close

ထိုင်းမြောက်ပိုင်းတွင် စိတ်ကြွမူးယစ်ဆေးပြား အလုံးရေ ၅ သန်းကျော် ဖမ်းမိ

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင်နဲ့ လမ်းပန်းခရိုင်မှာ တစ်နေ့တည်း စိတ်ကြွဆေးပြားအလုံးရေ ၅ သန်း ၁ သိန်းကျော်ဖမ်းဆီးရမိတယ်လို့  မယ်ဆိုင်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

မတ်လ ၁၇ ရက် မနက်စောစောပိုင်းက ချင်းရိုင်း - ချင်းမိုင်သွား အဝေးပြေးလမ်းမကြီးပေါ်မှာ  မြောက်ပိုင်းမူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့နဲ့ နယ်မြေခံရဲတပ်ဖွဲ့တို့ တာဝန်အရ ဖြတ်သန်းသွားလာတဲ့ကားတွေကို စစ်ဆေးရာမှာအဖြူရောင် ဟိုင်းလပ်စ်ကား ၁ စီးက ရပ်မပေးဘဲ မောင်းပြီးထွက်ပြေးသွားလို့ တာဝန်ရှိသူတွေကလည်း နောက်က လိုက်လံဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ 

အဆိုပါကားဟာ လမ်းမကြီးပေါ်ကနေ မဲ့ဆွေမြို့နယ် ဝါဝီကျေးရွာတောလမ်းဘက်ကို မောင်းသွားပြီး တောတွင်းတစ်နေရာရောက်တော့ အရှိန်နဲ့လမ်းဘေးတောင်စောင်းပေါ်ကနေလိမ့်ကျသွားကြောင်း ၊ ကားမောင်းသမားကတော့ မှောင်ရိပ်ခိုပြီးထွက်ပြေးလွတ်မြောက်သွားတယ်လို့  တာဝန်ရှိက သတင်း ထောက်ကို ပြောပါတယ်။ 

ကားပေါ်မှာတော့ ဆာလာအိတ်ပေါင်း ၁၁ အိတ်တွေ့ရှိကြောင်း ၊ အထဲမှာ ၉၉၉ အမှတ်တံဆိပ် စိတ်ကြွဆေးပြား စုစုပေါင်း ၁၇၇၀၀၀၀ ( တစ်သန်းခုနှစ်သိန်းခုနှစ်သောင်း ) ပါရှိတယ်လို့ ဆိုပါ တယ်။

အဲဒီနေ့ မနက် ၁၁ နာရီလောက်မှာတော့ ထိုင်းမြောက်ပိုင်း လမ်းပန်းခရိုင် မဲ့ဖလစ် စစ်ဆေးရေးဂိတ်မှာ  ချင်းမိုင်ဘက်ကနေ မောင်းနှင်လာတဲ့ ဟိုင်းလပ်ကားတစ်စီးပေါ်ကနေ စိတ်ကြွဆေးပြား  ၃ သန်းကျော်ထပ်ဖမ်းမိခဲ့ပါတယ်။ 

ယာဉ်မောင်းသူမှာ အသက် ၂၃ နှစ်ရွယ် ချင်းမိုင်သားဖြစ်ပြီး အဆိုပါမူးယစ်ဆေးဝါးတွေကို ပါဆယ်ထုတ်တွေထဲထည့်ပြီး သယ်ဆောင်လာခဲ့တာပါ။

အဆိုပါကားပေါ်က‌နေ စိတ်ကြွဆေးစုစုပေါင်း ၃.၄၀၀,၀၀၀ ဖမ်းဆီးရမိပြီး  ဆက်လက်စစ်ဆေးနေဆဲလို့ ထိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။

ကိုးကား- Mae Sai Press 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up