ရန်ကုန်တိုင်း၊ မြို့နယ်တချို့က ဆင်ခြေဖုံးရပ်ကွက်တွေရဲ့ လမ်းဘေးဆီဆိုင်တွေကို စစ်ကောင်စီတပ်တွေနဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ဖမ်းဆီးပြီး ငွေသိန်းနဲ့ချီ ဒဏ်ရိုက်တယ်လို့ ဆီရောင်းချသူတွေက ပြောပါတယ်။
အခုလစတင်ပြီး ရန်ကုန်မြို့ အစွန်အဖျား မြို့နယ်တွေက လမ်းဘေးဆီဆိုင်တွေကို စစ်တပ်နဲ့ မြို့နယ်အုပ်ချုပ်ရေးက ဖမ်းဆီးကာ ဒဏ်ငွေရိုက်ခဲ့တာလို့ ဒဂုံဆိပ်ကမ်းမှာ ဆီရောင်းချသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ဆီဆိုင်တွေကို သူတို့ ပိုက်ဆံလိုတဲ့အချိန် ဝင်ဖမ်းတယ်။ တရားမဝင်ဘူး၊ လိုင်စင်မရှိဘူး ဘာညာနဲ့ ဖြဲခြောက်ပြီး ထောင်မကျချင်၊ တရားမစွဲခံချင်ရင် ခြောက်သိန်းကနေ ရှစ်သိန်းထိ တောင်းတယ်။ တချို့လည်း မရှိမဲ့ရှိမဲ့နဲ့ လမ်းဘေးဆီဆိုင်ရောင်းရတာလေ။ သူတို့တောင်းသလောက် ဘယ်ရှိကြမလဲ။”
တောင်ဒဂုံမြို့နယ်မှာ အခုရက်ပိုင်းအတွင်း လမ်းဘေးဓာတ်ဆီဆိုင်တချို့ကို စစ်ကောင်စီတပ်နဲ့ ရဲတွေ ဝင်ရောက်ဖမ်းဆီးပြီး အရေးယူခဲ့တာရှိသလို ဒဏ်ငွေခြောက်သိန်းတောင်းပြီး ပြန်လွှတ်ပေးခဲ့သူတွေလည်း ရှိတယ်လို့ ဆီရောင်းချသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ဆိုင်တိုင်း ဖမ်းတာလားဆိုတော့ မဟုတ်ဘူး။ လမ်းကြုံလို့ ပိုက်ဆံရှာတဲ့အနေနဲ့ ဝင်ဝင်ဖမ်းသွားတာ။ အစောကြီးတည်းက ဆီဆိုင်ကြီးတွေကနေ တဆင့်ရောင်းတဲ့ လမ်းဘေးဆီဆိုင်တွေဆိုတာ လိုင်စင်တွေ ထုတ်ပေးထားတာမှ မရှိတာ။ ကြုံသလိုဝင်ဖမ်းပြီး ငွေညှစ်နေတော့ လမ်းဘေးဆီဆိုင်တွေလည်း အခုက ခိုးဖွင့်နေရတယ်။ အရင်လို ဆီဘူးတွေ ပေါ်ပေါ်ထင်ထင်ထားပြီး မဖွင့်ရဲတော့ဘူး။ မိရင် ခြောက်သိန်းလေ ဒဏ်ကြေးက။”
ဒီလိုဖမ်းဆီးမှုတွေကြောင့် လမ်းဘေးဆီဆိုင်ငယ်လေးတွေဟာ စစ်ကောင်စီတပ်နဲ့ ရဲကို ကြောက်ကာ အရောင်းခေတ္တရပ်ထားရတယ်လို့ လှိုင်သာယာမြို့နယ်မှာ ဆီရောင်းချသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“အခုဆို သတင်းတွေကလည်း ကြားထားတော့ ဆီသွားယူတဲ့အချိန် ဖမ်းမလား၊ ဆိုင်ကို လာဖမ်းမလား၊ အဲ့ဒါကိုတွေးပြီး ဆိုင်ကိုမဖွင့်ဖြစ်ဘူး။ စားဝတ်နေရေးအတွက် ခက်ခဲသွားတာပေါ့။”
ရန်ကုန်တိုင်း စည်ပင်နယ်နိမိတ်ပြင်ပက မြို့နယ်အများစုမှာ မော်တော်ဆိုင်ကယ်နဲ့ ဆိုင်ကယ်ဘေးတွဲ မောင်းနှင်ကြသူတွေ အများစုဟာ လမ်းဘေးဆီဆိုင်ငယ်လေးတွေဆီကနေ ဆီတဘူးချင်းစီ ဝယ်ယူကာ သွားလာနေကြတာပါ။
အဆိုပါဆီဆိုင်ငယ်တွေဟာ ဆီဆိုင်ကြီးတွေက ပန့်နဲ့ဝယ်ယူကာ ရေသန့်ဘူးတွေထဲ ခွဲထည့်ပြီး ပြန်လည်ရောင်းချနေကြတာ ဖြစ်ပါတယ်။
