းရာမှာ သူက အမှန်တရားပေါ် အခြေခံပြီး ဆောင်ရွက်နေတာလို့ ဖြေကြားသွားပါတယ်။ 

သတင်းစာရှင်းပွဲအပြီးမှာ  နိုင်းအာချရိယနဲ့အဖွဲ့ကို တိုင်မိုရဲ့ ပရိသတ်တွေက ပန်းစည်းတွေနဲ့အတူ လာရောက်အားပေးဂုဏ်ပြုခဲ့ကြပါတယ်။

2 weeks Ago
Up