ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်သမီး ကိုယ်ဝန်အရင့်အမာဖြင့် ရွေးကောက်ပွဲမဲဆွယ်စည်းရုံး

ထိုင်းနိုင်ငံမှာ လာမယ့်မေ ၁၄ ရက် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအတွက် ပါတီအသီးသီးက ကွင်းဆင်းမဲဆွယ်စည်းရုံးနေရာမှာ ဖွေ့ထိုင်းပါတီခေါင်းဆောင် အရင်ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ရဲ့ သမီးငယ် အုန်အင် ခေါ် ဖဲထောင်းထန်းလည်း ကိုယ်ဝန်အရင့်အမာနဲ့ မနေ့ညက ဘန် ကောက် ဒွန်းမောင်းနယ်မြေအတွင်း ကျင်းပတဲ့ လူထုတွေ့ဆုံပွဲမှာ မဲဆွယ်စည်းရုံးခဲ့ပါတယ်။
သူမဟာ ကိုယ်ဝန် ၉ လဆောင်ထားပြီး အချိန်မရွေး မီးဖွားနိုင်တဲ့အတွက် အရေးပေါ် ဆေးရုံကားတစီးကပါ စင်မြင့်အနီးမှာ အသင့်အနေအထားနဲ့ လာစောင့်နေပါတယ်။
ဖွေ့ထိုင်းပါတီဟာ ပြည်သူပေါ်အခြေပြုပြီး ပြည်သူတွေရဲ့ အခက်အခဲကို အမြစ်ကနေ အကိုင်းအလက် အသီးအပွင့်တွေထိ ဖြေရှင်းပေးသွားမှာဖြစ်ကြောင်း၊ အရင်ကလည်း ပြည်သူတွေဟာ ပြည်သူ့အာဏာရဖို့ မင်နဲ့ ရေးသားထောက်ခံခဲ့ကြပေမဲ့ သေနတ်ပြောင်းဝပေါ်မှာ ပျောက်ဆုံးသွားခဲ့ရတယ်၊ ဖွေ့ထိုင်းပါတီ အာဏာရခဲ့ရင် အာဏာသိမ်းမှုဆိုတာ လုံးဝမရှိစေရဘူး။ ဖွေ့ထိုင်းပါတီ အာဏာရရင် စစ်အာဏာရှင်က တဖက်သတ်ခန့်ထားတဲ့ အထက်လွှတ်တော်အမတ်ကို မယူဘူး၊ အာဏာသိမ်းခေါင်းဆောင် ပေါ ၃ ပေါ (ပရယုဒ်၊ ပရဝစ်၊ အနုဖုန်း) တို့ကိုလည်း မယူဘူးလို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် ဖွေ့ထိုင်းပါတီက ပြောထားတဲ့ အနိမ့်ဆုံးလုပ်အားခ တနေ့ ဘတ် ၆၀၀ နဲ့ တဦးကို ဒစ်ဂျစ်တယ်လ်ငွေ ဘတ် ၁၀,၀၀၀ ကိုလည်း ဖြည့်ပေးမှာဖြစ်ကြောင်း၊ သူတို့ပါတီဟာ ပြောတဲ့အတိုင်း လုပ်တဲ့ပါတီဖြစ်တယ်လို့ ထပ်လောင်းပြောသွားပါတယ်။
ထိုင်းမှာ ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီပေါင်း ၆၇ ပါတီရှိပြီး လက်ရှိ လူမှုကွန်ရက်မှာ ဖွေ့ထိုင်းပါတီနဲ့ ကောက်ကလိုင် Move Forward ပါတီတို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။
Move Forward ပါတီခေါင်းဆောင်မှာ အသက် ၄၂ နှစ်သာရှိသေးတဲ့ ထိမ်း ဖိထားဆိုသူ ဖြစ်ပြီး အာဏာရှင်အစိုးရကို ပြတ်ပြတ်သားသား ဝေဖန်ရဲတဲ့ လွှတ်တော်အမတ်လည်း ဖြစ်ပါတယ်။