ဘေးတွဲဆိုက်ကားမောင်းသူတဦးက “လမ်းဘေးဆီဆိုင်တွေက မြို့တွင်းလိုမဟုတ်တဲ့ နေရာတွေမှာ အရေးပါတယ်၊ သူ့နေရာနဲ့သူတော့။ အလွယ်တကူ နည်းနည်းနဲ့ ဝယ်လို့ရတယ်။ ဆီဆိုင်ကြီးတွေအထိ သွားဖို့မလိုတော့ဘူးပေါ့။ ဆီဆိုင်ကြီးတွေကလည်း နေရာတိုင်း မရှိဘူးလေ။ ဟိုနားဒီနားသွားဖို့ဆို ဒီလို ဆီဆိုင်တွေမှာပဲ ဆီထည့်ကြတာပဲ” လို့ ပြောပါတယ်။
ရန်ကုန်တိုင်းအတွင်းရှိ လှိုင်သာယာ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း အပါအဝင် မြို့နယ်တချို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ ရဲတွေက လမ်းဘေးဆီဆိုင်ငယ်တချို့ကို ဖမ်းဆီးပြီး ငွေသိန်းနဲ့ချီ ဒဏ်ရိုက်ခဲ့ကာ ငွေကြေးမတက်နိုင်သူတွေကို ဖမ်းဆီးထောင်ချလေ့ရှိတယ်လို့ ဆီရောင်းချသူအသိုင်းအဝိုင်းက သိရပါတယ်။
ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ရီရှီဆူးနတ်ခ်ဟာ ကားထိုင်ခုံခါးပတ်မပတ်တဲ့အတွက် ဒဏ်ရိုက်ခံရပြီး ဒီဖြစ်ရပ်အတွက် တောင်းပန်လိုက်ပါတယ်။
ဗြိတိန်ဝန်ကြီးချုပ်ဟာ မောင်းနေတဲ့ကားပေါ်လိုက်ပါစီးနင်းနေတုန်း ကားထိုင်ခုံခါးပတ် ပတ်ထားတာမရှိတာကို ဇန်နဝါရီလ ၁၉ ရက် ဗီဒီယိုတစ်ခုထဲမှာ တွေ့ရပါတယ်။
ဗီဒီယိုကို ဆူးနက်ခ်ရဲ့ ကိုယ်ပိုင်လူမှုကွန်ရက်အကောင့်မှာ တင်ထားတာဖြစ်ပြီး ကား နောက်ဘက်ခြမ်းမှာထိုင်နေတဲ့ ဗြိတိန် ဝန်ကြီးချုပ်က နိုင်ငံ့စီးပွားရေးဆိုင်ရာ ဘတ်ဂျတ်အသုံးချပုံတွေကို ကင်မရာဘက်လှည့်ကာ ရှင်းပြနေတုန်း ထိုင်ခုံခါးပတ်ပတ်ထားမျိုး မတွေ့ရပါဘူး။
ဗြိတိန်အစိုးရဝက်ဘ်ဆိုဒ်ထဲမှာတော့ ထိုင်ခုံခါးပတ်မပတ်ရင် ဗြိတိန်ပေါင် ၅၀၀အထိ ဒဏ်ရိုက်ခံရနိုင်ပြီး ခရီးသည်နေရာမှာ လိုက်ပါစီးနင်းသူကတော့ ဗြိတိန်ပေါင် ၁၀၀ ဒဏ်ငွေသတ်မှတ်ထားပါတယ်။
ဒါကြောင့် ဒီအသက် ၄၂ အရွယ် ဝန်ကြီးချုပ်ဟာ ဒဏ်ကြေးအဖြစ် ဗြိတိန်ပေါင် ၁၀၀ ၀န်းကျင် ပေးဆောင်ရမှာဖြစ်ပါတယ်။
ဝန်ကြီးချုပ်ရုံးကတော့ ဒဏ်ကြေးပေးဆောင်မှာဖြစ်တဲ့အကြောင်းနဲ့ ခါးပတ်မပတ်တာဟာ မှားယွင်းတဲ့ လုပ်ရပ်ဖြစ်တယ်ဆိုတာ အပြည့်အဝလက်ခံတဲ့အကြောင်းနဲ့ ဒီကိစ္စအတွက် တောင်းပန်တဲ့ အကြောင်း ထုတ်ပြန်ထားပါတယ်။
ဗြိတိန်မှာ ပြီးခဲ့တဲ့ ၅ နှစ်တာ ကာလအတွင်း ယာဉ်ပေါ်မှာလိုက်ပါစီးနင်းသူတွေရဲ့ သေဆုံးမှု ၂၄ ရာခိုင်နှုန်းဟာ လုံခြုံရေးထိုင်ခုံခါးပတ် မပတ်တာကြောင့် ဖြစ်တယ်လို့ ၂၀၂၁ ခုနှစ်ကထုတ်ပြန်ခဲ့တဲ့ ဗြိတိန်အစိုးရအစီရင်ခံထဲမှာဖော်ပြထားပါတယ်။