close

ထိုင်းဝန်ကြီးချုပ်

close

May 4, 2023

ထိုင်းဝန်ကြီးချုပ်နေရာအတွက် Move Forward Party ပါတီခေါင်းဆောင် ဖိထား ရေပန်းစားမှု မြင့်တက်လာ

ထိုင်းနိုင်ငံမှာ မေလ ၁၄ ရက် ကျင်းပမယ့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် သက်ဆိုင်ရာနိုင်ငံရေးပါတီအသီးသီးက အပြိုင်အဆိုင် နည်းအမျိုးမျိုးနဲ့ မဲဆွယ်စည်း ရုံးနေကြပါတယ်။

တဘက်မှာလည်း ပြည်သူတွေရဲ့ ထောက်ခံအားပေးမှုအခြေအနေတွေကို စောင့်ကြည့် အကဲခတ် နေကြပြီး အဲဒီထဲက Nida Poll Election 2023 ရဲ့ မနေ့က ထုတ်ပြန်တဲ့ စစ်တမ်း ကောက်ယူရရှိမှုအရ ဝန်ကြီးချုပ်နေရာမှာ Move Forward Party  ( ကောက်ကလိုင်ပါတီ ) ခေါင်းဆောင် ဖိထား လိုမ့်ကျရွန်းရတ် ( အသက် ၄၂ နှစ် ) က ရှေ့ပြေးနေပါတယ်။ 

Nida Poll က စစ်တမ်း ၃ ကြိမ်ကောက်ယူချက်အရ ပထမအကြိမ် နဲ့ ဒုတိယအကြိမ်မှာ Phue Thai Party ခေါင်းဆောင် / ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ သမီး ဖဲထောင်းထန်း ( အသက် ၃၆ နှစ် ) က လူကြိုက်အများဆုံးဖြစ်နေပြီး ဒီတတိယအကြိမ်မှာတော့ ဖိထားက  ကျော်တက်သွားပါတယ်။

တတိယအကြိမ်စစ်တမ်းမှာ ဖိထားက ၃၅ ဒသမ ၄၄ ရာခိုင်နှုန်းနဲ့ ရေပန်းအစားဆုံးဖြစ်ပြီး ဖဲ ထောင်းထန်းက ၂၉ ဒသမ ၂၀  ရာနှုန်းနဲ့ ဒုတိယ ၊ United Thai Nation Party ( ရူမ့်ထိုင်းဆန့်ချတ် )ပါတီမှ ဗိုလ်ချုပ်ကြီး ပရယုဒ်ကျန်အိုးချားက ၁၄ ဒသမ ၈၄ ရာနှုန်းနဲ့ တတိယ၊ ဖွေ့ထိုင်းပါတီမှ ဆေထာထဝီးဆင်က ၆ ဒသမ ၇၆ ရာနှုန်းနဲ့ စတုတ္ထနေရာရောက်ကာ ဝန်ကြီးချုပ်နေရာနဲ့ ထိုက်တန်သူမရှိဘူးလို့ ပြောတာကတော့ ၃ ရာခိုင်နှုန်း ရှိနေပါတယ်။ 

ဒီစစ်တမ်းဟာ ဧပြီလ ၂၄ မှ ၂၈ ရက်ထိ ၅ ရက်တာအတွင်း လူပေါင်း ၂၅၀၀ ကို မေးမြန်းထားတာ ဖြစ်ပါတယ်။

အခုလို ဖိထားက ဖဲထောင်းထန်းကို ကျော်တက်သွားရတာဟာ ကောက်ကလိုင်ပါတီမှာ ပြတ်သားတဲ့ ခံယူချက်ရှိတယ်၊ သူတို့ပါတီအာဏာရပြီး ရက်ပေါင်း ၁၀၀ အတွင်း အစိမ်းရောင်နယ်မြေ ( ပတ်ဝန်းကျင်ထိန်းသိမ်းရေး ) ဖြစ်ရမယ်၊  ဒီဘိတ် ( နိုင်ငံရေးစကားရည်လုပွဲ )တိုင်းကို တက် ရောက်ပြီး ပိုင်ပိုင်နိုင်နိုင် ပြောတတ်တယ်၊ တခြားပါတီနဲ့မတူတဲ့ ပြုပြင်ပြောင်းလဲမှုတွေ  အဆိုပြုတယ်၊ သူတို့ဟောပြောချက်တွေက Tit tok လူမှုကွန်ရက်မှာ ရက်တိုတိုအတွင်း သန်းနဲ့ချီပြီး မျှဝေနေကြတယ်လို့ Kasetsart တက္ကသိုလ် နိုင်ငံရေးသိပ္ပံအသင်းဥက္ကဋ္ဌ ဒေါက်တာ ထနဖွန်း ဆီယာ့ကွန်းက MCOT သတင်း အင်တာဗျူးမှာ ပြောပါတယ်။

