close

ထောင်ပြောင်းရွှေ့

close

August 3, 2022

စစ်ကိုင်းတိုင်းဝန်ကြီးချုပ် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၇၀ ကျော်ကို ထောင်ပြောင်းရွှေ့

မုံရွာအကျဉ်းထောင်မှာ ဖမ်းဆီးအမိန့်ချထားတဲ့ နိုင်ငံရေးအကျဉ်းသား ၇၀ ကျော်ကို မြင်းခြံ၊ ညောင်ဦးနဲ့ ရွှေဘိုအကျဉ်းထောင်တွေကို ဩဂုတ် ၂ ရက် မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတွေမှာ စစ်ကောင်စီက နေရာပြောင်းရွှေ့ခဲ့တယ်လို့ မုံရွာသပိတ်ဦးဆောင်ကော်မတီအဖွဲ့ဝင် ကိုခန့်ဝေဖြိုးက ပြောပါတယ်။

စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူတွေ၊ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တွေကို မြင်းခြံထောင်ပြောင်းရွှေ့ထားကြောင်း ထောင်တွင်းသတင်းပေးတွေဆီက သိရတယ်လို့ ဆိုပါတယ်။

မုံရွာအကျဉ်းထောင်ထဲမှာ အကျဉ်းသားတွေ ပြည့်နေတာကို ဖြေရှင်းဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေ ထောင်ဝင်စာတွေ့ဖို့ ပိုခက်ခဲအောင် စတဲ့ရည်ရွယ်ချက်တွေနဲ့ စစ်ကောင်စီက အခုလို ထောင်နေရာပြောင်းတာတွေ ပြုလုပ်တာ ဖြစ်နိုင်တယ်လို့ မုံရွာသပိတ်ဦးဆောင်ကော်မတီအဖွဲ့ဝင် ကိုခန့်ဝေဖြိုးက ပြောပါတယ်။

“ဒီနေ့မနက်ခင်းနဲ့ နေ့လယ်ခင်းမှာ မုံရွာအကျဉ်းထောင်ကနေပြီးတော့ အမိန့်ချထားတဲ့ နိုင်ငံရေးအကျဉ်းသား ၇၀ ကျော်ကို ထောင်ပြောင်းတဲ့သတင်းက မှန်ပါတယ်ဗျ။ မြင်းခြံ၊ ညောင်ဦး၊ ရွှေဘိုအကျဉ်းထောင်တွေကို ပြောင်းတယ်လို့ ကြားပါတယ်။ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နဲ့ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေကတော့ မြင်းခြံထောင်ကို ပြောင်းရွှေ့ခံရတယ်လို့ သတင်းကြားထားတယ်။ ထောင်ပြောင်းရွှေ့မှာနဲ့ ပတ်သက်လို့ အကျဉ်းဦးစီးဌာနဘက်က မိသားစုတွေကို ကြိုပြီးမပြောဘူးဗျ။ အခုက ထောင်နဲ့နီးစပ်တဲ့ သတင်းရပ်ကွက်ကနေ သတင်းရရှိတာပါ။ မုံရွာအကျဉ်းထောင်မှာက နိုင်ငံရေးအကျဉ်းသားတွေ ပြည့်နေတယ်။ နောက်တခု ထောင်ပြောင်းတယ်ဆိုတာက ထောင်ဝင်စာတွေ့တာကအစ အခက်အခဲတွေရှိအောင် ဒါမျိုးတွေပါမယ်လို့ ယူဆပါတယ်။ နိုင်ငံရေးအရ ဖိနှိပ်ချင်တာရောပေါ့။ နောက်တခုက ဘယ်အကျဉ်းထောင်ပဲပြောင်းပြောင်း စစ်တပ်လက်အောက်မှာဆိုတော့ နိုင်ငံရေးအကျဉ်းသားဆိုရင် ဖိနှိပ်တာကတော့ အတူတူပါပဲဗျ။” 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းမှာ မတရားဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်ပြီး စဖမ်းခံရတဲ့အချိန်ကနေ ဒီနေ့အထိ မိသားစုတွေက စိုးရိမ်ပူပန်နေရတာပါ။

စစ်ကိုင်းတိုင်းအတွင်းက အကျဉ်းထောင်တွေမှာ ထောင်တွင်း ဖိနှိပ် အကြမ်းဖက် ရိုက်နှက်တဲ့ သတင်းတွေကို အထောက်အထားတွေနဲ့ မိသားစုတွေက ကြားနေရတဲ့အတွက် အခုလို စိုးရိမ်ပူပန်နေရတာ ဖြစ်ပါတယ်။

တော်လှန်ရေးလူငယ်တွေ စစ်ကြောရေးမှာ အနှိပ်စက်ခံရတာ၊ စာရင်းပျောက်နေတာ၊ အကျဉ်းထောင်တွင်း လိင်ပိုင်းဆိုင်ရာ စော်ကားတာ၊ အကျဉ်းသားအခွင့်အရေး ချိုးဖောက်တာတွေကို စစ်ကောင်စီနဲ့ လက်အောက်ခံ အကျဉ်းဦးစီးဌာနက ကျူးလွန်နေတာ ဖြစ်ပါတယ်။ ဒီအချက်အလက်တွေကို မှတ်တမ်းပြုစုပြီး နိုင်ငံတကာကို တင်ပြနိုင်ဖို့ ကြိုးစားနေတယ်လို့ စစ်ကိုင်းဒေသခံ နိုင်ငံရေးသမားတွေက ပြောပါတယ်။

2 weeks Ago

April 7, 2022

မုံရွာ အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော် ပြောင်းရွှေ့ခံရ

စစ်ကိုင်းတိုင်း မုံရွ ာအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော် ဧပြီ ၇ ရက်နေ့ ဒီနေ့နက်က ထောင်ပြောင်းရွှေ့ခံရတယ်လို့ သိရပါတယ်။

ပြောင်းရွှေ့ခံရတဲ့ထဲမှာ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝင် ဥပဒေချုပ် ဦးခင်မောင်လှ၊ မင်းကင်း လွှတ်တော်ကိုယ်စားလှယ်အမတ် ဒေါ်ခင်မွှေးလွင်နဲ့ ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေလည်း ပါသွားတယ်လို့ ထောင်ပြောင်းရွှေ့ခံရသူတဦးရဲ့ မိသားစုဝင်တဦးက ပြောပါတယ်။

“ဒီမနက်အစောကြီး ထောင်ဝင်စာပို့လုပ်တာ ထောင်ပြောင်းရွှေ့တဲ့ထဲ ပါသွားတယ်လို့ပြောတယ်။  ဘယ်ကို ပြောင်းရွှေ့မယ်ဆိုတာ အကြောင်းမကြားဘူး၊ ကျမတို့ကို အကြောင်းကြားသင့်တယ်။ ဘယ်ကို ပြောင်းရွှေ့တယ် ပြောသင့်တယ်။ အခု မိသားစုဝင်တွေ စိတ်ပူနေရတယ်။” 

ပြီးခဲ့တဲ့ မတ် ၃ ရက်နေ့က မုံရွာအကျဉ်းထောင်တွင်း ဆန္ဒပြမှုဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် အကျဉ်းသား ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့ပါတယ်။

မုံရွာထောင်မှာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် အပါအဝင် မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်နဲ့ တခြားထင်ရှားတဲ့  နိုင်ငံရေးသမားတွေ အကျဉ်းကျနေတာဖြစ်ပြီး အခု ထောင်ပြောင်းရွှေတဲ့ထဲ ပါ၊ မပါ ဆိုတာတော့ မသိရသေးပါဘူး။

4 months Ago
Up