ထိုင်းအမျိုးသားဥယျာဉ်နဲ့ သဘာဝဘေးမဲ့တောဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် နိုင်းရတ်ချ်ဒါး ဆူရီယကွန်းကို ဘတ်ငွေ ၅ သန်းနီးပါး လာဘ်စားမှုနဲ့ ဒီဇင်ဘာ ၂၇ ရက် မနက်မှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။
သာမန်အရပ်သားလို ဝတ်ဆင်ထားတဲ့ ထိုင်းအစိုးရဝန်ထမ်းများလာဘ်စားမှုတိုက်ဖျက်ရေးအဖွဲ့၊ ထိုင်းအမျိုးသားဒုစရိုက်မှုနှိမ်နင်းရေးအဖွဲ့က အဖွဲ့ဝင်တချို့နဲ့ တိုင်ကြားသူတို့ဟာ မနေ့ မနက် ၉ နာရီလောက်က နှစ်သစ်ကူးလက်ဆောင်ပန်းခြင်း၊ ငွေထည့်ထားတဲ့စာအိတ် ၃ အိတ်နဲ့အတူ ညွှန်ချုပ် ရတ်ချ်ဒါးရဲ့ ရုံးခန်းကို လာရောက်ပေးအပ်ခဲ့ပါတယ်။
ညွှန်ချုပ်က တံစိုးလက်ဆောင်တွေ လက်ခံရယူပြီးတဲ့အခါမှာ အဆောက်အဦရဲ့ ထောင့်အသီးသီးမှာ ပုန်းအောင်းနေတဲ့ရဲတွေ၊ လာဘ်စားမှုတိုက်ဖျက်ရေးဌာန ယူနီဖောင်းဝတ်တွေ ရုံးခန်းထဲ ဝင်ရောက်လာပြီး ပန်းခြင်းထဲက စာအိတ်တွေရော၊ ရုံးခန်းထဲက အံဆွဲတွေ၊ မီးခံသေတ္တာတွေပါ မွှေနှောက်ရှာဖွေစစ်ဆေးခဲ့ပါတယ်။
အဲဒီခါမှာ ခရိုင်နဲ့ မြို့နယ်အသီးသီးမှာရှိတဲ့ ဦးစီးဌာနလက်အောက်ခံအဖွဲ့အမည်ပါ စာအိတ်မျိုးစုံတွေ တွေ့ရှိပြီး အထဲမှာလည်း ငွေစက္ကူတွေ အထပ်လိုက်ထည့်ထားကြောင်း၊ မနက်က အသွင်ယူဖမ်းဆီးဖို့ ပြင်ဆင်လာတဲ့ စာအိတ် ၃ လုံးထဲက ဘတ် ၉၈၀၀၀ အပြင် မီခံသေတ္တာထဲ သိမ်းထားတဲ့ငွေတွေပါ စုစုပေါင်း ဘတ် ၄ သန်း ၉ သိန်းကျော်ကို သိမ်းဆည်းရမိခဲ့ပါတယ်။
ညွှန်ချုပ် ရတ်ချ်ဒါးဟာ ဦးစီးဌာနလက်အောက်ခံရှိ ဝန်ထမ်းများ ရာထူးတိုးမြှင့်ရေး၊ ရာထူးဌာန ရွှေ့ပြောင်းရေးနဲ့ ပြုပြင်မွမ်းမံစရိတ်၊ ရန်ပုံငွေတွေချပေးဖို့ ကိစ္စတွေမှာ လာဘ်ထိုးမှသာလျှင် ဆောင်ရွက်ပေးတယ်လို့ တိုင်ကြားချက်တွေ ရရှိထားကြောင်း၊ ခိုင်လုံတဲ့သက်သေတွေလည်းရှိကြောင်း လာဘ်စားမှုတိုက်ဖျက်ရေးဌာနက ပြောကြားပါတယ်။
ညွှန်ချုပ်ကတော့ သူ့အနေနဲ့ စာအိတ်အညိုရောင်၊ အဖြူရောင်တွေ လက်ခံခဲ့ပေမယ့် အထဲမှာ ငွေဘယ်လောက်ပါမှန်း မသိကြောင်း၊ သူ့အနေနဲ့ တာဝန်ဝတ္တရားအတိုင်းသာ ထမ်းဆောင်နေကြောင်း ငြင်းဆိုပါတယ်။
