close

စစ်ကောင်စီ မီးရှို့ဖျက်ဆီးခံ ကျေးရွာတရွာသို့ NUG က သွားရောက်ထောက်ပံ့ကူညီ

စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကိုင်းတိုင်၊ စစ်ကိုင်းမြို့နယ်ထဲက ကျေးရွာတရွာကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စစ်ကိုင်းဒေသ လူသားစာနာတာ၀န်ခံတွေက ဇန်နဝါရီ ၈ ရက်မှာ သွားရောက် ထောက်ပံ့ကူညီခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။

အဆိုပါ ကျေးရွာကို ဇန်နဝါရီ ၆ ရက်မနက်ပိုင်းမှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားတာဖြစ်ပြီး လတ်တလောမှာတော့ စစ်ဘေးရှောင် မီးဘေးသင့် အိမ်ထောင်စု ၉၀ အတွက် NUG စစ်ကိုင်းခရိုင်လူသားစာနာအဖွဲ့က ငွေကျပ် ၁၀ သိန်း၊ စစ်ကိုင်းမြို့နယ်အခွန်ကောက်ခံ ရရှိမှုကနေ ငွေကျပ် ၁၀ သိန်း၊ သီးခြားအလှူရှင်တယောက်ကနေ ငွေကျပ် ၅ သိန်းစီနဲ့ စုစုပေါင်း ငွေကျပ် ၂၅ သိန်းကို ရပ်/ကျေး ပကဖ တာ၀န်ခံနဲ့ ရပ်မိရပ်ဖတွေဆီ ထောက်ပံ့ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျေးရွာမှာ ကျဆုံးသွားတဲ့ သံဃာ‌တော် ၁ ပါး၊ အမျိုးသမီး ၁ ယောက်၊အမျိုးသား ၁ ယောက်၊ PDF ရဲဘော် ၁ ယောက်တို့အတွက် ၁ ယောက်ကို ငွေကျပ် ၁ သိန်းစီနဲ့ စုစုပေါင်း ငွေကျပ် ၄ သိန်းကို ‌ထောက်ပံ့‌ ပေးအပ်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ပျုစောထီးအဖွဲ့ဝင်တွေဟာ ကျေးရွာကို ဝင်ရောက်စီးနင်းရာမှာ သီတဂူဗုဒ္ဓတက္ကသိုလ်မှ BA.Buddha ဘွဲ့ရ၊ သီတဂူနာယက ၁၀ ပါးစာရင်းဝင် ဆရာတော်နဲ့ CDM ကျောင်း ဆရာမ ၁ ယောက်တို့ကို သတ်ဖြတ်ခဲ့တာဖြစ်ပြီး သီတဂူနာယက ဆရာတော်ဟာ မန္တလေးမြို့ကနေ မီးရှို့ခံရသည့်ကျေးရွာကို ခေတ္တကြွရောက်သီးတင်းသုံးနေချိန်အတွင်း ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရကာ ဒီလုပ်ရပ်ဟာ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တာဖြစ်တယ်လို့ NUG အစိုးရက ပြောပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည် အထက်ပိုင်းလမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို အထောက်အထားရယူပြီးတော့ စနစ်တကျစာရင်းပြုစုကာ မှတ်တမ်းတင်ဆောင်ရွက်နေတယ်လို့ NUG အစိုးရက ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up