close

တရားမဝင်ဧည့်လမ်းညွှန်များအား ထိရောက်စွာစစ်ဆေးအရေးယူရန် ထိုင်းဝန်ကြီးချုပ်ညွှန်ကြား

ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားတွေခရီးသွားဧည့်လမ်းညွှန်အဖြစ် ဝင်ရောက်လုပ်ကိုင်နေတဲ့ကိစ္စ ထိရောက်စွာစစ်ဆေးအရေးယူဖို့ ယာယီဝန်ကြီးချုပ် ပရာယုဒ်ကျန်အိုးချားက ညွှန်ကြားထားကြောင်း ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

ခရီးသွားဧည့်လမ်းညွှန်လုပ်ငန်းဟာ ထိုင်းနိုင်ငံသားတွေသာ လုပ်ကိုင်ခွင့်ရှိတယ်ဆိုပေမဲ့ နိုင်ငံခြားသားတွေပါ ဝင်ရောက်လုပ်ကိုင်နေတာကြောင့် ထိုင်းဧည့်လမ်းညွှန်တွေ နစ်နာမှုရှိနေလို့ အရေးယူပေးဖို့ တိုင်ကြားချက်တွေရရှိထားတဲ့အပေါ်မှာ အစိုးရအနေနဲ့ လစ်လျူရှုမထားပါကြောင်း ၊ ဥပဒေနဲ့မညီညွတ်တဲ့ ဧည့်လမ်းညွှန်တွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ ထိရောက်စွာ စစ်ဆေးအရေးယူဖို့  ဝန်ကြီးချုပ်က ညွှန်ကြားထားတယ်လို့ ထိုင်းအစိုးရအိမ်တော် ဒု-ပြောရေးဆိုခွင့်ရှိသူ နန်းဆောင်တရိုင်းဆုလီ တရိုင်းဆွန်နကွန်းက မတ် ၂၉ မှာ ထုတ်ပြန်ပြောဆိုပါတယ်။

အထူးသဖြင့် တာဝန်အရှိဆုံးဖြစ်တဲ့ အလုပ်သမားဝန်ကြီးဌာန၊ အားကစားနဲ့ ခရီးသွား လုပ်ငန်းဝန်ကြီးဌာန၊ ထိုင်းအမျိုးသားရဲတပ်ဖွဲ့တို့ကို ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေဟာ နေရာတိုင်းကို နှံ့စပ်စွာသိရှိနိုင်မှာမဟုတ်တာကြောင့် ပြည်သူတွေ အနေနဲ့လည်း ပူးပေါင်းပါဝင်ပေးဖို့ ၊  တရားမဝင်ဧည့်လမ်းညွှန်တွေတွေ့ရှိပါက သက်ဆိုင်ရာကို ဆက်သွယ်အကြောင်းကြားဖို့ အစိုးရအိမ်တော်က ပြောပါတယ်။

ခွင့်ပြုချက်မရဘဲ ဧည့်လမ်းညွှန်လုပ်ကိုင်ပါက ဒဏ်ငွေ ဘတ် ၅၀၀၀ မှ ၅၀၀၀၀ ထိ ပေးဆောင်ရမှာဖြစ်ပြီး ပြည်နှင်ဒဏ်အပေးခံရမယ့်အပြင် နိုင်ငံခြားအလုပ်သမားကတ် ၂ နှစ်ထိ ရပ်စဲခံရမှာ ဖြစ်ပါတယ်။

တရားမဝင် ဧည့်လမ်းညွှန်ငှါးရမ်းခန့်ထားတဲ့အလုပ်ရှင်တွေအနေနဲ့လည်း အလုပ်သမား ၁ ဦးလျှင် ဘတ် ၁၀၀၀၀ မှ ၁၀၀၀၀၀ ထိလည်းကောင်း ၊ ပြစ်မှုထပ်ခါထပ်ခါကျူးလွန်က ၁ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်အပြင် ငွေဒဏ် ဘတ် ၅၀၀၀၀ မှ ၂၀၀၀၀၀ ထိ ပေးဆောင်ရမယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။ 

Ref:Thairath

Up