close

ထိုင်းသရုပ်ဆောင်မင်းသမီး တိုင်မို

close

April 5, 2022

ထိုင်းမင်းသမီးတိုင်မို သေဆုံးမှု စပိဘုတ်လှေပေါ်ပါသူ ၅ ဦးလုံး တရားစွဲခံရ

ထိုင်းနာမည်ကြီးသရုပ်ဆောင်မင်းသမီး တိုင်မိုနိဒါး ကျောက်ဖရားမြစ်ထဲမှာ ရေနစ်သေဆုံးရတာနဲ့ ပတ်သက်ပြီး စပိဘုတ်လှေတစီးတည်း အတူလိုက်ပါလာသူ ၅ ဦးလုံးကို တရားစွဲလိုက်တယ်လို့  တိုင်းဒေသအမှတ် ၁ ရဲတပ်ဖွဲ့က ဧပြီ ၄ ရက်နေ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

ကနဦးပိုင်းက လှေပိုင်ရှင် ဟိုက်ဇိုးပေါနဲ့ လှေခုတ်မောင်းသူ ရောဘတ်တို့ နှစ်ဦးကိုသာ ပေါ့ဆမှုနဲ့ တရားစွဲထားပြီး နောက်ဆက်တွဲစစ်ဆေးချက်တွေအရ နောက်ထပ် ၃ ဦးကိုပါ တရားစွဲလိုက်ကြောင်း၊ တဦးနဲ့တဦး စွဲချက်မတူဘဲ အမှုတွဲအားလုံးကိုတော့ ဒီလ ၂၄ ရက်နေ့မှာ အပြီးတည်ဆောက်နိုင်လိမ့်မယ်လို့  တိုင်းဒေသ ၁ ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ဥဒွန်း ယွမ်းကျရွန်းက သတင်းထောက်တွေကို ပြောပါတယ်။ 

အဆိုပါ ၅ ယောက်ထဲက ဟိုက်ဇိုးပေါ (လှေပိုင်ရှင်) မှာ တပါးသူ အသက်ဆုံးရှုံးစေအောင် ပေါ့ဆစွာ လှေခုတ်မောင်းမှု၊ မမှန်မကန်ထွက်ဆိုမှု၊ လိုင်စင်သက်တမ်းကုန်လှေကို အသုံးပြုမှုနဲ့ ကနဦး တရားစွဲခံထားရတာပါ။ 

အလားတူ ရောဘတ်မှာလည်း တပါးသူ အသက်ဆုံးရှုံးစေအောင် ပေါ့ဆစွာ လှေခုတ်မောင်းမှု၊ လှေမောင်းလိုင်စင်မရှိဘဲ ခုတ်မောင်းမှု၊ လိုင်စင်သက်တမ်းကုန်လှေ အသုံးပြုမှုနဲ့ ကနဦး တရားစွဲခံရပါတယ်။ 

ဆဲန်း ဆိုတဲ့ မိန်းမလျာအားလည်း တပါးသူ အသက်ဆုံးရှုံးအောင် ပေါ့ဆမှုနဲ့ တရားစွဲခံရပါတယ်။ သူဟာ တိုင်မိုနဲ့နောက်ဆုံးအတူရှိနေသူဖြစ်ပြီး တိုင်မိုမှ လှေပေါ်ကနေ အပေါ့သွားဖို့ သူ့ခြေထောက် ၂ ချောင်းကို အားပြုကိုင်စဉ် လှေပေါ်က ပြုတ်ကျတာလို့ ထွက်ဆိုထားပါတယ်။ 

ဂျွပ်ဆိုသူ မိန်းမလျာကတော့ တပါးသူအမှုမှ ကင်းလွတ်အောင် အကူအညီပေးမှု၊ သက်သေခံပစ္စည်း ဖျောက်ဖျက်မှုနဲ့ ပတ်သက်နေပါတယ်၊ သူဟာ အရက်ဖန်ခွက်တွေကို ရေထဲ ပစ်ချပြီး ဖျောက်ဖျက်ခဲ့ပါတယ်။ 

နောက်တဦးကတော့ တိုင်မိုရဲ့ ကိုယ်ရေးအရာရှိ ကသစ် ဆိုသူပါ။ သူဟာလည်း မမှန်မကန် ထွက်ဆိုမှုနဲ့ တရားစွဲခံထားရပါတယ်။ ဘယ်လိုမမှန်ကန်လဲ ဆိုတာတော့ ရဲက အသေးစိတ် မပြောသေးပါဘူး။ 

