close

ထိုင်းသစ်တောအရာရှိ ၁ ဦး ဘတ်ငွေ ၅ သန်း လာဘ်စားမှုဖြင့် ဖမ်းဆီးခံရ

ထိုင်းအမျိုးသားဥယျာဉ်နဲ့ သဘာဝဘေးမဲ့တောဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် နိုင်းရတ်ချ်ဒါး ဆူရီယကွန်းကို  ဘတ်ငွေ ၅ သန်းနီးပါး လာဘ်စားမှုနဲ့  ဒီဇင်ဘာ ၂၇ ရက် မနက်မှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ 

သာမန်အရပ်သားလို ဝတ်ဆင်ထားတဲ့ ထိုင်းအစိုးရဝန်ထမ်းများလာဘ်စားမှုတိုက်ဖျက်ရေးအဖွဲ့၊ ထိုင်းအမျိုးသားဒုစရိုက်မှုနှိမ်နင်းရေးအဖွဲ့က အဖွဲ့ဝင်တချို့နဲ့ တိုင်ကြားသူတို့ဟာ မနေ့ မနက် ၉ နာရီလောက်က နှစ်သစ်ကူးလက်ဆောင်ပန်းခြင်း၊ ငွေထည့်ထားတဲ့စာအိတ် ၃ အိတ်နဲ့အတူ ညွှန်ချုပ် ရတ်ချ်ဒါးရဲ့ ရုံးခန်းကို လာရောက်ပေးအပ်ခဲ့ပါတယ်။

ညွှန်ချုပ်က တံစိုးလက်ဆောင်တွေ လက်ခံရယူပြီးတဲ့အခါမှာ အဆောက်အဦရဲ့ ထောင့်အသီးသီးမှာ ပုန်းအောင်းနေတဲ့ရဲတွေ၊ လာဘ်စားမှုတိုက်ဖျက်ရေးဌာန ယူနီဖောင်းဝတ်တွေ ရုံးခန်းထဲ ဝင်ရောက်လာပြီး ပန်းခြင်းထဲက စာအိတ်တွေရော၊ ရုံးခန်းထဲက အံဆွဲတွေ၊ မီးခံသေတ္တာတွေပါ မွှေနှောက်ရှာဖွေစစ်ဆေးခဲ့ပါတယ်။

အဲဒီခါမှာ ခရိုင်နဲ့ မြို့နယ်အသီးသီးမှာရှိတဲ့ ဦးစီးဌာနလက်အောက်ခံအဖွဲ့အမည်ပါ စာအိတ်မျိုးစုံတွေ တွေ့ရှိပြီး အထဲမှာလည်း ငွေစက္ကူတွေ အထပ်လိုက်ထည့်ထားကြောင်း၊ မနက်က အသွင်ယူဖမ်းဆီးဖို့ ပြင်ဆင်လာတဲ့ စာအိတ် ၃ လုံးထဲက ဘတ် ၉၈၀၀၀ အပြင်  မီခံသေတ္တာထဲ သိမ်းထားတဲ့ငွေတွေပါ စုစုပေါင်း ဘတ် ၄ သန်း ၉ သိန်းကျော်ကို သိမ်းဆည်းရမိခဲ့ပါတယ်။ 

ညွှန်ချုပ် ရတ်ချ်ဒါးဟာ ဦးစီးဌာနလက်အောက်ခံရှိ ဝန်ထမ်းများ ရာထူးတိုးမြှင့်ရေး၊ ရာထူးဌာန ရွှေ့ပြောင်းရေးနဲ့ ပြုပြင်မွမ်းမံစရိတ်၊ ရန်ပုံငွေတွေချပေးဖို့ ကိစ္စတွေမှာ လာဘ်ထိုးမှသာလျှင် ဆောင်ရွက်ပေးတယ်လို့ တိုင်ကြားချက်တွေ ရရှိထားကြောင်း၊ ခိုင်လုံတဲ့သက်သေတွေလည်းရှိကြောင်း လာဘ်စားမှုတိုက်ဖျက်ရေးဌာနက ပြောကြားပါတယ်။ 

ညွှန်ချုပ်ကတော့ သူ့အနေနဲ့ စာအိတ်အညိုရောင်၊ အဖြူရောင်တွေ လက်ခံခဲ့ပေမယ့် အထဲမှာ ငွေဘယ်လောက်ပါမှန်း မသိကြောင်း၊ သူ့အနေနဲ့ တာဝန်ဝတ္တရားအတိုင်းသာ ထမ်းဆောင်နေကြောင်း ငြင်းဆိုပါတယ်။

လာဘ်စားမှုတိုက်ဖျက်ရေးနဲ့ ဒုစရိုက်မှုနှိမ်နင်းရေးရဲတပ်ဖွဲ့က သူ့ကို တညလုံး စစ်ဆေးပြီးတဲ့နောက် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ အာမခံငွေ ဘတ် ၂ သန်းနဲ့ ပြန်လွှတ်ထားပါတယ်။ 

ဒီအတောအတွင်း အထူးစုံစမ်းစစ်ဆေးရေးကော်မတီတရပ် ဖွဲ့စည်းပြီး အမှုကို ၇ ရက်အတွင်း စုံစမ်းစစ်ဆေးသွားမယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ကိုးကား- THAI RATH

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up