close

ထိုင်းဝန်ကြီးချုပ်ဟောင်း

close

May 10, 2023

အမိမြေပြန်လာခွင့်ပြုရန် ပြည်ပြေး ထိုင်းဝန်ကြီးချုပ်ဟောင်း တောင်းဆို

 အာဏာသိမ်းစစ်ကောင်စီက တရားစွဲပြီးဖမ်းဝရမ်းထုတ်ခံထားရလို့ ပြည်ပကိုထွက်ပြေးတိမ်း ရှောင်နေရတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ဟာ ဒီနှစ် ဇူလိုင်လထဲမှာ အမိမြေ ထိုင်းနိုင်ငံ ကို ပြန်လာမယ်လို့  ဆိုပါတယ်။ 

ဝန်ကြီးချုပ်ဟောင်းက “ကျနော်ထပ်မံခွင့်တောင်းပါတယ်၊ ကျနော့်မိသားစုတွေနဲ့ ခွဲနေရတာ ၁၇ နှစ်နီးပါးရှိပါပြီ၊ ကျနော်လည်း အိုပါပြီ၊ မြေးပြန်ထိန်းဖို့အတွက် အိမ်ပြန်မယ်လို့ ဆုံးဖြတ်ထားတယ်၊  ကျနော့်မွေးနေ့မတိုင်ခင် ဇူလိုင်လအတွင်းမှာ ပြန်လာမယ်၊ ခွင့်ပြုပါ” လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ မေ ၉ ရက်က ရေးသားထားပါတယ်။ 

သူပြန်လာမယ့်ကိစ္စနဲ့ ပတ်သက်ပြီး “ဖွေ့ထိုင်းပါတီကို ဝန်ထုတ်ဝန်ပိုးမဖြစ်စေရဘူး၊ တရားဥပဒေ အတိုင်းလိုက်နာမယ်၊  အဲဒီအချိန်ဟာ ပရာယုဒ်ကျန်အိုးချားဝန်ကြီးချုပ်ဖြစ်နေဆဲ ကာလပါ၊ ကျနော်မိသားစုကိုချစ်လို့ မွေးရပ်မြေကိုချစ်လို့ ပြန်လာတာ” လို့လည်း ဆက်လက်ရေးသားထားပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းထောက်တွေက ဝန်ကြီးချုပ်ပရယုဒ်ကျန်အိုးချားကို မေးမြန်းရာမှာ သူက အဲဒီပို့စ်မဖတ်ရသေးကြောင်း၊ သူဘယ်လိုအခြေအနေနဲ့ ပြန်လာမယ်ဆိုတာ မသိကြောင်း၊ တရားပဒေအတိုင်းတော့လိုက်နာရမှာပေါ့၊ သူ့အနေနဲ့ တရားရေးဌာနရဲ့ အလုပ်ကို စွက်ဖက်မှာ မဟုတ်ဘူးလို့ ဖြေကြားပါတယ်။ 

အစိုးရအိမ်တော်ပြောခွင့်ရ နိုင်းဝိနုခေးငမ်းကတော့ ဝန်ကြီးချုပ်ဟောင်းသက်ဆင်အနေနဲ့ ဥပဒေအရ လွတ်ငြိမ်းချမ်းသာခွင့်တောင်းဆိုခွင့်ရှိပေမယ့် ပြစ်ဒဏ်ရဲ့ ၃ ပုံ ၂ ပုံကို ခံယူပြီးသူ ဖြစ်ရမယ်လို့ ပြောပါတယ်။ 

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ပြစ်ဒဏ်ထိခံထားရတဲ့အမှုတွေမှာ ဘန်ကောက်ရာ့ချ်ဒါး နယ်မြေက အများပိုင်မြေကွက်ကို ကိုယ်ပိုင်မြေအဖြစ်ဝယ်ယူမှု - ထောင်ဒဏ် ၂ နှစ်၊ တရားမဝင် ၂ လုံး၊ ၃ လုံးတိုက်ထီပြဿနာ မဖြေရှင်းနိုင်မှု - ထောင်ဒဏ် ၂ နှစ်၊ Exim Bank ကနေ မြန်မာနိုင်ငံကို ဘတ်သန်းပေါင်း ၄၀၀၀ ချေးငှားမှု - ထောင်ဒဏ် ၃ နှစ်၊ ဆင်ကော်ပိုရေးရှင်းကုမ္ပဏီမှာ တပါးသူအမည်နဲ့ အစုရှယ်ယာပါဝင်မှု - ထောင်ဒဏ် ၅ နှစ် စုစုပေါင်း ထောင်ဒဏ် ၁၂ နှစ် အပြစ်ပေးခံထားရပါတယ်။ အဲဒီထဲက ရာ့ချ်ဒါးမြေကွက်အမှုမှာ သက်တမ်းကုန်သွားပြီဖြစ်ပြီး နောက်ထပ် ထောင်ဒဏ် ၁၀ နှစ် ကျခံရဖို့ ရှိနေပါတယ်။