ဒီမတိုင်ခင် သတင်းတွေမှာတော့ သူမဟာ တိုင်မို အပေါ့သွားချင်ကြောင်း သူမကို ပြောခဲ့တယ်လို့ ပြောဆိုပြီး နောက်ပိုင်းမှာ ဘာမှမသိရဘူးလို့ ပြန်ဖြေပါတယ်။ လှေပေါ်မှာ အသုံးပြုတဲ့ ဝိုင်ခွက်အရေအတွက်ကိုလည်း ရှေ့နောက်မညီ ဖြေဆိုပါတယ်။ 

တိုင်မိုဟာ လှေအမြီးပိုင်းမှာ အပေါ့သွားရင်း ရေထဲကျတာလို့ ထွက်ဆိုခဲ့ပေမဲ့ ဧပြီလ ၂ ရက်နေ့က  လူ့အခွင့်အရေးဆိုင်ရာရှေ့နေတွေက ထပ်မံရှာဖွေတင်ပြလာတဲ့ စီစီကင်မရာရုပ်သံထဲမှာတော့  အခင်းဖြစ်ချိန်က လှေအမြီးပိုင်းမှာ လူမရှိဘူးလို့ ဆိုပါတယ်။ 

နောက်ထပ်တရားစွဲခံရသူ ၃ ဦးဟာ ယမန်နေ့က ပထုန်ဌာနီရဲစခန်းကို အသီးသီးရောက်လာပြီး အမှုဖွင့်ခံရတဲ့အပေါ် သိရှိပါကြောင်း လာရောက်သတင်းပို့ခဲ့ကြပါတယ်။ သတင်းထောက်တွေကို တော့ တစုံတရာမဖြေကြားခဲ့ပါဘူး။ 

ဒီအမှုနဲ့ ပတ်သက်ပြီး ရှေ့နေတဦးလည်း  မကြာမီ အမှုဖွင့်ခံရဖွယ်ရှိတယ်လို့ ချနယ်လ် ၃ သတင်းမှာ ဖော်ပြပါတယ်။ အဲဒီရှေ့နေကတော့ တိုင်မို ရေနစ်တဲ့ညက လှေပေါ်ပါသူတွေက ချက်ချင်း ဆက်သွယ်တာကိုခံရပြီး သူက အမှုမှာ အပြစ်ပေါ့စေဖို့ ဟိုလိုဒီလို ထွက်ဆိုကြဖို့ အကြံပေးခဲ့တယ်လို့ ဆိုပါတယ်။ လှေပေါ်ပါသူ ၅ ဦးကို ရဲတပ်ဖွဲ့က တဦးချင်းစီ ထပ်ကာထပ်ကာ စစ်ဆေးမေးမြန်းရာမှာတော့ ကွဲပြားတဲ့ထွက်ဆိုချက်တွေ ထွက်လာတယ်လို့ ဆိုပါတယ်။ 

တိုင်မိုရဲ့ အလောင်းပေါ်က ဒဏ်ရာတွေနဲ့ပတ်သက်ပြီး ဘာကြောင့်လဲဆိုတာတော့ ရဲတပ်ဖွဲ့က မထုတ်ပြန်နိုင်သေးပါဘူး။ 

သူမဟာ ပေါ့ဆမှုနဲ့ မတော်တဆမှုကြောင့် သေဆုံးရတယ်လို့ ရဲတပ်ဖွဲ့က ကနဦးသုံးသပ်ပြော ဆိုထားပေမယ့် လူ့အခွင့်အရေးဆိုင်ရာရှေ့နေတွေဘက်က အဆိုပါအမှုကို လူသတ် အလောင်းဖျောက်မှုလို့ ယူဆပြီး အထူးမှုခင်းတရပ်အနေနဲ့ စုံစမ်းစစ်ဆေးပေးဖို့ ထိုင်းအထူး  မှုခင်းစုံစမ်းဖော်ထုတ်ရေးအဖွဲ့ DSI ကို တောင်းဆိုထားပါတယ်။

55 seconds Ago

March 23, 2022

ထိုင်းသရုပ်ဆောင်တိုင်မို သေဆုံးမှု အထူးအမှုအနေဖြင့် စစ်ဆေးပေးရန် DSI အဖွဲ့သို့ လျှောက်ထား

ထိုင်းသရုပ်ဆောင်မင်းသမီး တိုင်မိုနိဒါး ပြီးခဲ့တဲ့လကုန်ပိုင်းက နွန်ထပူရီခရိုင် ကျောက်ဖယားမြစ်ထဲ ရေနစ်သေဆုံးရတာနဲ့ပတ်သက်ပြီး အထူးမှုခင်းတရပ်အနေနဲ့ စုံစမ်းစစ်ဆေးဖို့ ဘန်ကောက်မြို့တော်ဝန်အဖြစ် ဝင်အရွေးခံခဲ့သူ ခွန်ရို့စနားနဲ့ ရှေ့နေတဦးတို့က မတ် ရက်က ထိုင်း အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) ရုံးကို သွားရောက်လျှောက်ထားခဲ့ပါတယ်။ 

