ဂျပန်နိုင်ငံက ဆောက်လုပ်ရေးလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ Yokogawa Bridge ကော်ပိုရေးရှင်းဟာ မြန်မာစစ်တပ်လက်အောက်ခံ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ကို ၂၀၂၂ ခုနှစ်အတွင်းမှာ အမေရိကန်ဒေါ်လာ ၁ သန်းကျော်လွှဲပြောင်းပေးခဲ့တာကို တွေ့ရှိရကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW က ဇန်နဝါရီလ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။
ရန်ကုန်က ပဲခူးမြစ်ကူးတံတားဆောက်လုပ်ရေးစီမံကိန်းအတွက် ၂၀၂၂ ခုနှစ် ဇူလိုင်လကနေ နိုဝင်ဘာလအတွင်း Yokogawa ကော်ပိုရေးရှင်းကနေ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်းကျော်လွှဲပြောင်းပေးခဲ့တာကို တွေ့ရှိရတယ်လို့ HRW က ပြောပါတယ်။
HRW ရဲ့ အာရှဒေသဆိုင်ရာ အရာရှိ တာပေကာစိုင်းက “မြန်မာစစ်အာဏာရှင်တွေရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေအတွက် Yokogawa Bridge ကော်ပိုရေးရှင်းရဲ့ MEC နဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကနေတဆင့် ဂျပန်အစိုးရက ရန်ပုံငွေရှာပေးသလို ဖြစ်နေတယ်။ ဂျပန်အစိုးရဟာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီမဟုတ်တဲ့ ထောက်ပံ့ကူညီမှုတွေ မြန်မာစစ်အာဏာရှင်တွေ ဆက်ပြီးမရအောင် ဆောင်ရွက်သင့်တယ်” လို့ ပြောပါတယ်။
ဂျပန်အစိုးရအနေနဲ့လည်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးတာ လွဲရင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း စနစ်တကျရာဇဝတ်မှုတွေကျူးလွန်နေတဲ့ မြန်မာစစ်အာဏာရှင်တွေ အကျိုးအမြတ်ရရှိစေမယ့် လုပ်ငန်းတွေအားလုံးကို ရပ်တန့်ဖို့ HRW က တောင်းဆိုလိုက်ပါတယ်။
Yokogawa ကော်ပိုရေးရှင်းအပါအဝင် ဂျပန်ကုမ္ပဏီတွေဟာ မြန်မာစစ်တပ် လက်အောက်ခံလုပ်ငန်းတွေနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်မရှိရလေအောင် ဂျပန်အစိုးရက လုပ်ဆောင်ဖို့လည်း HRW ကတိုက်တွန်းထားပါတယ်။
Photo-YBHD
စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကိုင်းတိုင်၊ စစ်ကိုင်းမြို့နယ်ထဲက ကျေးရွာတရွာကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စစ်ကိုင်းဒေသ လူသားစာနာတာ၀န်ခံတွေက ဇန်နဝါရီ ၈ ရက်မှာ သွားရောက် ထောက်ပံ့ကူညီခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။
အဆိုပါ ကျေးရွာကို ဇန်နဝါရီ ၆ ရက်မနက်ပိုင်းမှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားတာဖြစ်ပြီး လတ်တလောမှာတော့ စစ်ဘေးရှောင် မီးဘေးသင့် အိမ်ထောင်စု ၉၀ အတွက် NUG စစ်ကိုင်းခရိုင်လူသားစာနာအဖွဲ့က ငွေကျပ် ၁၀ သိန်း၊ စစ်ကိုင်းမြို့နယ်အခွန်ကောက်ခံ ရရှိမှုကနေ ငွေကျပ် ၁၀ သိန်း၊ သီးခြားအလှူရှင်တယောက်ကနေ ငွေကျပ် ၅ သိန်းစီနဲ့ စုစုပေါင်း ငွေကျပ် ၂၅ သိန်းကို ရပ်/ကျေး ပကဖ တာ၀န်ခံနဲ့ ရပ်မိရပ်ဖတွေဆီ ထောက်ပံ့ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကျေးရွာမှာ ကျဆုံးသွားတဲ့ သံဃာတော် ၁ ပါး၊ အမျိုးသမီး ၁ ယောက်၊အမျိုးသား ၁ ယောက်၊ PDF ရဲဘော် ၁ ယောက်တို့အတွက် ၁ ယောက်ကို ငွေကျပ် ၁ သိန်းစီနဲ့ စုစုပေါင်း ငွေကျပ် ၄ သိန်းကို ထောက်ပံ့ ပေးအပ်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ ပျုစောထီးအဖွဲ့ဝင်တွေဟာ ကျေးရွာကို ဝင်ရောက်စီးနင်းရာမှာ သီတဂူဗုဒ္ဓတက္ကသိုလ်မှ BA.Buddha ဘွဲ့ရ၊ သီတဂူနာယက ၁၀ ပါးစာရင်းဝင် ဆရာတော်နဲ့ CDM ကျောင်း ဆရာမ ၁ ယောက်တို့ကို သတ်ဖြတ်ခဲ့တာဖြစ်ပြီး သီတဂူနာယက ဆရာတော်ဟာ မန္တလေးမြို့ကနေ မီးရှို့ခံရသည့်ကျေးရွာကို ခေတ္တကြွရောက်သီးတင်းသုံးနေချိန်အတွင်း ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရကာ ဒီလုပ်ရပ်ဟာ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တာဖြစ်တယ်လို့ NUG အစိုးရက ပြောပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။
စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည် အထက်ပိုင်းလမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို အထောက်အထားရယူပြီးတော့ စနစ်တကျစာရင်းပြုစုကာ မှတ်တမ်းတင်ဆောင်ရွက်နေတယ်လို့ NUG အစိုးရက ထုတ်ပြန်ထားပါတယ်။