close

ထိုင်းရဲမှူးစစ်ဆေးစဉ် သေဆုံးခဲ့သည့်မူးယစ်တရားခံဆေးစစ်ချက်အရ အသက်ရှုကြပ် သေဆုံးခြင်းဖြစ်

ထိုင်းနိုင်ငံမြောက်ပိုင်း နခွမ်ဆဝမ်မြို့နယ်ရဲစခန်းမှာ ဒီလဆန်းပိုင်းက မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ တရားခံတစ်ဦး စစ်ဆေးခံရရင်း သေဆုံးခဲ့မှု အလောင်းရဲ့ဆေး စစ်ချက်အရ အသက်ရှူကြပ်ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

မူးယစ်တရားခံ သေဆုံးခဲ့မှုနဲ့ အလောင်းစစ်ချက် ရလဒ်ကို ပြည်သူတွေက စိတ်ဝင်တစား စောင့်ကြည့်နေတာလည်း ဖြစ်ပါတယ်။

ဦးဆောင်စစ်ဆေးတဲ့ စခန်းမှူး ထိတီဆန် အုတ်ထနဖွန် ခေါ် ကျို့ က တရားခံဟာ သူတို့စစ်ဆေးမှုကြောင့် သေဆုံးရတာမဟုတ်ဘဲ မူးယစ်ဆေးဝါး လွန်ကဲစွာ အသုံးပြုလို့ သေဆုံးရတာလို့ ထွက်ဆိုထားတာပါ။

အလောင်းကို ပထမဆုံးဆေးစစ်ခဲ့တဲ့ ပရင့်စ်ပါနမ့်ဖို ပုဂ္ဂလိက ဆေးရုံကလည်း သေဆုံးသူမှာ အမ်ဖက်တမင်းဆေးတွေ သုံးစွဲထားတာတွေ့ရတယ်လို့ ဖော်ပြထားတာကြောင့် ဒီဆေးစစ်ချက်ဟာ လူသေဆုံးမှုကြောင့် ဖမ်းဆီးခံထားရတဲ့ စခန်းမှူး နဲ့ ရဲဝန်ထမ်းတွေရဲ့ ပြစ်ဒဏ်အတွက် အရေးပါတဲ့အချက်ဖြစ်နေပါတယ်။

အဆိုပါဆေးစစ်ချက်နဲ့ ပတ်သက်ပြီး မနေ့က တိုင်းဒေသ ၆ ရဲဌာနချုပ် မှုခင်းဌာ ဒုရဲမှူးချုပ်၊ အမှုမှန်ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ဒုရဲချုပ်၊ ခရိုင်ရဲ တပ်ဖွဲ့မှူးရုံး၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက တာဝန်ရှိသူတွေ၊  ဆဝမ်ပချာရတ် ပြည်သူ့ဆေးရုံ တာ ဝန်ကျ ဆရာဝန်ကြီးတို့ အစည်းအဝေးလုပ်ပြီး သေဆုံးသူရဲ့ မိဘဆွေမျိုးတွေပါ လာရောက်နားထောင်စေခဲ့ပါတယ်။ 

 ပြည်သူ့ဆေးရုံကြီး  တာဝန်ကျဆရာဝန်  ဆဝမ်ပချာရတ်က သူတို့အနေနဲ့ ပထမဆေး စစ်ချက်က  အသားစကို ထပ်မံဓာတ်ခွဲစစ်ဆေးရာမှာ -  အသက်ရှူကြပ်လို့ သေဆုံးရတာဖြစ်ကြောင်း အတည်ပြုပြောကြားလိုက်ပါတယ်။

သေဆုံးသူမှာ ဦးခေါင်းကို အိတ် ၆ ထပ်နဲ့ အစွပ်ခံရပြီး ပထမဆုံးတစ်ထပ်နဲ့  မျက်နှာမှာ ကပ်နေကြောင်း၊ သူဟာ အိတ်နဲ့ အစွပ်ခံထားရတဲ့အထဲ ကုတ်ကို ဖိပြီး အောက်ငုံ့ခိုင်းထားခြင်းခံရတာကြောင့် အသက်ရှူရပိုမိုခက်ခဲစေပြီး အိတ်စွပ်ခံရတဲ့ ၆ မိနစ်အ တွင်း မွန်းကြပ်ကာ သေဆုံးသွားခဲ့တယ်လို့ ဆရာဝန်က ပြောသွားပါတယ်။ 

အမ်ဖက်တမင်း မူးယစ်ဆေးကိုတော့ အခင်းမဖြစ်ခင် လွန်ခဲ့တဲ့ ၃ ရက်ကတည်းက သုံးစွဲ ထားတာဖြစ်လို့ သေဆုံးမှုနဲ့ မပတ်သက်ဘူးလို့ ဆိုပါတယ်။ 

