ထိုင်းမင်းသမီးတိုင်မို သေဆုံးမှု လူသတ် အလောင်းဖျောက်ခြင်း ဖြစ်ကြောင်း တန်ပြန် သတင်းစာရှင်း

ထိုင်းနာမည်ကြီးရုပ်ရှင်သရုပ်ဆောင်မင်းသမီး တိုင်မိုနိဒါး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းက ကျောက်ဖရားမြစ်ထဲမှာ ရေနစ်သေဆုံးရတာနဲ့ပတ်သက်ပြီး နွန်ထပူရီခရိုင်ရဲတပ်ဖွဲ့က သူမဟာ တလှေတည်းစီး အပေါင်းပါတွေရဲ့ နမော်နမဲ့ပေါ့ဆမှုကြောင့် သေဆုံးရကြောင်း အမှုတွဲပိတ်ကာ တရားရုံးသို့ တင်ပြခဲ့ပြီး ဖြစ်ပါတယ်။
ဒါပေမဲ့ ထိုင်းလူ့အခွင့်အရေးရှေ့နေ၊ လွှတ်တော်အမတ်နဲ့ အပေါင်းအသင်းတွေရော၊ ပရိသတ်တွေကပါ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ပေါ် အယုံအကြည်မရှိဘဲ အမှန်တရားပေါ်ပေါက်ဖို့ ဆက်လက်ကြိုးစားနေကြပါတယ်။
အဆိုပါလူတွေအနက် ရာဇဝတ်မှုရဲ့သားကောင်များအား ကူညီရေးအသင်းဥက္ကဋ္ဌ နိုင်းအာချရိယ လိုတ်ရတ်တနဖုန်း ဆိုသူမှာလည်း တိုင်မိုသေဆုံးမှုဟာ ပေါ့ဆမှုမဟုတ်ဘူးဆိုတာကို သူတို့အဖွဲ့ ထပ်မံရရှိလာတဲ့ သက်သေအထောက်အထားတွေနဲ့အတူ ဒီနေ့မနက် ၁၀ နာရီက နွန်ထပူရီပဲ လေ့စ်ဟိုတယ်မှာ သတင်းစာရှင်းခဲ့ပါတယ်။
သတင်းစာရှင်းပွဲမှာ နိုင်းအာချရိယနဲ့အတူ အလင်းဗေဒကျွမ်းကျင်သူ၊ GPS လမ်းပြအညွှန်း ကျွမ်းကျင်သူနဲ့ လှေပိုင်ရှင်သူဌေး ဟိုက်ဇိုးပေါရဲ့ မိတ်ဆွေ ၁ ဦးပါ သက်သေအဖြစ် အတူထိုင်ပြီး သတင်းစာရှင်းပါတယ်။
သတင်းစာမရှင်းခင် သူတို့ဟာ ရဲတပ်ဖွဲ့က သတင်းစာရှင်းခဲ့တဲ့ပုံစံအတိုင်း သံသယဖြစ်ချက်တွေ၊ ဖြစ်နိုင်ချေတွေ သုံးသပ်ထားတဲ့ ကြာချိန် ၁ နာရီလောက်ရှိတဲ့ ဗွီဒီယိုဖိုင်ကို အရင်ပြသခဲ့ပါတယ်။
ဗွီဒီယိုဖိုင်ထဲမှာ တိုင်မိုရဲ့အလောင်းမှာ တွေ့တဲ့ ဒဏ်ရာအရေအတွက်ကို ရဲက တခေါက်နဲ့တခေါက် ပြောတာမတူကြောင်း၊ ရင်ခွဲရုံကနေ သူ့အလောင်းကို တိတ်တဆိတ်သယ်ထုတ်ပြီး ပြင်ပအမှိုက်ပုံအနီးမှာ သွားစစ်ဆေးတဲ့ စီစီတီဗွီကင်မရာပါရုပ်သံကိုလည်း ပြသခဲ့ပါတယ်။
ရဲဟာ အလောင်းထုတ်သွားမယ်ဆိုတဲ့အကြောင်း အလောင်းပိုင်ရှင်မိသားစုဝင်ကိုလည်း ခွင့်မတောင်းခဲ့ဘူးလို့ ပြောပါတယ်။ ဒါ့အပြင် တိုင်မိုရဲ့ပေါင်နားက ဒဏ်ရာမှာ လှေပန်ကာဒလက် ထိတာလို့ ရဲကပြောပေမယ့် ဖရမုံးကုတ် ကောက်ဆေးရုံမှ ဆရာဝန် ၂ ဦးက လုံးဝမဖြစ်နိုင်ဘူးလို့ သူတို့ချင်းပြောနေတဲ့ အသံဖိုင်လည်း ဖွင့်ပြခဲ့ပါတယ်။
စဘိဘုတ်လှေထုတ်လုပ်တဲ့ ကုမ္ပဏီကို မေးမြန်းရာမှာ ပန်ကာဒလက်မှာ လှေအောက်မှာ တပ်ထားပြီး ပြုတ်ကျလာသူရဲ့ အရှိန်မှာ ပန်ကာဒလက် ထိတွေ့မှု မရှိနိုင်ကြောင်း၊ ဆဲမ်းရဲ့ ထွက်ဆိုချက်အရ တိုင်မိုဟာ သူ့ရဲ့ခြေနှစ်ဖက်ကို အားပြုပြီး အပေါ့သွားတယ်လို့ ဆိုရာမှာ လုံးဝယုတ္တိမရှိ လှေရဲ့အမြီးပိုင်းမှာ ဇိမ်နဲ့ထိုင်လို့ရတဲ့ လုံလောက်သောနေရာမရှိ၊ အဲဒီနေရာဟာ လှေခုတ်မောင်းနေရင်း