သူဟာ လာမယ့် ဇူလိုင် ၂၆  ရက်နေ့မှာ အသက် ၇၄ နှစ်ပြည့်မှာ ဖြစ်ပါတယ်။ 

9 hours Ago

April 24, 2023

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်သမီး ကိုယ်ဝန်အရင့်အမာဖြင့် ရွေးကောက်ပွဲမဲဆွယ်စည်းရုံး

ထိုင်းနိုင်ငံမှာ လာမယ့်မေ ၁၄ ရက် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအတွက် ပါတီအသီးသီးက ကွင်းဆင်းမဲဆွယ်စည်းရုံးနေရာမှာ ဖွေ့ထိုင်းပါတီခေါင်းဆောင် အရင်ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ရဲ့ သမီးငယ် အုန်အင် ခေါ် ဖဲထောင်းထန်းလည်း ကိုယ်ဝန်အရင့်အမာနဲ့ မနေ့ညက ဘန် ကောက် ဒွန်းမောင်းနယ်မြေအတွင်း ကျင်းပတဲ့ လူထုတွေ့ဆုံပွဲမှာ မဲဆွယ်စည်းရုံးခဲ့ပါတယ်။

သူမဟာ ကိုယ်ဝန် ၉ လဆောင်ထားပြီး အချိန်မရွေး မီးဖွားနိုင်တဲ့အတွက် အရေးပေါ် ဆေးရုံကားတစီးကပါ စင်မြင့်အနီးမှာ အသင့်အနေအထားနဲ့ လာစောင့်နေပါတယ်။

ဖွေ့ထိုင်းပါတီဟာ ပြည်သူပေါ်အခြေပြုပြီး ပြည်သူတွေရဲ့ အခက်အခဲကို အမြစ်ကနေ အကိုင်းအလက် အသီးအပွင့်တွေထိ ဖြေရှင်းပေးသွားမှာဖြစ်ကြောင်း၊ အရင်ကလည်း ပြည်သူတွေဟာ ပြည်သူ့အာဏာရဖို့ မင်နဲ့ ရေးသားထောက်ခံခဲ့ကြပေမဲ့ သေနတ်ပြောင်းဝပေါ်မှာ ပျောက်ဆုံးသွားခဲ့ရတယ်၊ ဖွေ့ထိုင်းပါတီ အာဏာရခဲ့ရင် အာဏာသိမ်းမှုဆိုတာ လုံးဝမရှိစေရဘူး။ ဖွေ့ထိုင်းပါတီ အာဏာရရင် စစ်အာဏာရှင်က တဖက်သတ်ခန့်ထားတဲ့ အထက်လွှတ်တော်အမတ်ကို မယူဘူး၊ အာဏာသိမ်းခေါင်းဆောင် ပေါ ၃ ပေါ (ပရယုဒ်၊ ပရဝစ်၊ အနုဖုန်း) တို့ကိုလည်း မယူဘူးလို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ဖွေ့ထိုင်းပါတီက ပြောထားတဲ့ အနိမ့်ဆုံးလုပ်အားခ တနေ့ ဘတ် ၆၀၀ နဲ့ တဦးကို ဒစ်ဂျစ်တယ်လ်ငွေ ဘတ် ၁၀,၀၀၀ ကိုလည်း ဖြည့်ပေးမှာဖြစ်ကြောင်း၊ သူတို့ပါတီဟာ ပြောတဲ့အတိုင်း လုပ်တဲ့ပါတီဖြစ်တယ်လို့ ထပ်လောင်းပြောသွားပါတယ်။

ထိုင်းမှာ ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီပေါင်း ၆၇ ပါတီရှိပြီး လက်ရှိ လူမှုကွန်ရက်မှာ ဖွေ့ထိုင်းပါတီနဲ့ ကောက်ကလိုင် Move Forward ပါတီတို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

Move Forward ပါတီခေါင်းဆောင်မှာ အသက် ၄၂ နှစ်သာရှိသေးတဲ့ ထိမ်း ဖိထားဆိုသူ ဖြစ်ပြီး အာဏာရှင်အစိုးရကို ပြတ်ပြတ်သားသား ဝေဖန်ရဲတဲ့ လွှတ်တော်အမတ်လည်း ဖြစ်ပါတယ်။

