ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ဘော်နယ်မြေထဲမှာ ဒီဇင်ဘာ ၂၄ ရက်က မြန်မာရွှေ့ပြောင်းလုပ်သား တယောက် ရွှေဆိုင်ကို ဝင်ရောက်လုယက်ပြီး နယ်မြေခံရဲမှူးအိမ်ဝင်းထဲ ဝင်ရောက်ပုန်းခိုမိလို့ အဖမ်းခံလိုက်တယ်လို့ Thailand News သတင်းမှာ ဖော်ပြပါတယ်။
အဲဒီနေ့ မနက်ပိုင်းက အင်္ကျီဖြူ ဘောင်းဘီနက် ၊ ဦးထုပ်နက်နဲ့ နှာခေါင်းစည်းတပ်ထားသူ အမျိုးသား တယောက်ဟာ ဘန်ဘော်ဈေးကြီးနားမှာဖွင့်ထားတဲ့ ထိုင်း ဆီရီရွှေဆိုင်ထဲကို ဝင်ရောက်လာကြောင်း ၊ သူဟာ ရွှေဝယ်မလိုလိုနဲ့ ဆွဲကြိုးတွေကို တောင်းကြည့်ပြီး ဘတ် ၁ သိန်းခွဲတန် ဆွဲကြိုး ၅ ကုံးကို လုယုကာ ဈေးထဲကိုဝင်ရောက် ပျောက်ကွယ်သွားတယ်လို့ ရွှေဆိုင်အရောင်းဝန်ထမ်းက တိုင်ကြားလာကြောင်း ဘန်ခွန်ထိန်းနယ်မြေရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ရဲတွေက စီစီကင်မရာလိုက်ကြည့်ပြီး သူ့ကိုလိုက်လံရှာဖွေစဉ်မှာ တာဝန်သိပြည်သူတွေက အဆိုပါသူခိုးဟာ အင်္ကျီလဲပြီး ဈေးအနောက်ဘက်က ခြံဝင်းထဲဝင်သွားကြောင်း သတင်းပေးတာကြောင့် ရဲတွေဟာ အဆိုပါအိမ်ဝင်းထဲကို လိုက်လာခဲ့ကြပါတယ်။
အဆိုပါအိမ်မှာ တိုင်းဒေသ ၇ ဒုရဲမှူးချုပ် ဝရာယုဒ် ဆုခဝပ်ရဲ့ နေအိမ်ဖြစ်နေပြီး ဈေးပိုင်ရှင်လည်းဖြစ်ကြောင်း၊ သူခိုးဟာ အိမ်ဝင်းထဲက သစ်ပင် တပင် ရဲ့ ၃ မီတာ အမြင့်ပေါ်တက်ပြီး ပုန်းနေတာလို့ ဆိုပါတယ်။
စစ်ဆေးမေးမြန်းချက်အရ သူဟာ မြန်မာရွှေ့ပြောင်းလုပ်သား သက်ဦး ( ၃၀ နှစ်) ဖြစ်ပြီး စက်ရုံ တရုံမှာ တလ ဘတ် ၅၀၀၀ နဲ့ အလုပ်လုပ်နေကြောင်း၊ မြန်မာပြည်မှာ ကျန်ခဲ့တဲ့ မိသားစုကိုလစဉ်ပြန်ထောက်ပံ့ရလို့ လစာမလောက်ငှတာကြောင်း အတိုးနဲ့ငွေချေးထားတာ အကြွေး ဘတ် ၇၀၀၀၀ တင်နေပြီး လစဉ်အတိုး ဘတ် ၃၀၀၀ ပေးရေတာကြောင့် ကြံမိကြံရာ အခုလိုကျူးလွန်ရတာလို့ ဝန်ခံသွားပါတယ်။
လုယူသွားတဲ့ ရွှေဆွဲကြိုး ၅ ကုံးအနက် ၃ ကုံးသာပြန်ရပြီး နောက် ၂ ကုံးကတော့ ဈေးထဲမှာ ပြေးရင်းလွှားရင်းကျပျောက်သွားတယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက သူ့ကိုလိုအပ်သလိုအရေးယူဖို့ ဘန်ခွန်းထိန်းနယ်မြေရဲစခန်းကို ပို့ဆောင်ထားတယ်လို့ သတင်းမှာဖော်ပြပါတယ်။
ကိုးကား- FCML