ကောက်ကလိုင်ပါတီက ဧပြီ ၂၉ မှ မေလ ၃ ရက်နေ့တွေအတွင်း ထိုင်းတောင်ပိုင်း ဖူးကက်၊ မြောက်ပိုင်း ချင်းမိုင်နဲ့ အရှေ့ပိုင်း ချွန်းပူးရီးခရိုင်မှာ ကွင်းဆင်းပြီး ပြည်သူတွေနဲ့ တွေ့ဆုံဟော ပြောပွဲပြုလုပ်ရာမှာလည်း လူတွေတခဲနက်အားပေးခဲ့ကြပါတယ်။

အများအားဖြင့် လူငယ်လူရွယ်တွေဖြစ်ပြီး မနေ့က ချွန်းပူးရီး- ဘန်းဆဲန်ပင်လယ်ကမ်းခြေတွေ့ဆုံပွဲမှာ ပါတီခေါင်းဆောင် ဖိထားက “ လူတွေပင်လယ်ကို အလည်လာရတဲ့အကြောင်းရင်းမှာ အပူရှောင်ရင်ရှောင် မဟုတ်ရင် အချစ်ကိုရှောင်ပြီး ရောက်လာတာလို့ဆိုရိုးစကားရှိတယ်။ ကျနော်တို့ကတော့ ပင်လယ်မှာအချစ်ကို ရှောင်လို့မရတော့ဘူး ဒါလောက်အများကြီးလာအားပေးတာကို မချစ်ဘဲနေလို့ရမလား”လို့ လူငယ်အကြိုက်ပြောလိုက်ရာမှာ အားပေးသံတွေ ဝက်ဝက်ကွဲသွားပါတယ်။

သူတို့ပါတီဟာ တိကျပြတ်သားတဲ့မူဝါဒရှိတယ်၊ ဘယ်စီးပွါးရေးသမားတွေနဲ့မှ ကျေးဇူးခံ ကျေးဇူးစား မရှိဘူး ၊ အားနာစရာအနှောင်အဖွဲ့မရှိဘူး၊  ဝန်ကြီးချုပ်ကို ပြောင်းလဲတာ ပါတီကိုပြောင်းလဲတာမဟုတ်ဘဲ တိုင်းပြည်ကိုပြောင်းလဲဖို့သာ အဓိကကျတယ်၊ နိုင်ငံရေးကောင်းရင် စီးပွါးရေးကောင်းမယ် ၊ ပြည်သူတွေ ဝဝလင်လင်စားရမယ်လို့ ပြောပါတယ်။ 

Nida Poll Election စစ်တမ်းနဲ့ ပတ်သက်ပြီး ဖိထားက - ဒါဟာ မဆုတ်မနစ်ကြိုးစားမှုနဲ့ ပြည်သူတွေရဲ့ စိတ်ချယုံကြည်မှုပြယုဒ်ပဲ။ ဒါပေမဲ့ စစ်တမ်းအဖြေထက် ပြည်သူတွေနဲ့ ထဲထဲ ဝင်ဝင်တွေ့ဆုံခြင်းဟာ ပိုပြီးအရေးကြီးပါတယ်၊ ဒါကြောင့် ပြည်သူထဲ ထပ်ပြီးကွင်းဆင်းဖို့ အစွမ်းကုန်ကြိုးစားမယ်၊ မျှော်လင့်ချက်နဲ့ တိုက်ပွဲဝင်နေတာဖြစ်တယ်၊ ပညာသမာဓိကို အဓိကထားပြီး အမှောင်ကို အလင်းရောင်နဲ့ ခွင်းသွားမယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။ 

