close

ထောက်ကြန့်တွင် ယာဉ်မောင်းကိုသတ်ပြီး တက္ကစီကို လုယက်မှုဖြစ်ပွား

ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ မောင်းမကန်ဂိတ်ဟောင်းမှတ်တိုင်နားက လှော်ကားလမ်းမပေါ်မှာ ဒီဇင်ဘာ ၁ ရက်က  ပရိုဘောက် တက္ကစီတစီး လုယက်ခံရ‌တဲ့အပြင် ယာဉ်မောင်းဖြစ်သူကိုပါ သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပါတယ်။ 

လုယက်သတ်ဖြတ်ခံရတဲ့  အသက် ၃၄ နှစ် အရွယ်ရှိ  တက္ကစီယာဉ်မောင်းအမျိုးသားဟာ ထောက်ကြန့်မြို့၊ ဘောလုံးကွင်းရပ်ကွက်မှာနေထိုင်ပြီး  အသက် ၁၀ နှစ်အရွယ်နဲ့  ၁ နှစ် ၈ လ အရွယ် ကလေးနှစ်ယောက်နဲ့ ဇနီးဖြစ်သူတို့ ကျန်ရစ်ခဲ့ပါတယ်။

အဆိုပါနေ့ ညနေ ၄ နာရီလောက် ထောက်ကြန့်-ပဲခူး လမ်းဆုံဂိတ်မှာ တက္ကစီ ထိုးထားချိန် အမျိုးသား နှစ်ယောက်က  လှော်ကားဘက်ကို ကားငှားရမ်းခဲ့လို့ လိုက်ပို့စဉ် လမ်းမှာ အသတ်ခံခဲ့ရတာလို့ သူ့ရဲ့ မိသားစုကပြောပါတယ်။

လုယက်သူတွေ ယာဉ်မောင်းကိုသတ်ပြီး ကားပေါ်ကနေ လမ်းဘေးပစ်ချသွားခဲ့တာဖြစ်ပြီး ယာဉ်မောင်းရဲ့ လည်ပင်းမှာ ထိုးသွင်း ဒဏ်ရာတစ်ချက်နဲ့ သေဆုံးလျက်အနေအထားကို  လမ်းသွားလမ်းလာတွေကတွေ့ရှိခဲ့လို့ ရဲစခန်းကို အကြောင်းကြားရာက မိသားစုဝင်တွေ သိရှိခဲ့တာလို့ ဆိုပါတယ်။

သေဆုံးသူအမျိုးသားရဲ့ ဇနီးဖြစ်သူက“ သူ့ကို ကားလာငှားတယ်၊ နှစ်ယောက်တဲ့၊ ကျမ အိမ်ကနေ ၃ နာရီခွဲလောက်က ထွက်သွားတာ။ အဲ့လောက်မှာတော့ သူ အော်ဒါပါသွားတယ်။    ၄ နာရီခွဲ လောက်မှာသတင်းရတာ။ သတင်းရတယ်ဆိုတာလမ်းမှာ လဲနေတယ်   လူတစ်ယောက်လဲနေတယ်ဆိုတော့ ထောက်ကြန့်စခန်းကို အကြောင်းကြားတော့ သူ့ကို Dead Body နဲ့အတူ ဖုန်းတွေ့တဲ့အခါမှာ ဖုန်းက call list တစ်ခုကို ပြန်ဆက်ရင်း ကျမတို့ဆီ သတင်းရောက်လာတာ"လို့ ပြောပါတယ်။ 

လုယက်ခံရတဲ့ ကားက မိသားစုပိုင်ဖြစ်ပြီး  လုယက်သူတွေဟာ ပရိုဘောက်ကားအပြင် ငွေသားအနည်းငယ်၊ ကားလိုင်စင်၊ wheel tax တို့ပါ ယူဆောင်သွားပေမဲ့ ယာဉ်မောင်းကိုင်ထားတဲ့ ဟွာဝေးအမျိုးအစား ဖုန်းကိုတော့ ထားခဲ့တယ်လို့ သိရပါတယ်။ 

နိုဝင်ဘာလ ၂ ညပိုင်းအထိ ကျူးလွန်သူတွေကို ဖမ်းမိထားတာ မရှိသေးသလို အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မင်္ဂလာဒုံမြိုနယ်၊ ထောက်ကြန့်ရဲစခန်းကို ဖုန်းဆက်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up