ထိုင်းမင်းသမီးတိုင်မို သေဆုံးမှု စပိဘုတ်လှေပေါ်ပါသူ ၅ ဦးလုံး တရားစွဲခံရ

ထိုင်းနာမည်ကြီးသရုပ်ဆောင်မင်းသမီး တိုင်မိုနိဒါး ကျောက်ဖရားမြစ်ထဲမှာ ရေနစ်သေဆုံးရတာနဲ့ ပတ်သက်ပြီး စပိဘုတ်လှေတစီးတည်း အတူလိုက်ပါလာသူ ၅ ဦးလုံးကို တရားစွဲလိုက်တယ်လို့ တိုင်းဒေသအမှတ် ၁ ရဲတပ်ဖွဲ့က ဧပြီ ၄ ရက်နေ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
ကနဦးပိုင်းက လှေပိုင်ရှင် ဟိုက်ဇိုးပေါနဲ့ လှေခုတ်မောင်းသူ ရောဘတ်တို့ နှစ်ဦးကိုသာ ပေါ့ဆမှုနဲ့ တရားစွဲထားပြီး နောက်ဆက်တွဲစစ်ဆေးချက်တွေအရ နောက်ထပ် ၃ ဦးကိုပါ တရားစွဲလိုက်ကြောင်း၊ တဦးနဲ့တဦး စွဲချက်မတူဘဲ အမှုတွဲအားလုံးကိုတော့ ဒီလ ၂၄ ရက်နေ့မှာ အပြီးတည်ဆောက်နိုင်လိမ့်မယ်လို့ တိုင်းဒေသ ၁ ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ဥဒွန်း ယွမ်းကျရွန်းက သတင်းထောက်တွေကို ပြောပါတယ်။
အဆိုပါ ၅ ယောက်ထဲက ဟိုက်ဇိုးပေါ (လှေပိုင်ရှင်) မှာ တပါးသူ အသက်ဆုံးရှုံးစေအောင် ပေါ့ဆစွာ လှေခုတ်မောင်းမှု၊ မမှန်မကန်ထွက်ဆိုမှု၊ လိုင်စင်သက်တမ်းကုန်လှေကို အသုံးပြုမှုနဲ့ ကနဦး တရားစွဲခံထားရတာပါ။
အလားတူ ရောဘတ်မှာလည်း တပါးသူ အသက်ဆုံးရှုံးစေအောင် ပေါ့ဆစွာ လှေခုတ်မောင်းမှု၊ လှေမောင်းလိုင်စင်မရှိဘဲ ခုတ်မောင်းမှု၊ လိုင်စင်သက်တမ်းကုန်လှေ အသုံးပြုမှုနဲ့ ကနဦး တရားစွဲခံရပါတယ်။
ဆဲန်း ဆိုတဲ့ မိန်းမလျာအားလည်း တပါးသူ အသက်ဆုံးရှုံးအောင် ပေါ့ဆမှုနဲ့ တရားစွဲခံရပါတယ်။ သူဟာ တိုင်မိုနဲ့နောက်ဆုံးအတူရှိနေသူဖြစ်ပြီး တိုင်မိုမှ လှေပေါ်ကနေ အပေါ့သွားဖို့ သူ့ခြေထောက် ၂ ချောင်းကို အားပြုကိုင်စဉ် လှေပေါ်က ပြုတ်ကျတာလို့ ထွက်ဆိုထားပါတယ်။
ဂျွပ်ဆိုသူ မိန်းမလျာကတော့ တပါးသူအမှုမှ ကင်းလွတ်အောင် အကူအညီပေးမှု၊ သက်သေခံပစ္စည်း ဖျောက်ဖျက်မှုနဲ့ ပတ်သက်နေပါတယ်၊ သူဟာ အရက်ဖန်ခွက်တွေကို ရေထဲ ပစ်ချပြီး ဖျောက်ဖျက်ခဲ့ပါတယ်။
