close

ထောက်ပံ့လှူဒါန်း

close

April 20, 2023

ကလေးမြို့နယ်က စစ်ဘေးရှောင်များအတွက် ထောက်ပံ့လှူဒါန်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က၊ စစ်ရှောင်ပြည်သူတွေနဲ့ စစ်ကောင်စီတပ်ရဲ့ နေအိမ်မီးရှို့ဖျက်ဆီးတာခံခဲ့ရတဲ့ ပြည်သူတွေအတွက် ကလေးဒေသ စစ်ရှောင်ကူညီရေးအဖွဲ့က စားနပ်ရိက္ခာနဲ့ အသုံးစရိတ်တချို့ ကူညီထောက်ပံ့ပေးခဲ့ပါတယ်။

ဧပြီ၁၈ ရက်‌က ကလေးနယ်မြောက်ပိုင်းရှိ ပျဉ်းတော်ဦး၊ ပြည်တော်သာ၊ လက်ပံချောင်း စတဲ့ကျေးရွာတွေက စစ်ဘေးရှောင်နဲ့ မီးဘေးသင့်ပြည်သူတွေကို ဆန်၊ ဆီနဲ့ တခြားစားသောက်ကုန်တွေ အပါအဝင် ငွေကျပ်စုစုပေါင်း သိန်း ၆၀ ဖိုး ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ ကလေးဒေသ စစ်ရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ပြည်တွင်းပြည်ပက ထောက်ပံ့ကူညီလှူဒါန်းတဲ့ ငွေတွေနဲ့ပဲ ကျနော်တို့အဖွဲ့က လိုအပ်နေတဲ့ နေရာတွေကို ပြန်လည်ထောက်ပံ့ပေးတာပါ။ ဆက်လက်ပြီး ထောက်ပံ့ပေးကြပါဦး။ ပါဝင်လှူဒါန်းပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။”

ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံနေအိမ် ၃,၀၀၀ ဝန်းကျင် မီးလောင်ဆုံးရှုံးထားသလို စစ်ကောင်စီက ကလေးနယ်ကို အင်တာနက်လိုင်းတွေ ဖြတ်တောက်ပြီး သတင်းအမှောင်ချထားတာလည်း ၁ နှစ်ကျော်ကြာမြင့်နေပြီ ဖြစ်ပါတယ်။

ကူညီထောက်ပံ့ဖို့ ကျန်ရှိနေတဲ့ စစ်ဘေးရှောင်နဲ့ မီးဘေးသင့်ပြည်သူတွေကို ဆက်လက်ထောက်ပံ့နိုင်ဖို့ ကြိုးစားနေပြီး ပြည်တွင်းပြည်ပ အလှူရှင်တွေအနေနဲ့ ကလေးဒေသ စစ်ရှောင်ကူညီရေးအဖွဲ့ဆီ ပူးပေါင်းပါဝင် လှူဒါန်း‌ကူညီပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

11 mins Ago

April 18, 2023

ပဇီကြီးကျေးရွာက စစ်ဘေးသင့် အိမ်ထောင်စု ၁၂၆ စုကို ထောက်ပံ့လှူဒါန်း

လေကြောင်းကနေ စစ်ကောင်စီရဲ့အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတဲ့ ပဇီကြီးကျေးရွာအတွက် ပြည်တွင်းပြည်ပက လှူဒါန်းတဲ့ အလှူငွေတွေကို ဧပြီ ၁၆ ရက်က အိမ်ထောင်စု ၁၂၆ စုကို တအိမ်ထောင် ကျပ် ၁ သိန်းနှုန်း ပေးအပ်ထောက်ပံ့ခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ - ကန့်ဘလူခရိုင်က ထုတ်ပြန်ပြောဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ မလည်ကြီးတိုက်နယ်၊ ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်က ဧပြီ ၁၁ ရက်မှာ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒေသခံ ရွာသူရွာသားတွေ အများအပြားသေဆုံးပြီး ဒီနေ့အထိ အကူအညီတွေလိုအပ်နေတာဖြစ်ပါတယ်။

ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့  ကန့်ဘလူခရိုင် သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူက “ပြည်တွင်းပြည်ပက လာရောက်ဆက်သွယ် လှူဒါန်းထားကြတဲ့ အလှူငွေတွေကို အိမ်ထောင် ၁ စု ၁ သိန်းနှုန်းနဲ့ အိမ်ထောင်စု ၁၂၆ စုအထိ လှူဒါန်းပေးအပ်ပြီးပါပြီ။ ကျန်ရှိနေသေးတဲ့ အိမ်ထောင်စုတွေကို ရရှိသမျှ အလှူငွေတွေနဲ့ ရသမျှ အလှူငွေတွေကို ၂၀ ရက်နေ့မှာ အပြီးချုပ်ပြီး လိုအပ်တာ လှူဒါန်းသွားပါမယ်ဗျ” လို့ ပြောပါတယ်။

ဆေးဝါးနဲ့ တခြားလှူဒါန်းမှု‌တွေ၊ အလှူငွေစာရင်းတွေ အပြီးသတ် စာရင်းချုပ်ပြီးတာနဲ့ လှူဒါန်းပေးသွားမှာမို့ ပဇီကြီးရွာအတွက် အလှူငွေလက်ခံတာကို ဧပြီ ၂၀ ရက်အထိသာ လက်ခံပေးသွားမှာဖြစ်တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ကန့်ဘလူခရိုင်က ထုတ်ပြန်အသိပေးထားပါတယ်။

2 days Ago
Up