အခုလို ကောက်ကလိုင်ပါတီက ကျော်တက်သွားတဲ့အပေါ်မှာ ဖွေ့ထိုင်းပါတီခေါင်းဆောင် ဖဲထောင်း ထန်းကတော့ Nida Poll စစ်တမ်းတွေဟာ ယုံရတာလည်းရှိတယ်၊ မယုံရတာ လည်းရှိတယ်၊ သူ့အနေနဲ့တော့ ဝန်ကြီးချုပ်နေရာအတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ အစွမ်းကုန်ကြိုးစားဖို့ အဆင်သင့်ရှိတယ်၊ မကြာခင်ရက်ပိုင်းအတွင်း လူထုကြားထဲ မဲဆွယ်စည်းရုံးရေးဆင်းဦးမယ်လို့ ယမန်နေ့သတင်းစာရှင်းပွဲမှာ ပြောပါတယ် ။

သူ့ဖခင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် မကြာခင်ထိုင်းကိုပြန်လာမယ်ဆိုတာဟာ ပါတီနဲ့ရော အခုစည်းရုံးရေးလုပ်ငန်းတွေနဲ့ပါ လုံးဝပတ်သက်ခြင်းမရှိကြောင်း၊ အဖေ့အနေနဲ့လည်း ဝန်ကြီးချုပ်လာလုပ်မယ်လို့ တခါမှမပြောဖူးဘူး။ မလိုတဲ့သူတွေက မဆိုင်တာကို အတင်းဆွဲထည့် နေခြင်းသာဖြစ်တယ်၊  အဖေဟာ လူသားတစ်ယောက်ဖြစ်တယ်၊ သူ့မြေးတွေနဲ့တူတူ နေချင်တယ်၊ လူသားချင်းစာနာတဲ့ဘက်က ကြည့်စေချင်တယ်လို့ ပြောပါတယ်။ 

သူဟာ ကလေးမွေးဖွားပြီး ၂ ရက်အကြာ သွေးနုသားနုနဲ့  စည်းရုံးရေးဆင်းမယ်ဆိုတာဟာ ကောက် ကလိုင်က ကျော်တက်လာတာကို စိုးရိမ်နေတဲ့သဘောပါဘဲလို့  လူမှုကွန်ရက်မှာ မှတ်ချက်ပေး နေ ကြပါတယ်။ 

ကောက်ကလိုင်ပါတီက စစ်တမ်းမှာရော အပြင်မှာပါ ရေပန်းစားလူကြိုက်များနေပေမယ့်  Future Forward Party ခေါင်းဆောင် ထနားထွဏ်း ကျင်ရုန့်ရိန်းကစ်လို စစ်အာဏာရှင်ရဲ့ အနာအဆာအမျိုးမျိုးရှာပြီး ဖယ်ထုတ်ခံရမှာကိုလည်း စိုးရိမ်နေကြပါတယ် ။ 

Move Forward Party ဟာ Future Forward Party ကနေ ပြန်လည်ဖွဲ့စည်းခဲ့တဲ့ ပါတီဖြစ်ပါတယ်။ ၂၀၁၉ ရွေးကောက်ပွဲဝင်ခါနီးက Future Forward Party ခေါင်းဆောင် ထနား ထွဏ်းဟာ ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခံဖို့ လူကြိုက်များရေပန်းစားခဲ့ပေမယ့်  အာဏာသိမ်းစစ် တပ်ရဲ့ ရမယ်ရှာ တရားစွဲတာကိုခံခဲ့ရပြီး ပါတီရုပ်သိမ်းခံရသလို ပါတီခေါင်းဆောင်တွေဟာလည်း ၁၀ နှစ်တာ ရွေးကောက်ပွဲဝင်ဖို့ ပိတ်ပင်ခံခဲ့ရပါတယ်။ အဲဒီနောက် အရေးယူမခံရတဲ့ ထိမ်းဖိထားနဲ့ ပါတီဝင်တွေက Move Forward Party ကို ထူထောင်လှုပ်ရှားနေတာ ဖြစ်ပါတယ် ။ 