သူတို့ပါတီဟာလည်း ပြည်သူပေါ် ဗဟိုပြုပြီး အစိုးရဖြစ်ရဖို့အတွက်နဲ့တော့ အာဏာသိမ်း စစ်ခေါင်းဆောင်တွေနဲ့ လုံးဝလက်တွဲမှာမဟုတ်ကြောင်း၊ Move Forward ရှိရင် ဦးလေး (ပရယုဒ် ကျန်အိုးချားတို့ စစ်ခေါင်းဆောင်အဖွဲ့) မရှိ၊ ဦးလေးရှိရင် Move Forward မရှိ၊ အစိုးရမဖြစ်ရလည်း အတိုက်အခံပါတီအနေနဲ့ပဲ ဆက်လက်ရပ်တည်မယ်လို့ ဆိုပါတယ်။

သူတို့ပါတီဟာ ပြည်သူတွေကို ပိုက်ဆံပေးတာမျိုးမဟုတ်ဘဲ စားဝတ်နေရေး ပြေလည်စေမယ့် ဝန်ဆောင်မှုစနစ်ကိုသာ ဖော်ဆောင်သွားမှာဖြစ်ကြောင်း၊ အရွယ်ရောက်ပြီးတဲ့ အမျိုးသားတိုင်း စစ်သားလုပ်ရမယ်ဆိုတဲ့ စနစ်ကို ပယ်ဖျက်ပြီး မိမိဆန္ဒအလျောက် စစ်မှုထမ်းတဲ့စနစ် ဖော်ဆောင်မယ်၊ တပ်မတော်သားလစာ တိုးမြှင့်မယ်၊ စစ်အသုံးစရိတ်ထက် တိုင်းပြည်ဖွံ့ဖြိုးရေးလုပ်ငန်းကို ပိုမိုသုံးစွဲမယ်၊ ခရိုင်ဝန်တွေကို အစိုးရက တိုက်ရိုက်ခန့်ထားတဲ့စနစ်ကို ဖျက်သိမ်းပြီး ခရိုင်တွင်းနေ ပြည်သူတွေဟာ မိမိရဲ့ခရိုင်ဝန်ကို မိမိဘာသာ ရွေးကောက်တင်မြှောက်ရတဲ့ အာဏာခွဲဝေရေးစနစ်ကို ကျင့်သုံးမယ်လို့ ပြောပါတယ်။

ဒါ့အပြင် Move Forward ပါတီဟာ တကြိမ်တခါမှ အစိုးရမဖြစ်ဘူးသေးတဲ့ပါတီ ဆိုပေမဲ့ သူတို့ပါတီ အာဏာရရင် ထိုင်းနိုင်ငံကို ရှေးရိုးပုံစံဟောင်းကနေ ကမ္ဘာနဲ့ရင်ဘောင်တန်းပြီး ခေတ်သစ်ကို ပြုပြင်ပြောင်းလဲမယ်၊ ဒါပေမဲ့ စည်းမျည်းခံဘုရင် ဒီမိုကရေစီစနစ်ကို ဆက်လက် ကျင့်သုံးမယ်လို့ ပြောပါတယ်။

လက်ရှိဝန်ကြီးချုပ် ပရယုဒ်ကျန်အိုးချားက ဘက်ပြောင်းလိုက်တဲ့ ရုမ့်ထိုင်းဆန့်ချတ်ပါတီ ကတော့ တိုင်းပြည်ကောင်းစားရေး အရင်ကလည်း လုပ်ခဲ့တယ်၊ အခုလည်းလုပ်နေတယ်၊ နောက်လည်း ဆက်လုပ်မယ် ဆိုတဲ့ Slogan ကို စွဲကိုင်ပြီး စည်းရုံးရေးဆင်းနေပါတယ်။

ထိုင်းနိုင်ငံရေး လေ့လာသူတွေ သုံးသပ်ချက်အရ စစ်တပ်ကလာတဲ့ ခေါင်းဆောင်တွေရဲ့ ပါတီဟာ ဒီမတိုင်ခင်က ဆန္ဒပြခံခဲ့ရတာတွေကြောင့် သူတို့အသိုက်အဝန်း လူအများစုနဲ့ ရှေးရိုးစွဲလူကြီးတွေရဲ့ ထောက်ခံမှုသာ ရမှာဖြစ်ပြီး ဖွေ့ထိုင်းပါတီကတော့ အိတ်ထောင်ထဲ ငွေဖြည့်ပေးမှာမို့ ထောက်ခံသူအများစုမှာ အခြေခံလူတန်းစားနဲ့ တောင်သူလယ်သမားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ Move Forward ပါတီကတော့ ပညာတတ်လူငယ်တွေ ဦးဆောင်တာကြောင့် လူလတ်တန်းစားနဲ့ ကျောင်းသူ ကျောင်းသားအများစုရဲ့ ထောက်ခံမှုကို ရနေတယ်လို့ ဆိုပါတယ်။

2 weeks Ago
Up