ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင်နဲ့ လမ်းပန်းခရိုင်မှာ တစ်နေ့တည်း စိတ်ကြွဆေးပြားအလုံးရေ ၅ သန်း ၁ သိန်းကျော်ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
မတ်လ ၁၇ ရက် မနက်စောစောပိုင်းက ချင်းရိုင်း - ချင်းမိုင်သွား အဝေးပြေးလမ်းမကြီးပေါ်မှာ မြောက်ပိုင်းမူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့နဲ့ နယ်မြေခံရဲတပ်ဖွဲ့တို့ တာဝန်အရ ဖြတ်သန်းသွားလာတဲ့ကားတွေကို စစ်ဆေးရာမှာအဖြူရောင် ဟိုင်းလပ်စ်ကား ၁ စီးက ရပ်မပေးဘဲ မောင်းပြီးထွက်ပြေးသွားလို့ တာဝန်ရှိသူတွေကလည်း နောက်က လိုက်လံဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါကားဟာ လမ်းမကြီးပေါ်ကနေ မဲ့ဆွေမြို့နယ် ဝါဝီကျေးရွာတောလမ်းဘက်ကို မောင်းသွားပြီး တောတွင်းတစ်နေရာရောက်တော့ အရှိန်နဲ့လမ်းဘေးတောင်စောင်းပေါ်ကနေလိမ့်ကျသွားကြောင်း ၊ ကားမောင်းသမားကတော့ မှောင်ရိပ်ခိုပြီးထွက်ပြေးလွတ်မြောက်သွားတယ်လို့ တာဝန်ရှိက သတင်း ထောက်ကို ပြောပါတယ်။
ကားပေါ်မှာတော့ ဆာလာအိတ်ပေါင်း ၁၁ အိတ်တွေ့ရှိကြောင်း ၊ အထဲမှာ ၉၉၉ အမှတ်တံဆိပ် စိတ်ကြွဆေးပြား စုစုပေါင်း ၁၇၇၀၀၀၀ ( တစ်သန်းခုနှစ်သိန်းခုနှစ်သောင်း ) ပါရှိတယ်လို့ ဆိုပါ တယ်။
အဲဒီနေ့ မနက် ၁၁ နာရီလောက်မှာတော့ ထိုင်းမြောက်ပိုင်း လမ်းပန်းခရိုင် မဲ့ဖလစ် စစ်ဆေးရေးဂိတ်မှာ ချင်းမိုင်ဘက်ကနေ မောင်းနှင်လာတဲ့ ဟိုင်းလပ်ကားတစ်စီးပေါ်ကနေ စိတ်ကြွဆေးပြား ၃ သန်းကျော်ထပ်ဖမ်းမိခဲ့ပါတယ်။
ယာဉ်မောင်းသူမှာ အသက် ၂၃ နှစ်ရွယ် ချင်းမိုင်သားဖြစ်ပြီး အဆိုပါမူးယစ်ဆေးဝါးတွေကို ပါဆယ်ထုတ်တွေထဲထည့်ပြီး သယ်ဆောင်လာခဲ့တာပါ။
အဆိုပါကားပေါ်ကနေ စိတ်ကြွဆေးစုစုပေါင်း ၃.၄၀၀,၀၀၀ ဖမ်းဆီးရမိပြီး ဆက်လက်စစ်ဆေးနေဆဲလို့ ထိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။
ကိုးကား- Mae Sai Press