မုံရွာ အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော် ပြောင်းရွှေ့ခံရ

စစ်ကိုင်းတိုင်း မုံရွ ာအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော် ဧပြီ ၇ ရက်နေ့ ဒီနေ့နက်က ထောင်ပြောင်းရွှေ့ခံရတယ်လို့ သိရပါတယ်။
ပြောင်းရွှေ့ခံရတဲ့ထဲမှာ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝင် ဥပဒေချုပ် ဦးခင်မောင်လှ၊ မင်းကင်း လွှတ်တော်ကိုယ်စားလှယ်အမတ် ဒေါ်ခင်မွှေးလွင်နဲ့ ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေလည်း ပါသွားတယ်လို့ ထောင်ပြောင်းရွှေ့ခံရသူတဦးရဲ့ မိသားစုဝင်တဦးက ပြောပါတယ်။
“ဒီမနက်အစောကြီး ထောင်ဝင်စာပို့လုပ်တာ ထောင်ပြောင်းရွှေ့တဲ့ထဲ ပါသွားတယ်လို့ပြောတယ်။ ဘယ်ကို ပြောင်းရွှေ့မယ်ဆိုတာ အကြောင်းမကြားဘူး၊ ကျမတို့ကို အကြောင်းကြားသင့်တယ်။ ဘယ်ကို ပြောင်းရွှေ့တယ် ပြောသင့်တယ်။ အခု မိသားစုဝင်တွေ စိတ်ပူနေရတယ်။”
ပြီးခဲ့တဲ့ မတ် ၃ ရက်နေ့က မုံရွာအကျဉ်းထောင်တွင်း ဆန္ဒပြမှုဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် အကျဉ်းသား ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့ပါတယ်။
မုံရွာထောင်မှာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် အပါအဝင် မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်နဲ့ တခြားထင်ရှားတဲ့ နိုင်ငံရေးသမားတွေ အကျဉ်းကျနေတာဖြစ်ပြီး အခု ထောင်ပြောင်းရွှေတဲ့ထဲ ပါ၊ မပါ ဆိုတာတော့ မသိရသေးပါဘူး။