ထိုင်းနိုင်ငံမြောက်ပိုင်း နခွမ်ဆဝမ်မြို့နယ်ရဲစခန်းမှာ ဒီလဆန်းပိုင်းက မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ တရားခံတစ်ဦး စစ်ဆေးခံရရင်း သေဆုံးခဲ့မှု အလောင်းရဲ့ဆေး စစ်ချက်အရ အသက်ရှူကြပ်ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
မူးယစ်တရားခံ သေဆုံးခဲ့မှုနဲ့ အလောင်းစစ်ချက် ရလဒ်ကို ပြည်သူတွေက စိတ်ဝင်တစား စောင့်ကြည့်နေတာလည်း ဖြစ်ပါတယ်။
ဦးဆောင်စစ်ဆေးတဲ့ စခန်းမှူး ထိတီဆန် အုတ်ထနဖွန် ခေါ် ကျို့ က တရားခံဟာ သူတို့စစ်ဆေးမှုကြောင့် သေဆုံးရတာမဟုတ်ဘဲ မူးယစ်ဆေးဝါး လွန်ကဲစွာ အသုံးပြုလို့ သေဆုံးရတာလို့ ထွက်ဆိုထားတာပါ။
အလောင်းကို ပထမဆုံးဆေးစစ်ခဲ့တဲ့ ပရင့်စ်ပါနမ့်ဖို ပုဂ္ဂလိက ဆေးရုံကလည်း သေဆုံးသူမှာ အမ်ဖက်တမင်းဆေးတွေ သုံးစွဲထားတာတွေ့ရတယ်လို့ ဖော်ပြထားတာကြောင့် ဒီဆေးစစ်ချက်ဟာ လူသေဆုံးမှုကြောင့် ဖမ်းဆီးခံထားရတဲ့ စခန်းမှူး နဲ့ ရဲဝန်ထမ်းတွေရဲ့ ပြစ်ဒဏ်အတွက် အရေးပါတဲ့အချက်ဖြစ်နေပါတယ်။
အဆိုပါဆေးစစ်ချက်နဲ့ ပတ်သက်ပြီး မနေ့က တိုင်းဒေသ ၆ ရဲဌာနချုပ် မှုခင်းဌာ ဒုရဲမှူးချုပ်၊ အမှုမှန်ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ဒုရဲချုပ်၊ ခရိုင်ရဲ တပ်ဖွဲ့မှူးရုံး၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက တာဝန်ရှိသူတွေ၊ ဆဝမ်ပချာရတ် ပြည်သူ့ဆေးရုံ တာ ဝန်ကျ ဆရာဝန်ကြီးတို့ အစည်းအဝေးလုပ်ပြီး သေဆုံးသူရဲ့ မိဘဆွေမျိုးတွေပါ လာရောက်နားထောင်စေခဲ့ပါတယ်။
ပြည်သူ့ဆေးရုံကြီး တာဝန်ကျဆရာဝန် ဆဝမ်ပချာရတ်က သူတို့အနေနဲ့ ပထမဆေး စစ်ချက်က အသားစကို ထပ်မံဓာတ်ခွဲစစ်ဆေးရာမှာ - အသက်ရှူကြပ်လို့ သေဆုံးရတာဖြစ်ကြောင်း အတည်ပြုပြောကြားလိုက်ပါတယ်။
သေဆုံးသူမှာ ဦးခေါင်းကို အိတ် ၆ ထပ်နဲ့ အစွပ်ခံရပြီး ပထမဆုံးတစ်ထပ်နဲ့ မျက်နှာမှာ ကပ်နေကြောင်း၊ သူဟာ အိတ်နဲ့ အစွပ်ခံထားရတဲ့အထဲ ကုတ်ကို ဖိပြီး အောက်ငုံ့ခိုင်းထားခြင်းခံရတာကြောင့် အသက်ရှူရပိုမိုခက်ခဲစေပြီး အိတ်စွပ်ခံရတဲ့ ၆ မိနစ်အ တွင်း မွန်းကြပ်ကာ သေဆုံးသွားခဲ့တယ်လို့ ဆရာဝန်က ပြောသွားပါတယ်။
အမ်ဖက်တမင်း မူးယစ်ဆေးကိုတော့ အခင်းမဖြစ်ခင် လွန်ခဲ့တဲ့ ၃ ရက်ကတည်းက သုံးစွဲ ထားတာဖြစ်လို့ သေဆုံးမှုနဲ့ မပတ်သက်ဘူးလို့ ဆိုပါတယ်။