တိုင်မိုနိဒါး သေဆုံးမှုဟာ သာမန်မတော်တဆမဖြစ်နိုင်ဘဲ လူသတ် အလောင်းဖျောက်ဖျက်မှုလို့ ယူဆကြောင်း၊ ဒီအမှုမှာ သံသယဖြစ်စရာတွေ အများကြီးရှိနေကြောင်း၊ လှေပေါ်ပါသူတွေဟာ လူ ၁ ယောက်လုံး ပြုတ်ကျတာကို ဘာကြောင့် မသိကြလဲ၊ ဘာကြောင့် ချက်ချင်းမကယ်တင်တာလဲ၊ ပြည်သူတွေရဲ့ သံသယတွေရှင်းသွားအောင် အထူးမှုခင်းအနေနဲ့ စုံစမ်းဖို့ လျှောက်ထားရတာလို့ လျှောက်ထားသူ ခွန်ရို့စနားက သတင်းထောက်တွေကို ပြောပါတယ်။ 

လျှောက်ထားချက်ထဲမှာ အထူးမှုခင်းအဖြစ် စစ်ဆေးစေလိုတဲ့ အကြောင်းပြချက် ၁၁ ချက် ရှိကြောင်း၊ သူမရဲ့ ရုပ်အလောင်း ဒီအန်အေ စစ်ဆေးမယ့်နေရာကို ဘာကြောင့် ရုတ်တရက် ပြောင်းခဲ့သလဲ၊ အလောင်းမှာ ဒဏ်ရာတွေ အများကြီးရှိပါလျက်နဲ့ အကုန်လုံးကို မစစ်သေးဘဲ ရဲက ဘာကြောင့် မတော်တဆသေဆုံးမှုလို့ အလျင်စလို ကောက်ချက်ချသလဲ၊ ဘယ်လိုလုပ်ပြီး ရေထဲ ကျသလဲ၊ လှေပေါ်ပါသူတွေအားလုံးရဲ့ ဖုန်းအပလီကေးရှင်းတွေ ဘာကြောင့် မစစ်လဲ၊ စပိတ်ဘုတ်တွေကို ဘာကြောင့် ၁ စီးပဲ စစ်သလဲ စတဲ့အချက်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။ 

DSI တာဝန်ရှိသူကတော့ ဒီအမှုဟာ အထူးစုံစမ်းစစ်ဆေးရမယ့် မှုခင်းအမျိုးအစားထဲ မပါဝင်ကြောင်း၊ လျှောက်ထားချက်ကိုလည်း ပြင်ပအဖွဲ့အစည်းတွေနဲ့ပါ ဆွေးနွေးတိုင်ပင်ရဦးမယ်လို့ ပြောပါတယ်။ 

တိုင်မိုနိဒါးသေဆုံးတာ ၁ လလောက် ရှိသွားပြီဖြစ်ပြီး ရဲတပ်ဖွဲ့ကလည်း မကြာခင် အမှုပိတ်သိမ်းမယ်လို့ ထုတ်ပြန်ကြေညာထားပေမယ့် ပရိသတ်တွေက သာမန်မတော်တဆ သေဆုံးမှုဆိုတာကို လက်မခံနိုင်ဘဲ နောက်ထပ်သက်သေတွေ ဆွဲထုတ်ပြီး လူမှုကွန်ရက်မှာ ထောက်ပြနေကြပါတယ်။ 

နွန်ထပူရီ လွှတ်တော်အမတ် တေ့မုန်းခုံးကစ်သီ ဆိုသူကလည်း တိုင်မို အလောင်းတွေ့တဲ့ နေရာနားက လှေဆိပ်မှာတွေ့တဲ့ သွေးစတွေ လိုက်ကောက်ကာ စရိတ်အကုန်ခံပြီး ဒီအန်အေ စစ်ခဲ့သလို ပျောက်ဆုံးနေတဲ့ တိုင်မိုရဲ့ ဂါဝန်အဖြူကိုလည်း အမှိုက်ပုံထဲထိ သွားပြီးမွှေနှောက်ရှာဖွေခဲ့ပါတယ်။

