close

ထိုင်းရဲတပ်ဖွဲ့

close

May 9, 2023

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မြို့တွင် လက်နက်ခဲယမ်း ၁ဝဝ ကျော် သိမ်းဆည်းမိ

ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းနိုင်ငံဘက်ခြမ်း၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့က နေအိမ် တလုံးမှာ ထိုင်းအာဏာပိုင်တွေက သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာကနေ လက်နက်ခဲယမ်း ၁ဝဝ ကျော် ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် Maesai press သတင်းဌာနက ဖော်ပြထားပါတယ်။

ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့၊ ဆရီချိုင်ယာဖန်းရွာနားက နေအိမ်တလုံးကို မသင်္ကာဖွယ် သတင်းရရှိခဲ့တဲ့အတွက် မေ ၉ ရက် မနက်ပိုင်းက ရှာဖွေရေးဝရမ်းထုတ်ကာ ထိုင်းရဲတပ်ဖွဲ့၊ ခရိုတက်ခ် စစ်ထောက်လှမ်းရေးအဖွဲ့၊ နယ်ခြားစောင့်တပ်တွေနဲ့ ဝင်ရောက်စီးနင်း ရှာဖွေခဲ့ရာကနေ လက်နက်တွေ သိမ်းဆည်းရမိခဲ့တာပါ။

ဝင်ရောက်ရှာဖွေရာ အဆိုပါအိမ်အတွင်း သေနတ်အတိုတလက်၊ အရှည်တလက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိပြီး နောက်ထပ်အခန်းတခန်းကို ဆက်လက်ရှာဖွေရာ ပါဆယ်သေတ္တာတွေနဲ့ ထုပ်ပိုးထားတဲ့ လက်နက်နဲ့ ဆက်စပ်ပစ္စည်း ၁ဝဝ ကျော်ကို သိမ်းဆည်းရမိခဲ့တာဖြစ်ပြီး အခုလို ဖမ်းဆီးရမိတဲ့အိမ်နေရာ ဆရီချိုင်ရွာက မြန်မာနိုင်ငံ၊ တာချီလိတ်မြို့ နယ်စပ်မှာတည်ရှိပြီး လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိတဲ့ အမျိုးသားက မြန်မာလား ထိုင်းလူမျိုးလား ဆိုတာကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။

လက်ရှိမှာတော့ ရွေးကောက်ပွဲကာအတွင်း မှုခင်းကျဆင်းရေး စီမံချက်နဲ့ နယ်စပ်လူကုန်ကူးမှုတွေ၊ တရားမဝင် လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေကို အထူးတိုက်ဖျက်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ မေ ၈ ရက်ကလည်း မဲဆောက်မြို့ရဲစခန်းမှာ ၃ နိုင်ငံ နယ်စပ်လူကုန်ကူးမှုကျဆင်းရေး တွေ့ဆုံပွဲတခု ပြုလုပ်ခဲ့ပါတယ်။

12 hours Ago

March 22, 2023

ကန်ချနဘူရီတွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၂ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်ထဲမှာ မြန်မာနိုင်ငံသား ၁၂ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က မတ်လ ၂၀ ရက်မှာ ဖမ်းဆီးလိုက်တယ်လို့ ထိုင်းဗဟိုထောက်လှမ်းရေးဌာန (CIB) သတင်း ဖော်ပြချက်အရ သိရပါတယ်။

မတ်လ ၂၀ ရက် မနက် ၁၀ နာရီလောက်က ကန်ချနာပူရီခရိုင် လမ်းမပေါ်က စစ်ဆေးရေးဂိတ်တခုမှာ အနက်ရောင် ပစ်ကပ်ကားတစီးက အစစ်ဆေးမခံဘဲ အရှိန်ပြင်းစွာ မောင်းနှင်သွားတဲ့အတွက် လိုက်လံဖမ်းဆီးရာကနေ မြန်မာနိုင်ငံသား ၁၂ ယောက်ကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ မောင်းပြေးသွားတဲ့ယာဥ်ကို စစ်ဆေးရေးဂိတ်နဲ့ ကီလိုမီတာ ၄၀ အကွာမှာ ဖမ်းဆီးနိုင်ခဲ့ပြီး စစ်ဆေးရာ အသက် ၃၇ နှစ်အရွယ် ထိုင်းလူမျိုး ယာဥ်မောင်းဖြစ်သူ မောင်းနှင်လာပြီး ထိုင်းနိုင်ငံ၊ စံခလဘူရီမြို့ကနေ ကန်ချနဘူရီမြို့ကို ပို့ဆောင်ခ ဘတ် ၇,၀၀၀ ကနေ ၈,၀၀၀ အထိ ရရှိတဲ့အတွက် သယ်ဆောင်လာခဲ့တာလို့သိရပြီး ဖမ်းဆီးရမိတဲ့ မြန်မာအလုပ်သမားတွေနဲ့ ယာဥ်မောင်း ထိုင်းလူမျိုးကို ထိုင်းဥပဒေအရ အရေးယူနိုင်ဖို့ ကန်ချနဘူရီ ရဲစခန်းကို ပို့ဆောင်ထားပြီး အရေးယူဖို့ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေမှာ ကန်ချနာဘူရီခရိုင်နဲ့ ပရာကျွတ်မြို့တို့မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၆၀ ဦး ဖမ်းဆီးခံထားရပြီး ဖေဖော်ဝါရီလထဲမှာပဲ တရားမဝင် ခိုးဝင်နိုင်ငံသား ဖမ်းဆီးရမိသူ ၉၀ ခန့်ရှိပြီလို့ ဒေသတွင်း မီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

2 months Ago
Up