သေဆုံးသူရဲ့ မိသားစုဝင် (မိဘ နဲ့ ဇနီး) ကတော့ သတင်းထောက်တွေရဲ့ မေးခွန်းကို တ ခွန်းတလေမှ ဖြေကြားခြင်းမရှိဘဲ ဖခင်ကတော့ ဒီမတိုင်ခင်က သားဖြစ်သူဟာ မူးယစ်ဆေး သုံးလွန်ပြီး သေဆုံးတာဖြစ်ကြောင်း၊ ရဲစခန်းကို အပြစ်မယူကြောင်း ပြောဆိုထားပါတယ်။ သူဟာ စခန်းမှူးပေးထားတဲ့ငွေကိုယူပြီး လိမ်လည်ထွက်ဆိုတာ ထင်ရှားရင် အရေးယူခံရမှာဖြစ်ပါတယ်။
မှုခင်းရဲတပ်ဖွဲ့နဲ့ အမှုမှန်ပေါ်ပေါက်ရေးအဖွဲ့ဟာ အစည်းအဝေးပြီးတာနဲ့ စခန်းမှူးကျို့နဲ့ အပေါင်းပါရဲ ၇ ဦးကို ချုပ်ထားတဲ့ ပိစနုလုတ်ဗဟိုအကျဉ်းထောင်ဆီသွားရောက်ပြီး ဆေးစစ်ချက် အဖြေနဲ့ စွဲချက်တွေကို ဖတ်ပြခဲ့ပါတယ်။ စခန်းမှူး ကျို့က စွဲချက်အားလုံးကို ငြင်းဆိုနေဆဲ ဖြစ်ပါ တယ်။
တာဝန်ရှိသူတွေဟာ ကျို့ရဲ့ နောက်ဆုံးပေါ်မော်တော်ကားမြောက်များစွာ ပိုင်ဆိုင်မှုနဲ့ ငွေ ကြေးချမ်းသာကြွယ်ဝရတဲ့ အကြောင်းရင်းကိုလည်း ဆက်လက်စစ်ဆေးနေဆဲဖြစ်ပါတယ်၊
ကနဦးစုံ စမ်းချက်တွေအရ စခန်းမှူးကျို့ဟာ မလေးရှားဘက်ကနေ တရားမဝင်တင်သွင်းလာတဲ့ ကားတွေကို စုံစမ်းဖမ်းဆီးနိုင်ခဲ့ပြီး အမှုပြီးဆုံးသွားလို့ လေလံပစ်တဲ့ကားတွေကို ပြန်အရောင်းအဝယ်လုပ်ကြောင်း သတင်းတွေမှာ ဖော်ပြပါတယ်။
စခန်းမှူးကျို့ဟာ ငွေကြေးချမ်းသာကြွယ်ဝတဲ့အပြင် အမှတ် ၆ တိုင်းဒေသ ရဲချုပ်ရဲ့ သမီးနဲ့ ရည်ငံနေတာ၊ ဘုရင်ကြီးရဲ့ စေတနာ့ဝန်ထမ်းအဖွဲ့ဝင်ဖြစ်နေတာ၊ နောက်ခံအသိုင်းအဝိုင်းတောင့်တင်းတာတွေကြောင့် ဒီအမှုဟာ တရားမျှတစွာ ထွက်ပေါ်လာမလားဆိုတာကို လူအတော်များများ သံသယဖြစ်နေကြတာပါ။
လူမှုကွန်ရက်ပေါ်မှာလည်း သူ့ရဲ့ သံသယဖြစ်စရာအချက်တွေကို ဆွဲထုတ်တင်ပြနေကြ ပါတယ်။ အဲဒီထဲမှာ သူဟာ ဒီမတိုင်ခင်က မြန်မာပြည်မြဝတီဘက် ထွက်ပြေးသွားတဲ့ သတင်း တွေ ထွက်ပေါ်နေပေမယ့် သတင်းစာရှင်းပွဲမှာ ရဲတပ်ဖွဲ့က ချွန်းပူးရီးခရိုင်ထဲ လာရောက် အဖမ်းခံတယ်လို့ ပြောပြီး သူတို့ချိန်းဆိုထားတဲ့ နေ့ရက်အချိန်မှာ ဆဲန်ဆုခ်ရဲစခန်းရှေ့က စီစီ ကင်မရာ အကုန်ပျက်နေတာ၊ သွားကြိုတဲ့ ရဲမှူးချုပ်က ကျို့ကို လာပို့သွားတဲ့ ကားနံပါတ်ကိုတောင် မမှတ်မိဘူးလို့ ပြောတဲ့အပေါ် သံသယရှိနေကြပါတယ်။
ဒါ့အပြင် ရဲဌာန စစ်ကြောရေးအခန်းထဲက ဗွီဒီယိုဖိုင်ကို အပြင်ရောက်အောင်ဖြန့်ခဲ့သူကို လည်း လူမှုကွန်ရက်စုံထောက်တွေက အလွန်သိချင်နေပြီး စခန်းမှူးကျို့နဲ့ မသင့်မမြတ်ဖြစ်ခဲ့တဲ့ ရဲ ဝန်ထမ်းတွေကို ပြန်ဖော်ထုတ်နေကြပါတယ်။
ကိုးကား - Voice TV / Channel 3 Thai TV News