close

ကလေးမြို့နယ်က စစ်ဘေးရှောင်များအတွက် ထောက်ပံ့လှူဒါန်း

Photo - ကလေးဒေသစစ်ရှောင်ကူညီရေး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က၊ စစ်ရှောင်ပြည်သူတွေနဲ့ စစ်ကောင်စီတပ်ရဲ့ နေအိမ်မီးရှို့ဖျက်ဆီးတာခံခဲ့ရတဲ့ ပြည်သူတွေအတွက် ကလေးဒေသ စစ်ရှောင်ကူညီရေးအဖွဲ့က စားနပ်ရိက္ခာနဲ့ အသုံးစရိတ်တချို့ ကူညီထောက်ပံ့ပေးခဲ့ပါတယ်။

ဧပြီ၁၈ ရက်‌က ကလေးနယ်မြောက်ပိုင်းရှိ ပျဉ်းတော်ဦး၊ ပြည်တော်သာ၊ လက်ပံချောင်း စတဲ့ကျေးရွာတွေက စစ်ဘေးရှောင်နဲ့ မီးဘေးသင့်ပြည်သူတွေကို ဆန်၊ ဆီနဲ့ တခြားစားသောက်ကုန်တွေ အပါအဝင် ငွေကျပ်စုစုပေါင်း သိန်း ၆၀ ဖိုး ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ ကလေးဒေသ စစ်ရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ပြည်တွင်းပြည်ပက ထောက်ပံ့ကူညီလှူဒါန်းတဲ့ ငွေတွေနဲ့ပဲ ကျနော်တို့အဖွဲ့က လိုအပ်နေတဲ့ နေရာတွေကို ပြန်လည်ထောက်ပံ့ပေးတာပါ။ ဆက်လက်ပြီး ထောက်ပံ့ပေးကြပါဦး။ ပါဝင်လှူဒါန်းပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။”

ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံနေအိမ် ၃,၀၀၀ ဝန်းကျင် မီးလောင်ဆုံးရှုံးထားသလို စစ်ကောင်စီက ကလေးနယ်ကို အင်တာနက်လိုင်းတွေ ဖြတ်တောက်ပြီး သတင်းအမှောင်ချထားတာလည်း ၁ နှစ်ကျော်ကြာမြင့်နေပြီ ဖြစ်ပါတယ်။

ကူညီထောက်ပံ့ဖို့ ကျန်ရှိနေတဲ့ စစ်ဘေးရှောင်နဲ့ မီးဘေးသင့်ပြည်သူတွေကို ဆက်လက်ထောက်ပံ့နိုင်ဖို့ ကြိုးစားနေပြီး ပြည်တွင်းပြည်ပ အလှူရှင်တွေအနေနဲ့ ကလေးဒေသ စစ်ရှောင်ကူညီရေးအဖွဲ့ဆီ ပူးပေါင်းပါဝင် လှူဒါန်း‌ကူညီပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

Up