နောက်တဦးကတော့ တိုင်မိုရဲ့ ကိုယ်ရေးအရာရှိ ကသစ် ဆိုသူပါ။ သူဟာလည်း မမှန်မကန် ထွက်ဆိုမှုနဲ့ တရားစွဲခံထားရပါတယ်။ ဘယ်လိုမမှန်ကန်လဲ ဆိုတာတော့ ရဲက အသေးစိတ် မပြောသေးပါဘူး။
ဒီမတိုင်ခင် သတင်းတွေမှာတော့ သူမဟာ တိုင်မို အပေါ့သွားချင်ကြောင်း သူမကို ပြောခဲ့တယ်လို့ ပြောဆိုပြီး နောက်ပိုင်းမှာ ဘာမှမသိရဘူးလို့ ပြန်ဖြေပါတယ်။ လှေပေါ်မှာ အသုံးပြုတဲ့ ဝိုင်ခွက်အရေအတွက်ကိုလည်း ရှေ့နောက်မညီ ဖြေဆိုပါတယ်။
တိုင်မိုဟာ လှေအမြီးပိုင်းမှာ အပေါ့သွားရင်း ရေထဲကျတာလို့ ထွက်ဆိုခဲ့ပေမဲ့ ဧပြီလ ၂ ရက်နေ့က လူ့အခွင့်အရေးဆိုင်ရာရှေ့နေတွေက ထပ်မံရှာဖွေတင်ပြလာတဲ့ စီစီကင်မရာရုပ်သံထဲမှာတော့ အခင်းဖြစ်ချိန်က လှေအမြီးပိုင်းမှာ လူမရှိဘူးလို့ ဆိုပါတယ်။
နောက်ထပ်တရားစွဲခံရသူ ၃ ဦးဟာ ယမန်နေ့က ပထုန်ဌာနီရဲစခန်းကို အသီးသီးရောက်လာပြီး အမှုဖွင့်ခံရတဲ့အပေါ် သိရှိပါကြောင်း လာရောက်သတင်းပို့ခဲ့ကြပါတယ်။ သတင်းထောက်တွေကို တော့ တစုံတရာမဖြေကြားခဲ့ပါဘူး။
ဒီအမှုနဲ့ ပတ်သက်ပြီး ရှေ့နေတဦးလည်း မကြာမီ အမှုဖွင့်ခံရဖွယ်ရှိတယ်လို့ ချနယ်လ် ၃ သတင်းမှာ ဖော်ပြပါတယ်။ အဲဒီရှေ့နေကတော့ တိုင်မို ရေနစ်တဲ့ညက လှေပေါ်ပါသူတွေက ချက်ချင်း ဆက်သွယ်တာကိုခံရပြီး သူက အမှုမှာ အပြစ်ပေါ့စေဖို့ ဟိုလိုဒီလို ထွက်ဆိုကြဖို့ အကြံပေးခဲ့တယ်လို့ ဆိုပါတယ်။ လှေပေါ်ပါသူ ၅ ဦးကို ရဲတပ်ဖွဲ့က တဦးချင်းစီ ထပ်ကာထပ်ကာ စစ်ဆေးမေးမြန်းရာမှာတော့ ကွဲပြားတဲ့ထွက်ဆိုချက်တွေ ထွက်လာတယ်လို့ ဆိုပါတယ်။
တိုင်မိုရဲ့ အလောင်းပေါ်က ဒဏ်ရာတွေနဲ့ပတ်သက်ပြီး ဘာကြောင့်လဲဆိုတာတော့ ရဲတပ်ဖွဲ့က မထုတ်ပြန်နိုင်သေးပါဘူး။
သူမဟာ ပေါ့ဆမှုနဲ့ မတော်တဆမှုကြောင့် သေဆုံးရတယ်လို့ ရဲတပ်ဖွဲ့က ကနဦးသုံးသပ်ပြော ဆိုထားပေမယ့် လူ့အခွင့်အရေးဆိုင်ရာရှေ့နေတွေဘက်က အဆိုပါအမှုကို လူသတ် အလောင်းဖျောက်မှုလို့ ယူဆပြီး အထူးမှုခင်းတရပ်အနေနဲ့ စုံစမ်းစစ်ဆေးပေးဖို့ ထိုင်းအထူး မှုခင်းစုံစမ်းဖော်ထုတ်ရေးအဖွဲ့ DSI ကို တောင်းဆိုထားပါတယ်။