သူတို့ပါတီဟာလည်း ပြည်သူပေါ် ဗဟိုပြုပြီး အစိုးရဖြစ်ရဖို့အတွက်နဲ့တော့ အာဏာသိမ်း စစ်ခေါင်းဆောင်တွေနဲ့ လုံးဝလက်တွဲမှာမဟုတ်ကြောင်း၊ Move Forward ရှိရင် ဦးလေး (ပရယုဒ် ကျန်အိုးချားတို့ စစ်ခေါင်းဆောင်အဖွဲ့) မရှိ၊ ဦးလေးရှိရင် Move Forward မရှိ၊ အစိုးရမဖြစ်ရလည်း အတိုက်အခံပါတီအနေနဲ့ပဲ ဆက်လက်ရပ်တည်မယ်လို့ ဆိုပါတယ်။
သူတို့ပါတီဟာ ပြည်သူတွေကို ပိုက်ဆံပေးတာမျိုးမဟုတ်ဘဲ စားဝတ်နေရေး ပြေလည်စေမယ့် ဝန်ဆောင်မှုစနစ်ကိုသာ ဖော်ဆောင်သွားမှာဖြစ်ကြောင်း၊ အရွယ်ရောက်ပြီးတဲ့ အမျိုးသားတိုင်း စစ်သားလုပ်ရမယ်ဆိုတဲ့ စနစ်ကို ပယ်ဖျက်ပြီး မိမိဆန္ဒအလျောက် စစ်မှုထမ်းတဲ့စနစ် ဖော်ဆောင်မယ်၊ တပ်မတော်သားလစာ တိုးမြှင့်မယ်၊ စစ်အသုံးစရိတ်ထက် တိုင်းပြည်ဖွံ့ဖြိုးရေးလုပ်ငန်းကို ပိုမိုသုံးစွဲမယ်၊ ခရိုင်ဝန်တွေကို အစိုးရက တိုက်ရိုက်ခန့်ထားတဲ့စနစ်ကို ဖျက်သိမ်းပြီး ခရိုင်တွင်းနေ ပြည်သူတွေဟာ မိမိရဲ့ခရိုင်ဝန်ကို မိမိဘာသာ ရွေးကောက်တင်မြှောက်ရတဲ့ အာဏာခွဲဝေရေးစနစ်ကို ကျင့်သုံးမယ်လို့ ပြောပါတယ်။
ဒါ့အပြင် Move Forward ပါတီဟာ တကြိမ်တခါမှ အစိုးရမဖြစ်ဘူးသေးတဲ့ပါတီ ဆိုပေမဲ့ သူတို့ပါတီ အာဏာရရင် ထိုင်းနိုင်ငံကို ရှေးရိုးပုံစံဟောင်းကနေ ကမ္ဘာနဲ့ရင်ဘောင်တန်းပြီး ခေတ်သစ်ကို ပြုပြင်ပြောင်းလဲမယ်၊ ဒါပေမဲ့ စည်းမျည်းခံဘုရင် ဒီမိုကရေစီစနစ်ကို ဆက်လက် ကျင့်သုံးမယ်လို့ ပြောပါတယ်။
လက်ရှိဝန်ကြီးချုပ် ပရယုဒ်ကျန်အိုးချားက ဘက်ပြောင်းလိုက်တဲ့ ရုမ့်ထိုင်းဆန့်ချတ်ပါတီ ကတော့ တိုင်းပြည်ကောင်းစားရေး အရင်ကလည်း လုပ်ခဲ့တယ်၊ အခုလည်းလုပ်နေတယ်၊ နောက်လည်း ဆက်လုပ်မယ် ဆိုတဲ့ Slogan ကို စွဲကိုင်ပြီး စည်းရုံးရေးဆင်းနေပါတယ်။
ထိုင်းနိုင်ငံရေး လေ့လာသူတွေ သုံးသပ်ချက်အရ စစ်တပ်ကလာတဲ့ ခေါင်းဆောင်တွေရဲ့ ပါတီဟာ ဒီမတိုင်ခင်က ဆန္ဒပြခံခဲ့ရတာတွေကြောင့် သူတို့အသိုက်အဝန်း လူအများစုနဲ့ ရှေးရိုးစွဲလူကြီးတွေရဲ့ ထောက်ခံမှုသာ ရမှာဖြစ်ပြီး ဖွေ့ထိုင်းပါတီကတော့ အိတ်ထောင်ထဲ ငွေဖြည့်ပေးမှာမို့ ထောက်ခံသူအများစုမှာ အခြေခံလူတန်းစားနဲ့ တောင်သူလယ်သမားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ Move Forward ပါတီကတော့ ပညာတတ်လူငယ်တွေ ဦးဆောင်တာကြောင့် လူလတ်တန်းစားနဲ့ ကျောင်းသူ ကျောင်းသားအများစုရဲ့ ထောက်ခံမှုကို ရနေတယ်လို့ ဆိုပါတယ်။