close

ထောက်ကြန့်

close

December 3, 2022

ထောက်ကြန့်တွင် ယာဉ်မောင်းကိုသတ်ပြီး တက္ကစီကို လုယက်မှုဖြစ်ပွား

ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ မောင်းမကန်ဂိတ်ဟောင်းမှတ်တိုင်နားက လှော်ကားလမ်းမပေါ်မှာ ဒီဇင်ဘာ ၁ ရက်က  ပရိုဘောက် တက္ကစီတစီး လုယက်ခံရ‌တဲ့အပြင် ယာဉ်မောင်းဖြစ်သူကိုပါ သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပါတယ်။ 

လုယက်သတ်ဖြတ်ခံရတဲ့  အသက် ၃၄ နှစ် အရွယ်ရှိ  တက္ကစီယာဉ်မောင်းအမျိုးသားဟာ ထောက်ကြန့်မြို့၊ ဘောလုံးကွင်းရပ်ကွက်မှာနေထိုင်ပြီး  အသက် ၁၀ နှစ်အရွယ်နဲ့  ၁ နှစ် ၈ လ အရွယ် ကလေးနှစ်ယောက်နဲ့ ဇနီးဖြစ်သူတို့ ကျန်ရစ်ခဲ့ပါတယ်။

အဆိုပါနေ့ ညနေ ၄ နာရီလောက် ထောက်ကြန့်-ပဲခူး လမ်းဆုံဂိတ်မှာ တက္ကစီ ထိုးထားချိန် အမျိုးသား နှစ်ယောက်က  လှော်ကားဘက်ကို ကားငှားရမ်းခဲ့လို့ လိုက်ပို့စဉ် လမ်းမှာ အသတ်ခံခဲ့ရတာလို့ သူ့ရဲ့ မိသားစုကပြောပါတယ်။

လုယက်သူတွေ ယာဉ်မောင်းကိုသတ်ပြီး ကားပေါ်ကနေ လမ်းဘေးပစ်ချသွားခဲ့တာဖြစ်ပြီး ယာဉ်မောင်းရဲ့ လည်ပင်းမှာ ထိုးသွင်း ဒဏ်ရာတစ်ချက်နဲ့ သေဆုံးလျက်အနေအထားကို  လမ်းသွားလမ်းလာတွေကတွေ့ရှိခဲ့လို့ ရဲစခန်းကို အကြောင်းကြားရာက မိသားစုဝင်တွေ သိရှိခဲ့တာလို့ ဆိုပါတယ်။

သေဆုံးသူအမျိုးသားရဲ့ ဇနီးဖြစ်သူက“ သူ့ကို ကားလာငှားတယ်၊ နှစ်ယောက်တဲ့၊ ကျမ အိမ်ကနေ ၃ နာရီခွဲလောက်က ထွက်သွားတာ။ အဲ့လောက်မှာတော့ သူ အော်ဒါပါသွားတယ်။    ၄ နာရီခွဲ လောက်မှာသတင်းရတာ။ သတင်းရတယ်ဆိုတာလမ်းမှာ လဲနေတယ်   လူတစ်ယောက်လဲနေတယ်ဆိုတော့ ထောက်ကြန့်စခန်းကို အကြောင်းကြားတော့ သူ့ကို Dead Body နဲ့အတူ ဖုန်းတွေ့တဲ့အခါမှာ ဖုန်းက call list တစ်ခုကို ပြန်ဆက်ရင်း ကျမတို့ဆီ သတင်းရောက်လာတာ"လို့ ပြောပါတယ်။ 

လုယက်ခံရတဲ့ ကားက မိသားစုပိုင်ဖြစ်ပြီး  လုယက်သူတွေဟာ ပရိုဘောက်ကားအပြင် ငွေသားအနည်းငယ်၊ ကားလိုင်စင်၊ wheel tax တို့ပါ ယူဆောင်သွားပေမဲ့ ယာဉ်မောင်းကိုင်ထားတဲ့ ဟွာဝေးအမျိုးအစား ဖုန်းကိုတော့ ထားခဲ့တယ်လို့ သိရပါတယ်။ 