ရေအမြဲပက်ဝင်နေတဲ့နေရာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တိုင်မိုဟာ အပေါ့သွားရင်း ပြုတ်ကျတယ်လို့ပြောဖို့ ရဲအရာရှိတဦးက ဆဲမ်းကို အကြံပေးထားတာ ဖြစ်ကြောင်း၊ ဒီအမှုဟာ လူသတ် အလောင်းဖျောက်မှုကနေ နမော်နမဲ့ ပေါ့ဆမှုကြောင့် သေဆုံးရတဲ့ပုံစံဖြစ်သွားအောင် သက်သေအထောက်အထားတွေကိုပါ လုပ်ကြံ ဖန်တီးထားကြတယ်လို့လည်း နိုင်းအာချရိယက ပြောပါတယ်။
GPS ကျွမ်းကျင်သူ၊ အလင်းဗေဒကျွမ်းကျင်သူတို့ကလည်း ရဲတပ်ဖွဲ့ဟာ လှေသွားလာတဲ့ GPS အညွှန်းပြကို ပြောင်းလဲထားကြောင်း၊ တိုင်မို ရေထဲက ပြုတ်ကျတယ်ဆိုတဲ့ စီစီတီဗွီကင်မရာပါ အရုပ်မှာ တိကျခိုင်လုံမှုမရှိ၊ လှေပေါ်ပြုတ်ကျချိန်မှာ လှေပေါ်ပါသူတွေရဲ့ ထွက်ဆိုချက်နဲ့ စီစီတီဗွီကင်မရာက အချိန်ကိုက်ညီမှု မရှိဘူးလို့ ထောက်ပြပါတယ်။
လှေပိုင်ရှင်ရဲ့ ဟိုက်ဇိုးပေါရဲ့ သူငယ်ချင်း နိုင်းတီ ဆိုသူကလည်း ပေါဟာ အခင်းဖြစ်တဲ့ညက သူ့မိတ်ဆွေ ရဲအရာရှိနဲ့ အချိန် ၄၅ မိနစ်ကြာဖုန်းဆက်ပြီး အပြစ်လွတ်အောင်ထွက်ဆိုရမယ့် စကားလုံးတွေကို ရဲဆီကနေ အကြံဉာဏ်တွေတောင်းခဲ့တယ်လို့ ဆိုပါတယ်။
နိုင်းအာချရိယက ဒီကနေ့ သတင်းစာရှင်းပွဲမလုပ်ဖို့အတွက် မနေ့ညက သူ့ကို အခကြေးငွေနဲ့ ညှိနှိုင်းပြီး တားမြစ်လာသူရှိကြောင်း၊ ဒါပေမဲ့ သူကတော့ အမှန်တရားအတွက် ညှိနှိုင်းချက်ကို ငြင်းဆိုခဲ့တယ်လို့ ပြောပါတယ်။
ဒီကနေ့ သတင်းစာရှင်းပွဲအပြီး ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ်ကြီးအနေနဲ့ ၂၄ နာရီအတွင်း နွန်ထပူရီ ရဲတပ်ဖွဲ့အပေါ် ဘယ်လိုအရေးယူမလဲဆိုတာ စောင့်ကြည့်မှာဖြစ်ကြောင်း၊ ရဲချုပ်ကြီးဟာ အမှန်တရားဘက်လိုက်မလား၊ ကိုယ့်လူကိုယ် အကာအကွယ်ပေးမလားဆိုတာ ကြည့်ရမှာဖြစ်ကြောင်း၊ တကယ်လို့ ဘာမှ အရေးယူဆောင်ရွက်တာမရှိရင် တိုင်မိုအမှုတွဲကိုင်တဲ့ ရဲတပ်ဖွဲ့တဖွဲ့လုံးကို သူတို့အသင်းအနေနဲ့ တရားစွဲမယ်လို့ နိုင်းအာချရိရက ပြောသွားပါတယ်။
အဆိုပါသတင်းစာရှင်းပွဲ လုံခြုံရေးအတွက် အထဲဝင်လာမယ့် သတင်းထောက်တိုင်း မှတ်ပုံတင်ရပြီး လက်နက်အစစ်ဆေးခံရသလို အပြင်မှာလည်း စစ်တပ်က လက်နက်ကိုင်ပြီး စောင့်ကြပ်ထားပါတယ်။ အဲဒီလို လုံခြုံမှုဟာ တရားဥပဒေနဲ့အညီ လုပ်ဆောင်တာလို့ နိုင်းအာချရိယက ပြောပါတယ်။
နိုင်းအာချရိယအနေနဲ့ အခုလို ခရိုင်ရဲတပ်ဖွဲ့က ကိုင်တွယ်ဆုံးဖြတ်ပြီးသားအမှု၊ သက်ဆိုင်ရာ မိသားစုဝင်တွေကလည်း ကျေနပ်တဲ့အမှုကို ဘာကြောင့် ဝင်ရောက်စွက်ဖက်စုံစမ်း ကိုင်တွယ်ရသလဲလို့ သတင်းထောက်တွေက မေးမြန်းရာမှာ သူက အမှန်တရားပေါ် အခြေခံပြီး ဆောင်ရွက်နေတာလို့ ဖြေကြားသွားပါတယ်။
သတင်းစာရှင်းပွဲအပြီးမှာ နိုင်းအာချရိယနဲ့အဖွဲ့ကို တိုင်မိုရဲ့ ပရိသတ်တွေက ပန်းစည်းတွေနဲ့အတူ လာရောက်အားပေးဂုဏ်ပြုခဲ့ကြပါတယ်။