သေဆုံးသူရဲ့ မိသားစုဝင် (မိဘ နဲ့ ဇနီး) ကတော့ သတင်းထောက်တွေရဲ့ မေးခွန်းကို တ ခွန်းတလေမှ ဖြေကြားခြင်းမရှိဘဲ ဖခင်ကတော့ ဒီမတိုင်ခင်က သားဖြစ်သူဟာ မူးယစ်ဆေး သုံးလွန်ပြီး သေဆုံးတာဖြစ်ကြောင်း၊ ရဲစခန်းကို အပြစ်မယူကြောင်း ပြောဆိုထားပါတယ်။ သူဟာ စခန်းမှူးပေးထားတဲ့ငွေကိုယူပြီး လိမ်လည်ထွက်ဆိုတာ ထင်ရှားရင် အရေးယူခံရမှာဖြစ်ပါတယ်။

မှုခင်းရဲတပ်ဖွဲ့နဲ့ အမှုမှန်ပေါ်ပေါက်ရေးအဖွဲ့ဟာ အစည်းအဝေးပြီးတာနဲ့ စခန်းမှူးကျို့နဲ့ အပေါင်းပါရဲ ၇ ဦးကို ချုပ်ထားတဲ့ ပိစနုလုတ်ဗဟိုအကျဉ်းထောင်ဆီသွားရောက်ပြီး ဆေးစစ်ချက် အဖြေနဲ့ စွဲချက်တွေကို ဖတ်ပြခဲ့ပါတယ်။ စခန်းမှူး ကျို့က စွဲချက်အားလုံးကို ငြင်းဆိုနေဆဲ ဖြစ်ပါ တယ်။ 

တာဝန်ရှိသူတွေဟာ ကျို့ရဲ့ နောက်ဆုံးပေါ်မော်တော်ကားမြောက်များစွာ ပိုင်ဆိုင်မှုနဲ့ ငွေ ကြေးချမ်းသာကြွယ်ဝရတဲ့ အကြောင်းရင်းကိုလည်း ဆက်လက်စစ်ဆေးနေဆဲဖြစ်ပါတယ်၊ 

ကနဦးစုံ စမ်းချက်တွေအရ စခန်းမှူးကျို့ဟာ မလေးရှားဘက်ကနေ တရားမဝင်တင်သွင်းလာတဲ့ ကားတွေကို စုံစမ်းဖမ်းဆီးနိုင်ခဲ့ပြီး အမှုပြီးဆုံးသွားလို့ လေလံပစ်တဲ့ကားတွေကို ပြန်အရောင်းအဝယ်လုပ်ကြောင်း သတင်းတွေမှာ ဖော်ပြပါတယ်။ 

 စခန်းမှူးကျို့ဟာ ငွေကြေးချမ်းသာကြွယ်ဝတဲ့အပြင် အမှတ် ၆ တိုင်းဒေသ ရဲချုပ်ရဲ့ သမီးနဲ့ ရည်ငံနေတာ၊ ဘုရင်ကြီးရဲ့ စေတနာ့ဝန်ထမ်းအဖွဲ့ဝင်ဖြစ်နေတာ၊ နောက်ခံအသိုင်းအဝိုင်းတောင့်တင်းတာတွေကြောင့် ဒီအမှုဟာ တရားမျှတစွာ ထွက်ပေါ်လာမလားဆိုတာကို လူအတော်များများ သံသယဖြစ်နေကြတာပါ။ 

လူမှုကွန်ရက်ပေါ်မှာလည်း သူ့ရဲ့  သံသယဖြစ်စရာအချက်တွေကို ဆွဲထုတ်တင်ပြနေကြ ပါတယ်။ အဲဒီထဲမှာ သူဟာ ဒီမတိုင်ခင်က မြန်မာပြည်မြဝတီဘက် ထွက်ပြေးသွားတဲ့ သတင်း တွေ ထွက်ပေါ်နေပေမယ့် သတင်းစာရှင်းပွဲမှာ ရဲတပ်ဖွဲ့က ချွန်းပူးရီးခရိုင်ထဲ လာရောက် အဖမ်းခံတယ်လို့ ပြောပြီး သူတို့ချိန်းဆိုထားတဲ့ နေ့ရက်အချိန်မှာ ဆဲန်ဆုခ်ရဲစခန်းရှေ့က စီစီ ကင်မရာ အကုန်ပျက်နေတာ၊ သွားကြိုတဲ့ ရဲမှူးချုပ်က ကျို့ကို လာပို့သွားတဲ့ ကားနံပါတ်ကိုတောင် မမှတ်မိဘူးလို့ ပြောတဲ့အပေါ် သံသယရှိနေကြပါတယ်။ 

 ဒါ့အပြင် ရဲဌာန စစ်ကြောရေးအခန်းထဲက ဗွီဒီယိုဖိုင်ကို အပြင်ရောက်အောင်ဖြန့်ခဲ့သူကို လည်း လူမှုကွန်ရက်စုံထောက်တွေက အလွန်သိချင်နေပြီး  စခန်းမှူးကျို့နဲ့ မသင့်မမြတ်ဖြစ်ခဲ့တဲ့ ရဲ ဝန်ထမ်းတွေကို ပြန်ဖော်ထုတ်နေကြပါတယ်။ 

https://www.thairath.co.th/news/crime/2181095

ကိုးကား - Voice TV / Channel 3 Thai TV News

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up