နိုဝင်ဘာလ ၂ ညပိုင်းအထိ ကျူးလွန်သူတွေကို ဖမ်းမိထားတာ မရှိသေးသလို အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မင်္ဂလာဒုံမြိုနယ်၊ ထောက်ကြန့်ရဲစခန်းကို ဖုန်းဆက်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။ 

2 hours Ago

November 9, 2022

ထောက်ကြန့် ခမရ ၁၀၆ တပ်ရင်းဂိတ်တွင် ဗုံးပေါက်ပြီး စစ်ကောင်စီတပ်သား ၁ ဦး ဒဏ်ရာရ

ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့ရှိ ခမရ ၁၀၆ တပ်ရင်း ဂိတ်အဝမှာ အောက်တိုဘာ ၈ ရက် ညက ဗုံးပေါက်ကွဲပြီး  စစ်ကောင်စီတပ်သားတယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ထောက်ကြန့်မြို့၊ လှော်ကားလမ်းမကြီးပေါ်က ခမရ ၁၀၆ တပ်ရင်းအဝင်ဂိတ်ကို  မနေ့ည ၁၀ နာရီက ဆိုင်ကယ်စီးလာသူတချို့က လက်လုပ်ဗုံးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဂိတ်မှာစောင့်နေတဲ့ တပ်သားတယောက် ဒဏ်ရာရရှိခဲ့တာလို့  တပ်ရင်းအနီး နေထိုင်သူတစ်ဦးက ပြောပါတယ်။

“ညက ဆယ်နာရီလောက်ရှိပြီ။ အုန်းခနဲဆို ပေါက်သံကြားရတယ်။ သူခိုးကြီးညဆိုတော့ လူတွေက မအိပ်သေးဘူး။ အကုန်အိမ်ထဲ ပြေးဝင်ကုန်တာ။ လူနာတင်ယာဥ်တစ်စီးနဲ့ စစ်ကားတစ်စီး ရောက်လာတယ်။ ဗုံးနဲ့ပစ်လို့ ဂိတ်မှာစောင့်နေတဲ့ စစ်သားတစ်ဦး ဒဏ်ရာရတယ်”လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်သားတွေဟာ ၁၀၆ တပ်ရင်းအနီးမှာ နေထိုင်တဲ့သူတွေကို ဆဲဆိုကြိမ်းမောင်းကာ ဗုံးပစ်သူကို လိုက်လံရှာဖွေခဲ့ပေမဲ့ မတွေ့ဘူးလို့ မြို့ခံတဦးက ​ပြောပါတယ်။

“ဘယ်သူပစ်သွားမှန်း မသိဘူး။ အဲဒါကို လမ်းပေါ်မှာရှိနေတဲ့ လူငယ်တွေကို ဆဲဆိုသွားတယ်။ ညက သူခိုး ခိုးမှာစိုးလို့ ကိုယ့်အိမ်ကို လုံခြုံရေးယူကြတာ။ အဲဒါကို ဗုံးနဲ့ ပစ်ခံရတာ။ အဲဒီပစ်တဲ့သူကို မတွေ့လို့ဆိုပြီး ပြောဆိုသွားတာ”လို့ ရှင်းပြပါတယ်။

မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မြို့ရှိ အမှတ် ၁၀၆ ခြေမြန်တပ်ရင်းမှာ အမှတ် ၇၇ ခြေမြန်တပ်မဌာနချုပ်ရဲ့ လက်အောက်ခံတပ်ရင်းတစ်ခုလည်း ဖြစ်ပါတယ်။

အမှတ် ၁၀၆ ခြေမြန်တပ်ရင်းကို ပြီးခဲ့တဲ့လတွေကလည်း အမည်မသိသေနတ်ကိုင်ဆောင်သူများက ပစ်ခတ်ခဲ့လို့ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိပါတယ်။

3 weeks Ago
Up