လာဘ်စားမှုတိုက်ဖျက်ရေးနဲ့ ဒုစရိုက်မှုနှိမ်နင်းရေးရဲတပ်ဖွဲ့က သူ့ကို တညလုံး စစ်ဆေးပြီးတဲ့နောက် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ အာမခံငွေ ဘတ် ၂ သန်းနဲ့ ပြန်လွှတ်ထားပါတယ်။
ဒီအတောအတွင်း အထူးစုံစမ်းစစ်ဆေးရေးကော်မတီတရပ် ဖွဲ့စည်းပြီး အမှုကို ၇ ရက်အတွင်း စုံစမ်းစစ်ဆေးသွားမယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ကိုးကား- THAI RATH
ထိုင်းနိုင်ငံအနောက်ပိုင်း ဖစ်ချ်ပူရီခရိုင် ကဲန်ကကျန်မြို့နယ်ထဲမှာ ကရင်ရွာသားတွေရဲ့ အခွင့်အရေးအတွက် ဆောင်ရွက်ရင်း ပျောက်ဆုံးသွားပြီး ၅ နှစ်ကြာမှ အရိုးစုအဖြစ် ပြန်တွေ့ရတဲ့ ပီလိ ခေါ် နိုင်းဖော်လဂျီ သေဆုံးမှုနဲ့ပတ်သက်လို့ မြို့နယ်သစ်တောကြိုးဝိုင်းအရာရှိအပါအဝင် ဝန်ထမ်း ၄ ဦးကို ထိုင်းဗဟိုတရားရုံးချုပ်က လူသတ်အလောင်းဖျောက်မှုနဲ့ တရားစွဲလိုက်ပါတယ်။
သစ်တောကြိုးဝိုင်းအရာရှိ နိုင်းချိုင်းဝပ် လိုမ့်လိခစ်အတ်ဆွန် အပါအဝင် သစ်တောဝန်ထမ်း ၄ ဦးအား တရားစွဲလိုက်ကြောင်း အကြောင်းကြားစာကို ဗဟိုတရားရုံးချုပ်မှ အထူးမှုခင်းစုံစမ်းရေး ရဲတပ်ဖွဲ့ DSI ဆီ ဩဂုတ် ၁၅ ရက် ဒီနေ့ ပေးပို့လိုက်တယ်လို့ ချင်းမိုင်နယူးစ် သတင်းမှာ ဖော်ပြပါတယ်။
အဆိုပါသစ်တောအရာရှိနဲ့ ဝန်ထမ်းတွေဟာ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် ဧပြီ ၁၇ ရက်နေ့က ပျောက်ဆုံးသွားတဲ့ ကဲန်ကကျန်မြို့နယ် ဘန်ကလွဲရွာသား ပီလိနဲ့ နောက်ဆုံးအတူရှိခဲ့သူတွေဖြစ်ပြီး အထောက်အထားခိုင်လုံကြောင်း စစ်ဆေးကာ တပါးသူ သေဆုံးအောင် ကြိုတင်ပူးပေါင်းကြံစည်မှု၊ ပူးပေါင်းပြီး လက်နက်ဖြင့် ခြိမ်းခြောက်မှု၊ ချုပ်နှောင်မှု၊ အလောင်းဖျောက်ကာ အမှုထိမ်ချန်မှုတွေနဲ့ တရားစွဲလိုက်တယ်လို့ ဆိုပါတယ်။
ပီလိဟာ အဆိုပါသစ်တောကြိုးဝိုင်းထဲကနေ ခွင့်ပြုချက်မရဘဲ ပျားရည်ဖွပ်ခဲ့လို့ ဖမ်းဆီးခဲ့ကြောင်း၊ အဲဒီနေ့မှာပဲ ချက်ချင်းပြန်လွှတ်ပေးလိုက်ပြီလို့ ဝန်ထမ်းတွေက ပြောပေမယ့် ပီလိကတော့ အိမ်ကို ပြန်မရောက်ဘဲ ဆိုင်ကယ်နဲ့အတူ ပျောက်ဆုံးသွားခဲ့ပါတယ်။ အဲဒီနောက် သူ့ဆိုင်ကယ်ကို ချုံပုတ်ထဲမှာ တွေ့ပေမယ့် သူကတော့ ၅ နှစ်ကျော် ပျောက်ဆုံးနေတာပါ။