မတ် ၂၂ ရက်နေ့ကလည်း ကျောက်ဖရားမြစ်ထဲမှာ တိုင်မို ရေကူးနေတဲ့ပုံလို့ ယူဆရတဲ့ စီစီတီဗွီကင်မရာထဲက ဗွီဒီယိုဖိုင်တခုကို ဖွင့်ပြပြီး သတင်းစာရှင်းခဲ့ပါသေးတယ်။ 

အဆိုပါပုံ လူမှုကွန်ရက်မှာပြန့်သွားကာ လှေတစီးက အနားကို လှော်ခတ်သွားပြီး မကယ်တင်ဘဲ ပြန်လှည့်လာတဲ့အပေါ် အဆိုပါလှေပေါ်က လူကို ဝိုင်းဝန်ပြစ်တင်ဆဲဆိုနေကြပါတယ်။ 

ဒါကြောင့် အဆိုပါလှေပေါ်ကလူက ရဲစခန်းမှာ ဒီကနေ့မနက် လာရောက်ဖြေရှင်းခဲ့ပါတယ်။ လွှတ်တော်အမတ် ဖွင့်ပြတဲ့ မြစ်ထဲကအရာဟာ လူမဟုတ်ဘဲ သစ်တုံးသာ ဖြစ်ကြောင်း၊ သူက အဲဒီနေရာမှာ ငါးဖမ်းဖို့ ပိုက်ကွန်ချထားတာဖြစ်ပြီး ပိုက်နဲ့သစ်တုံး ငြိနေလို့ လာဖြည်တာ ဖြစ်ကြောင်း၊ သူ့အနေနဲ့ ရေထဲမှာ ဘယ်သူ့ကိုမှ မတွေ့ရဘဲ တကယ်ရေနစ်သူတွေ့ရင် မကယ်တင်ဘဲတော့ နေမှာမဟုတ်ကြောင်း၊ လတ်တလော လူမှုကွန်ရက်မှာ အထင်လွဲ အဆဲခံနေရတဲ့ကိစ္စ စိတ်မချမ်းသာဖြစ်ရပြီး လွှတ်တော်အမတ်ကို အသရေဖျက်မှုနဲ့ ပြန်ပြီး တရားစွဲရေး၊ မစွဲရေးတော့ ပြန်စဉ်းစားဦးမယ်လို့ ပြောပါတယ်။ 

လွှတ်တော်အမတ်ကတော့ သံသယမပြေသေးကြောင်း၊ အဲဒါဟာ တိုင်မို မဟုတ်ဘဲ သစ်တုံးလို့ ဆိုရင် သစ်တုံးကို တစုံတယောက်က ဖက်တွယ်ထားတာလို့ ပြန်ချေပထားပါတယ်။ 

တိုင်မိုရဲ့ မိခင် နန်းဖနိဒါးကတော့ သူ့သမီးအမှုကို အထူးအမှုအနေနဲ့ ပြန်စစ်ဖို့ DSI ကို လျှောက်ထားတဲ့အပေါ် သဘောမတူကြောင်း၊ ရဲက ပို့ပေးတဲ့ သက်သေအားလုံးကို ကြည့်ရှုခဲ့ပြီး ဖြစ်ပြီး သံသယဖြစ်စရာမရှိ၊ သူ့အနေနဲ့ ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေအပေါ် လုံးဝ ယုံကြည်မှုရှိတယ်၊ မကြာခင်လည်း အမှုပိတ်တော့မယ်၊ အဲဒီတော့ နောက်ထပ်အမှုကို ရှုပ်ထွေးအောင် မလုပ်ကြဖို့ မေတ္တာရပ်ခံတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။ 

တိုင်မို ရေနစ်သေဆုံးမှုမှာ လိုင်စင်သက်တမ်းကုန် လှေအသုံးပြုမှု၊ လှေမောင်းလိုင်စင်မရှိဘဲ မောင်းနှင်မှုနဲ့ ကနဦး အရေးယူခံထားရတဲ့ ဟိုက်စိုးပေါ နဲ့ ရောဘတ်တို့ကတော့ လောလောဆယ် တရားရိပ်သာတခုမှာ ဒုလ္လဘရဟန်းဝတ်လျက်ရှိပါတယ်။ ထိုင်း ထိပ်တန်းသရုပ်ဆောင်မင်းသမီး တိုင်မိုနိဒါး ဖတ်ချရဝီရဖုန်း (၃၇ နှစ်) ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့က အဖော် ၅ ဦးနဲ့အတူ နွန်ထူပူရီခရိုင် ကျောက်ဖယားမြစ်ထဲမှာ စပိဘုတ်လှေစီးရကာ လှေပေါ်က ပြုတ်ကျပြီး သေဆုံးခဲ့ပါတယ်။

2 weeks Ago
Up