ကိုးကား - The Nation / MCOT / Thairath / 3Plus News

10 mins Ago

March 31, 2023

တရားမဝင်ဧည့်လမ်းညွှန်များအား ထိရောက်စွာစစ်ဆေးအရေးယူရန် ထိုင်းဝန်ကြီးချုပ်ညွှန်ကြား

ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားတွေခရီးသွားဧည့်လမ်းညွှန်အဖြစ် ဝင်ရောက်လုပ်ကိုင်နေတဲ့ကိစ္စ ထိရောက်စွာစစ်ဆေးအရေးယူဖို့ ယာယီဝန်ကြီးချုပ် ပရာယုဒ်ကျန်အိုးချားက ညွှန်ကြားထားကြောင်း ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

ခရီးသွားဧည့်လမ်းညွှန်လုပ်ငန်းဟာ ထိုင်းနိုင်ငံသားတွေသာ လုပ်ကိုင်ခွင့်ရှိတယ်ဆိုပေမဲ့ နိုင်ငံခြားသားတွေပါ ဝင်ရောက်လုပ်ကိုင်နေတာကြောင့် ထိုင်းဧည့်လမ်းညွှန်တွေ နစ်နာမှုရှိနေလို့ အရေးယူပေးဖို့ တိုင်ကြားချက်တွေရရှိထားတဲ့အပေါ်မှာ အစိုးရအနေနဲ့ လစ်လျူရှုမထားပါကြောင်း ၊ ဥပဒေနဲ့မညီညွတ်တဲ့ ဧည့်လမ်းညွှန်တွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ ထိရောက်စွာ စစ်ဆေးအရေးယူဖို့  ဝန်ကြီးချုပ်က ညွှန်ကြားထားတယ်လို့ ထိုင်းအစိုးရအိမ်တော် ဒု-ပြောရေးဆိုခွင့်ရှိသူ နန်းဆောင်တရိုင်းဆုလီ တရိုင်းဆွန်နကွန်းက မတ် ၂၉ မှာ ထုတ်ပြန်ပြောဆိုပါတယ်။

အထူးသဖြင့် တာဝန်အရှိဆုံးဖြစ်တဲ့ အလုပ်သမားဝန်ကြီးဌာန၊ အားကစားနဲ့ ခရီးသွား လုပ်ငန်းဝန်ကြီးဌာန၊ ထိုင်းအမျိုးသားရဲတပ်ဖွဲ့တို့ကို ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေဟာ နေရာတိုင်းကို နှံ့စပ်စွာသိရှိနိုင်မှာမဟုတ်တာကြောင့် ပြည်သူတွေ အနေနဲ့လည်း ပူးပေါင်းပါဝင်ပေးဖို့ ၊  တရားမဝင်ဧည့်လမ်းညွှန်တွေတွေ့ရှိပါက သက်ဆိုင်ရာကို ဆက်သွယ်အကြောင်းကြားဖို့ အစိုးရအိမ်တော်က ပြောပါတယ်။

ခွင့်ပြုချက်မရဘဲ ဧည့်လမ်းညွှန်လုပ်ကိုင်ပါက ဒဏ်ငွေ ဘတ် ၅၀၀၀ မှ ၅၀၀၀၀ ထိ ပေးဆောင်ရမှာဖြစ်ပြီး ပြည်နှင်ဒဏ်အပေးခံရမယ့်အပြင် နိုင်ငံခြားအလုပ်သမားကတ် ၂ နှစ်ထိ ရပ်စဲခံရမှာ ဖြစ်ပါတယ်။

တရားမဝင် ဧည့်လမ်းညွှန်ငှါးရမ်းခန့်ထားတဲ့အလုပ်ရှင်တွေအနေနဲ့လည်း အလုပ်သမား ၁ ဦးလျှင် ဘတ် ၁၀၀၀၀ မှ ၁၀၀၀၀၀ ထိလည်းကောင်း ၊ ပြစ်မှုထပ်ခါထပ်ခါကျူးလွန်က ၁ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်အပြင် ငွေဒဏ် ဘတ် ၅၀၀၀၀ မှ ၂၀၀၀၀၀ ထိ ပေးဆောင်ရမယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။ 

Ref:Thairath

1 month Ago
Up