ဒီမတိုင်ခင်က ကရင်တိုင်းရင်းသားတွေ ဘိုးဘွားစဉ်ဆက် နေထိုင်လာတဲ့ ဘန်ကလွဲရွာကို သစ်တောကြိုးဝိုင်းပိုင်မြေထဲ ရောက်နေတယ်လို့ သစ်တောအရာရှိက ပြောပြီး အတင်းအကျပ် ပြောင်းရွှေ့စေခဲ့ပါတယ်။ မပြောင်းရွှေ့တဲ့ အိမ်ခြေ ၆၀ ကျော်လည်း မီးရှို့ခံခဲ့ရပါတယ်၊ ကရင်ရွာသားအကြီးအကဲ (ပီလိရဲ့အဖိုး) မှာလည်း အဲဒီစိတ်နဲ့ သေဆုံးသွားခဲ့ပါတယ်။
အဲဒီနောက် ပီလိဟာ ရွာသားတွေဘက်က မားမားမတ်မတ် ရပ်တည်ပြီး မြေသိမ်းခံရ၊ မီးရှို့ခံရ၊ အခွင့်အရေးချိုးဖောက်ခံရတဲ့အကြောင်း၊ ရွာသားတွေ တရားမျှတရေး ဘန်ကောက်ထိ တက်ကာ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းတောင်းဆိုခဲ့ပါတယ်။ အဲဒီကတည်းက ပီလိနဲ့ သစ်တော ဝန်ထမ်းတွေကြားမှာ မပြေမလည်ဖြစ်ခဲ့ပါတယ်။
ပီလိ ပျောက်ဆုံးသွားတဲ့ကိစ္စမှာ သစ်တောဝန်ထမ်းတွေကို စစ်ဆေးအရေးယူဖို့ ဇနီးဖြစ်သူနဲ့ ကရင် လူ့အခွင့်အရေးအဖွဲ့က အကြိမ်ကြိမ်တောင်းဆိုပေမယ့် သစ်တောအရာရှိဟာ ဒေသထဲမှာ ဩဇာညောင်းသူဖြစ်လို့ သက်ဆိုင်ရာက အရေးတယူ ဆောင်ရွက်မှု မရှိခဲ့ပါဘူး။
၂၀၁၉ ခုနှစ်မှာတော့ အထူးစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးနေရာကို ရဲမှူးကြီး ဖိုင်းဆစ်ဝုန်းစမိုင်း တာဝန်ယူရန် ရောက်ရှိလာပြီး အမှုကို ဆက်လက်ကိုင်တွယ်စစ်ဆေးရာမှာ သစ်တောကြိုးဝိုင်းအတွင်း ကြိုးတံတားအောက် ရေကန်ထဲကနေ ပီလီရဲ့အရိုးစုလို့ ယူဆရတဲ့ ပီပါပုံး အဟောင်းကို တူးဖော်တွေ့ရှိခဲ့တာပါ။ ဒီအန်အေ စစ်ဆေးချက်အရ အဆိုပါအရိုးစုမှာ ပီလိရဲ့အရိုး ဖြစ်ပြီး ကြိုးဝိုင်းထဲရှိ စီစီကင်မရာတွေလည်း စစ်ဆေးခဲ့ပါတယ်။ သစ်တောအရာရှိက ပီလိကို ပြန်လွှတ်လိုက်ကြောင်းပြောပေမယ့် အနီးနားဝန်းကျင် စီစီတီဗွီကင်မရာထဲမှာ ပီလိ ထွက်လာတာကို မတွေ့သလို သူ ထွက်လာတာကို တွေ့တဲ့မျက်မြင်သက်သေလည်း မရှိပါဘူး။
DSI က သစ်တောအရာရှိ နိုင်းချိုင်းဝပ် အပါအဝင် ဝန်ထမ်း ၄ ဦးကို အရေးယူဖို့ တိုင်တန်းခဲ့ပြီး ၃ နှစ်ကြာမှ ဗဟိုတရားရုံးက တရားစွဲကြောင်း ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။